ရိုးရာလက်ဖက် အရသာလေးကအသက်

နှုတ်မြိန်စာဆိုတာ အဓိကဟင်းပွဲတွေ၊ စားစရာတွေကို စောင့်ဆိုင်းနေချိန်အတွင်းမှာ စားလေ့ရှိကြတဲ့ သရေစာတစ်မျိုးပါပဲ။ ပြင်သစ်ယဉ်ကျေးမှုက စတင်ခဲ့တဲ့ ဒီဓလေ့ကို အမေရိကန်နဲ့ အင်္ဂလန်မှာ (၁၉၆၀) ခုနှစ်တွေမှာ စတင်ကျင့်သုံးလာကြပြီလို့ မှတ်တမ်းတွေအရ သိရပါတယ်။

နှုတ်မြိန်စာ(သို့) ခံတွင်းဖွင့်စာအဖြစ် ပေါ့ပေါ့ပါးပါးနဲ့ စားချင်စိတ်ကို နှိုးဆွပေးနိုင်တဲ့ အစေ့အဆန်တွေ၊ အာလူးချောင်း၊ အသုပ်နဲ့ စွတ်ပြုတ် စတာတွေကို အများအားဖြင့် စားလေ့ရှိကြပါတယ်။

"နှုတ်မြိန်စာဆိုတာ အစာစားချင်စိတ်ကို နှိုးဆွပေးပြီး ခံတွင်းလိုက်စေလို့ အဓိက  ဟင်းလျာတွေရောက်လာတဲ့အခါ  ပိုပြီးစားလို့မြိန်စေတာပေါ့ "

ဒီလိုအကျိုးကျေးဇူးတွေများပြီး လူကြိုက်များကြတဲ့နှုတ်မြိန်စာကို မြန်မာ့ကိုယ်ပိုင်ဟန်ဖြစ်အောင် ရိုးရာလက်ဖက်ကိုအသုံးပြုပြီး တန်ဖိုးမြှင့်ပြင်ဆင်ဖန်တီးနိုင်ပါတယ်။ လက်ဖက်ဆိုတာ လူတိုင်းနဲ့ ရင်းနှီးပြီးသား ရိုးရာသရေစာတစ်မျိုးပဲမဟုတ်လား။

အခုတခေါက်မှာတော့ အိမ်တိုင်းမှာရှိတဲ့ လက်ဖက်နဲ့ အခြားရိုးရှင်းတဲ့ ပါဝင်ပစ္စည်းတွေကိုသုံးပြီး အမြင်ဆန်း၊အဆင်မြင့်တဲ့ မြိန်စာ (၃) မျိုး ကိုဘယ်လိုဖန်တီးရမလဲဆိုတာ တဆင့်ချင်းသေချာလေးပြောပြပေးသွားမှာဖြစ်သလို၊ ဖန်တီးထားတဲ့ ဗီဒီယို ကိုလည်း အဆုံးမှာ ကြည့်လို့ပါတယ်။

ပါဝင်ပစ္စည်းနဲ့ ပြုလုပ်ပုံအဆင့်ဆင့်ကို အောက်မှာ ဆက်ဖတ်လိုက်ကြရ‌အောင်...

ပါဝင်ပစ္စည်းများ
နံနံပင်
လက်ဖက်
မရောနိစ်
ပုစွန်
ကြက်ဥ
ပူဒီနာ (ပူစီနံ)
ပေါင်မုန့်ချောင်း
ထမင်း
ထောပတ်သီး
ခရမ်းချဥ်သီး
ပန်းသီး

ဒါတွေရှိရုံနဲ့ အရသာရှိတဲ့ နှုတ်မြိန်စာတွေကို စားသောက်ဆိုင်တွေသွားစရာမလိုဘဲ အိမ်မှာ အရသာရှိရှိ ပြုလုပ်နိုင်ပါပြီ။

ပထမတစ်မျိုး

  • အရင်ဆုံး သန့်စင်ပြီးသား ပုစွန်ကို ဆား၊ ငရုတ်ကောင်းအနည်းငယ် ထည့်ပြီး အရသာသွင်းလိုက်ပါ။
  • ပြီးရင် အိုးထဲမှာ ထောပတ်ကိုထည့်၊ အပူပေးပြီး ထောပတ်ပျော်လာရင် ပုစွန်တွေကို အိုးထဲထည့်ပြီး အနီရောင်ပြောင်းလာတဲ့အထိ (၂) မိနစ်၊ (၃) မိနစ်လောက် ထားပေးနော်။
  • အရောင်ညီစေဖို့ ပုစွန် တစ်ကောင်ချင်းစီကို အထက်အောက်လှန်ပေးဖို့လည်း မေ့ပါနဲ့။
  • ပုစွန်ကိုကျက်ရင်တော့ ပေါင်မုန့်ချောင်းအလှည့်ရောက်ပါပြီ။ ပေါင်မုန့်ချောင်းကို လက်တစ်လုံးလောက် အထူလေးတွေ လှီးလိုက်ပါ။
  • စောနက ပုစွန်ကြော်ထားတဲ့ လက်ကျန်ထောပတ်နဲ့ပဲ ပေါင်မုန့်သားနဲနဲညို လာတဲ့အထိ အပူပေးလိုက်ပါ။ အကြာကြီးထားဖို့မလိုပါဘူး... အလွန်ဆုံး (၃) မိနစ်ပဲနော်။
  • နောက်တစ်ဆင့်ကတော့ ထောပတ်သီးကို အနှစ်ဖြစ်တဲ့အထိ ကြိတ်ချေမယ်။ ပြီးရင် မရောနိစ်နဲ့ လက်ဖက်နှပ်ကို ထည့်ပြီး သုံးမျိုးကို သမအောင်ရောမွှေမယ်။ ပန်းသီးကိုလည်း အတုံးသေးသေး လေးတွေ လှီးထားဖို့ မမေ့ပါနဲ့ဦး။

ဒီအဆင့်တွေပြီးသွားရင် ပေါင်မုန့်ပြားလေးတွေပေါ်မှာ စောနကပြင်ဆင်ထားတဲ့ သုံးမျိုးစပ်အနှစ်ကို ထည့်ပြီး အပေါ်ဆုံးကနေ ပုစွန်လေးတွေတင်မယ်၊ ပန်းသီးနဲ့ နံနံပင်လေးတွေထည့်ပြီး အလှဆင်လိုက် ရင်တော့ အပြင်အဆင်လှပပြီး အရသာကောင်းမွန်တဲ့ နှုတ်မြိန်စာတစ်မျိုးကို ပြင်ဆင်လို့ပြီးပြီပေါ့။


ဒုတိယတစ်မျိုး

  • ပထမဆုံးအနေနဲ့ ကြက်ဥပြုတ်လေးတွေကို အနှစ်နဲ့ အကာ ခွဲထုတ်လိုက်ပါ။ ပြီးရင် ကြက်ဥအနှစ်ကို လက်ဖက်နှပ်နဲ့ ရောမွှေမယ်၊ နောက်ပြီး မရောနိစ်လေးပါထပ်ပေါင်းထည့်လိုက်ပါ။
  • ခရမ်းချဥ်သီးအနည်းငယ်ကိုလည်း အတုံးလေးတွေဖြစ်အောင်တုံးထားဖို့လိုပါမယ်။ စောနက ဖယ် ထားတဲ့ ကြက်ဥအကာထဲကို အခုပြင်ဆင်ထားတဲ့ အနှစ်လေးတွေထည့်မယ်။ ခရမ်းချဥ်သီးနဲ့ ပူဒီနာ (ပူစီနံ)ကို Topping ထည့်ပြီး အလှဆင်လိုက်ပါ။
  • ကဲ အခုဆိုရင် ရိုးရှင်းပြီးအဆင့်အတန်းမြင့်တဲ့နှုတ်မြိန်စာကို မြန်မာ့ရိုးရာလက်ဖက်ကို သုံးပြီး လွယ်ကူ စွာ ပြုလုပ်နိုင်ပြီပေါ့။


တတိယတစ်မျိုး

ဒီ (၃) ခုမြောက်နှုတ်မြိန်စာလေးက အလွန်ကိုရိုးရှင်း လွယ် ကူပါတယ်။

  • အရင်ဆုံး ထမင်းကို ပဲငံပြာရည်အကြည်အနည်းငယ်၊ လက်ဖက်သင့်တင့်တဲ့ပမာဏနဲ့ သမအောင်နယ်လိုက် မယ်။
  • ပြီးရင် တကိုက်စာအရွယ်ထမင်းဆုပ်လေးဖြစ်အောင် လက်လေးနဲ့ဆုပ်ပေးလိုက်နော်။ 
  • လက်ဖက် ထမင်းဆုပ်လေးကို ကော်မှုန့်ကပ်၊ ကြက်ဥအနှစ်ထဲနှစ်၊ ပေါင်မုန့်ခြောက်ကပ်ပြီး ဆီပူပူထဲထည့်ကြော် လိုက်မယ်။ ပုံမှန်အိမ်မှာကြော်နေကျ အသားလုံးကြော်တွေလိုပါပဲ....ဘာမှမခက်ဘူးနော်။ 
  • လက်ဖက် ထမင်းလုံးလေးတွေ နီညိုရောင်သန်းလာတဲ့အခါ အိုးထဲကဆယ်ပြီး ဆီစစ်ထားပါ။ ဒီနေရာမှာ မီးဖိုချောင်သုံးတစ်ရှုး(သို့မဟုတ်) ဆီစုပ်တစ်ရှုးတွေကိုသုံးတာက ဆီတွေကို ပိုမိုစစ်ထုတ်ပေးနိုင်တာမို့ အခြားအကြော်အလှော်တွေအတွက်လည်း အသုံးပြုဖို့အကြံပေးချင်ပါတယ်။
  • ဒီခံတွင်းဖွင့်စာအတွက် နောက်ဆုံးပါဝင်ပစ္စည်းတစ်ခုကတော့ ခရမ်းချဥ်သီးပါ။ ခရမ်းချဥ်သီးကို အစေ့တွေထုတ်၊ သန့်စင်ပြီး နှစ်ခြမ်းလှီးထားလိုက်ပါ။ပြီးရင်တော့ ဟင်းပွဲကို လှလှလေးပြင်ဆင်ဖို့ အားလုံးအဆင်သင့်ဖြစ်နေပါပြီ။
  • ခရမ်းချဥ်သီးအခြမ်းလေးတွေထဲကို လက်ဖက်နှပ်နဲ့ ဖြည့်လိုက်ပြီး အပေါ်မှာ စောနကကြော်ပြီး ဆီစစ်ထားတဲ့ လက်ဖက်ထမင်းလုံးလေးတွေကို တင်လိုက်ပါ။ ပြုတ်မကျအောင် ဝါးသွားထိုးတံလေးနဲ့ ထိန်းပေးလိုက်ပြီးရင်တော့ အရသာရော၊ အပြင်အဆင်ပါ ပြည့်စုံတဲ့ (၃) ခုမြောက် နောက်ဆုံး နှုတ်မြိန်စာကို ရရှိမှာပဲဖြစ်ပါတယ်။

ဒီနေရာမှာ အကြံပေးချင်တာက အရည်အသွေးကောင်းတဲ့ နှပ်ပြီးသားလက်ဖက်တွေကို သုံးဖို့ပါ။ ဒါဆို ရင်တော့ လက်ဖက်ရဲ့ အရသာနဲ့ ကွာလတီအတွက် စိတ်ပူစရာမလိုတော့ဘူးပေါ့။ လတ်ဆတ်ကောင်း မွန်တဲ့ ပါဝင်ပစ္စည်းတွေကို အသုံးပြုခြင်းက အရသာရှိတဲ့ဟင်းပွဲတွေဖန်တီးနိုင်ဖို့ အခြေခံအချက်လည်းဖြစ်ပါတယ်။ 

ပြုလုပ်ပုံ၊ပြုလုပ်နည်း အဆင့်ဆင့်ကို ဗီဒီယိုမှာလည်းကြည့်နိုင်ပါတယ်။

အိမ်ရှင်မတို့ရော လက်ဖက်နဲ့ ဘယ်လိုစားစရာတွေ၊ ဟင်းပွဲတွေ ဖန်တီးချက်ပြုတ်လေ့ရှိလဲဆိုတာ အောက်မှာ မှတ်ချက်ပေးလို့ရပါမယ်။ ဒါမှမဟုတ် အခြားသိချင်တဲ့ ဟင်းပွဲတွေ ရှိရင်လည်းပြောပြပေးခဲ့ပါဦး။


Share

Comments

Anonymous

ပျော်ပါတယ်ရှင့်

Cho Cho Wai

လက်ဖက်ဆိုတာမြန်မာလူမျိုးတေရဲ့ဓလေ့ဖြစ်တဲ့သာရေးနာရေးလူမူရေးမှာဧည့်ဝတ်ကျေပွန်လှတဲ့စားစရာတမျိုးပါဘဲခုလိုလက်ဖက်နဲ့ဟင်းပွဲအမျိုးမျိုးဖန်တီးလို့ရပီဆိုတော့ပိုအကြိုက်တွေ့ပီပေါ့

Nway Nway

လက်ဖက်ဆို သုပ်စားတာကလွဲလို့မသိတဲ့ကိုယ် အခုတော့ လုပ်စားလို့ရတာ များကြီးရှိပါလား လိုက်ပီးလုပ်စားဖို့ Ss တွေရိုက်ထားပီး အကုန်စားချင်စရာတွေ လက်ဖက်ကတအိမ်လုံးကြိုက်တော့ အသစ်အဆန်းလေး ုပ်ကျွေးရင် ကြိုက်ကြမှာ ကျေးဇူးပါ