ဆောင်းရာသီကို အလှဆင်ပေးနေတဲ့ ပန်းလေးတွေအကြောင်း

Posted in လူမှုဘဝ, ဖျော်ဖြေရေး


“ပန်းတို့သည် ဘယ်သူမှ ဘယ်အရပ်ကလာသည် မသိ။ အစုလိုက် အစုလိုက် ရုတ်ခြည်းထွက်လာ၍ မြက်ခင်းပေါ် တွင် အပျော်ကြီးပျော်စွာ က,ကြ၏။”  

ဒီစာသားတွေက ရာဘင်ဒြာနသ်တဂိုးရေးသားပြီး မောင်ဖြူး မြန်မာဘာသာပြန်တဲ့ “ဆန်းစ‌သော်တာ” ကဗျာများမှ ကောက် နှုတ်ချက် တပိုင်းတစ ဖြစ်ပါတယ်။ ဆောင်းတွင်းအခါမှာ သဇင်၊ သစ်ခွကစ နှင်းပန်း၊ မေမြို့ပန်း၊ နှင်းဆီရောင်စုံတွေအထိ ပန်းအမျိုးမျိုး ဖောဖောသီသီ ပွင့်လာကြ၊ ရောင်းချလာကြပါတယ်။ ဆောင်းရာသီမှာ ပန်းများစွာ ပွင့်လန်းလာကြတဲ့ထဲမှ ပန်းအလှလေး တချို့အကြောင်း ရွေးချယ်ဖော်ပြလိုက်ပါတယ်။

(၁) တောင်နေကြာ (သို့) နေကြာရိုင်း 

တောင်နေကြာတွေ စပွင့်တာ မြင်ရပြီဆို မိုးကုန်လို့ ဆောင်းဝင်ပြီ၊ မကြာခင် အေးလာတော့မယ်ဆိုတဲ့ အမှတ်သင်္ကေတပါပဲ။ ဒီအပွင့်ဝါ နေကြာတွေက အလေ့ကျပေါက်တာဖြစ်လို့ တောနေကြာ၊ နေကြာရိုင်းလို့ ဒေသခံတွေကခေါ်တတ်ကြပြီး  တောင် ပေါ်ဒေသမှာပဲအတွေ့များတာမို့ တောင်နေကြာလို့ ခေါ်ရင်လည်း မမှားပါဘူး။ ပင်ပျော့ခြုံ အမျိုးအစား လှပပြီး အကြမ်းခံတဲ့ တောင်နေကြာတွေက အပွင့်ထောင်ချီပွင့်တာမို့ သူပွင့်တဲ့ရာသီဆို ပတ်ဝန်းကျင်တစ်ခုလုံး အဝါရောင်တွေနဲ့ လွှမ်းခြုံနေ တာ ပေါ့။ ဆောင်းတွင်းမှာ ရှမ်းပြည်ဘက်ကို ခရီးသွားတဲ့အခါ လမ်းဘေးဝဲယာတလျောက်တွေ့ရတဲ့  တောင်နေကြာပွင့် ဝါဝါ တွေက တောင်ပေါ်ဒေသရဲ့ ဂုဏ်ယူစရာ သဘာဝအလှတစ်ခုဖြစ်လို့ ချိုးဖဲ့တာမျိုးမလုပ်မိဖို့ သတိပြုစေချင်ပါတယ်။

သန်မာတဲ့ တောင်နေကြာတွေဟာ ယုံကြည်မှု၊ သစ္စာရှိမှုနဲ့ ချစ်မေတ္တာကို ကိုယ်စားပြုတဲ့ အဝါရောင်ပျော်ရွှင်ခြင်းတွေ လို့ ဆိုကြပါတယ်။

(၂) ဆောင်တော်ကူးပန်း 

ဆောင်းရောက်လို့ အအေးပိုလာပြီဆိုရင် မြူမှုန်တွေနဲ့အပြိုင် ဖွေးဖွေးလှုပ်လှုပ် အဆုပ်အဆုပ် ပွင့်လေ့ရှိတဲ့ ပန်းကတော့ ဆောင်တော်ကူးပန်းပါ။ သဇင်လိုလှတဲ့ ပန်းမို့ တချို့ဒေသတွေမှာ ဂေါ်သဇင်လို့လည်း ခေါ်တတ်ကြပြီး သဇင်ထက် သာတဲ့ အချက်ကတော့ ရနံ့သင်းပျံ့နေတာပါပဲ။ သစ်မာ နွယ်အမျိုးအစားဖြစ်တာကြောင့် စင်တင်ထားရင် စင်ပေါ်မှာဖြစ်စေ အပင် ကြီး တစ်ပင်မှာ နွယ်ပြီး ဖြစ်စေ အရွက်မမြင်ရတဲ့အထိ ဝေနေအောင်ပွင့်လို့ ကိုယ့်အိမ်မှာ ဆောင်တော်ကူးတစ်ရုံ ရှိတယ် ဆိုရင် ဆောင်းလေ အေး အေးမှာ ပန်းနံ့မွှေးမွှေးနဲ့ ကြည်နူးစရာပါ။ ဆောင်တော်ကူးကို အညာကျေးလက် တောရွာတွေမှာ အများအားဖြင့် တွေ့ရလေ့ ရှိပြီး အခုနောက်ပိုင်း ပျိုးပင်ခြံတွေမှာ စိုက်ပျိုးရောင်းချလာကြတာ တွေ့ရပါတယ်။

မွှေးပျံ့တဲ့ ဆောင်တော်ကူးတွေရဲ့ အဓိပ္ပါယ်ကိုတော့ အရူးအမူးအချစ်လို့ အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။

(၃) ခွာညိုပန်း 

ပြာသိုလရဲ့ ရာသီပန်းလည်း ဖြစ်တဲ့ ခွာညိုပန်းက ဆောင်းအခါမှာ တပင်လုံးဝေနေအောင်ပွင့်ပြီး ရနံ့လည်း မွှေးလှတဲ့ နွယ် ပန်း တစ်မျိုးပါ။ နှစ်ရှည်ခံ သစ်မာနွယ်ဖြစ်တာကြောင့် ခြံစည်းရိုးနဲ့ နံရံတွေမှာ နွယ်တက်ပြီး ပွင့်နေတတ်တဲ့ ခွာညိုကို တန်ဖိုးမမြင့်မားပေမယ့် ထူးခြားတဲ့ အရောင်အသွေး၊ မွှေးပျံ့တဲ့ ရနံ့တို့ကြောင့် လူတိုင်းကြိုက်ကြပါတယ်။ ခွာညိုပန်းက အဆင့်နိမ့်တဲ့ မျိုးရင်းဖြစ်တာကြောင့် ပန်းမှာပါတဲ့ ခရမ်းရောင် အဖတ်လေးတွေက တကယ်တော့ ပွင့်ဖတ်မဟုတ်ဘဲ ပွင့်ရွက်ကလေးတွေသာ ဖြစ်တယ်လို့ သိရပါတယ်။ ခရမ်းရောင် ပွင့်ရွက်လေးတွေပေါ်မှာ အဖြူရောင်ဝတ်ဆံဖို ရှည် ရှည်လေးတွေနဲ့ ပန်းခွာညိုက ဆောင်းရဲ့ အလှကို ပို ပြည့်စုံ သွား စေတာပါ။

လှပတဲ့ စိတ်နှလုံးနဲ့ ထက်မြက်တဲ့ဉာဏ်ရည်လို့ ဖွင့်ဆိုနိုင်တဲ့ ခွာညိုပန်းတွေလှိုင်လှိုင်ပေါမယ့် ဆောင်းမနက်ခင်းတွေ ရောက် ရှိလာတော့မှာပါ။ 

(၄) Cosmos (သို့ ) စိန်ခြယ်ပန်း 

ဆောင်းရာသီရောက်မှ အပြိုင်းအယိုင်းပွင့်ကြတဲ့ ပန်းတွေထဲမှာ စိန်ခြယ်ပန်းလည်း ပါပါတယ်။ စိန်ခြယ်ပန်း၊ ဒင်္ဂါးပန်း၊ ကြယ် ပန်း ရယ်လို့ နာမည်စုံခေါ်ကြတဲ့ ဒီပန်းလေးတွေက ဆောင်းတွင်းတစ်တွင်းလုံးနီးပါး မနားတမ်းပွင့်တတ်ပါတယ်။ ပွင့် ချပ်တစ်ထပ်တည်းရှိတဲ့ အရိုင်းပင်လေးတွေအဖြစ် အခင်းလိုက်ကြီး တွေ့ရတတ်ပြီး ရနံ့သင်းသင်းနဲ့ ကြည်ကြည်စင်စင် လှ တဲ့ သူ့ပုံစံ ကြောင့် နောက်ပိုင်းမှာ အလှစိုက်ပန်းအဖြစ် စိုက်ပျိုးလာကြပါတယ်။ စိန်ခြယ်ပန်းတွေကို ပန်းရောင်၊ အဖြူရောင်၊ အနီရောင် ရောင်စုံတွေ့ရပြီး အဝါရောင် စိန်ခြယ်တွေကတော့ အတွေ့ရများဆုံး ဖြစ်ပါတယ်။ တချို့ဒေသတွေမှာ စိန်ခြယ်ပန်း ကို အသုပ်သုပ်စားကြသလို လက်ဖက်ရည်လို Herbal tea လည်း လုပ်သောက်တတ်ကြပါသေးတယ်။

စိန်ခြယ်ပန်းလေးတွေကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြပြီး နွေးထွေးကောင်းမွန်မှုနဲ့ အပြစ်ကင်းစင်မှုကို ကိုယ်စားပြုတဲ့ ပန်းလေးတွေ ဖြစ်ပါတယ်။

(၅) ဆောင်းစံပယ် 

ဆောင်းစံပယ်ဆိုတာ ဆောင်းရာသီမှာပွင့်တဲ့ ပွင့်ချပ်တစ်ထပ်တည်းနဲ့ တောစံပယ်အမျိုးအစားဖြစ်ပါတယ်။ ပွင့်ရင် တစ်ပင် လုံး ဖွေးဖွေးလှုပ်အောင်ပွင့်ပြီး မြို့စံပယ်၊ အိုးပုတ်စံပယ်တွေလောက် ရနံ့မမွှေးပေမယ့် ခပ်သင်းသင်း ဖျော့တော့တော့ သူ့ရနံ့ လေးက ဆောင်းလေအဝှေ့မှာ ပါလာတတ်ပါတယ်။ သူ့အပင်က အိမ်မှာစိုက်တဲ့ စံပယ်တွေလိုပဲ နှစ်ရှည်အမြဲစိမ်းခြုံပင် ဖြစ် ပြီး တခိုင်တခိုင်မှာ အပွင့်သေးလေး ၂၀ ခန့် စုပြုံပွင့်တတ်တဲ့ ပန်းမျိုးပါ။ အိမ်မှာ တကူးတကစိုက်လေ့ရှိတဲ့ ပန်းမျိုးမဟုတ်ဘဲ သဘာဝအတိုင်း အလေ့ကျပေါက်တတ်တဲ့ သဘာဝရဲ့  အရိုင်းစံပယ်လေးတွေက ဆောင်းရဲ့ သရုပ်ကို ပိုပီပြင်စေမှာပါ။

ခူးလိုက်ရင် ခဏအတွင်းနွမ်းသွားတတ်လို့ အပင်ပေါ်မှာပဲ တန်ဖိုးထား အလှကြည့်ရမယ့် ဒီပန်းလေးကိုတော့ ရိုးရှင်း ငြိမ်းအေးတဲ့ ချစ်ခြင်းမေတ္တာလို့ အဓိပ္ပါယ်ဖွင့်ဆိုချင်ပါတယ်။

အခုဖော်ပြခဲ့တာတွေအပြင် ဆောင်းရာသီမှာပွင့်တဲ့ အခြားသော ပန်းတွေလည်း များစွာရှိပါသေးတယ်။ ပန်းတွေဆိုတာ ဒီမြေကမ္ဘာရဲ့ အလှပဆုံးလက်ဆောင်မွန်ထဲက တစ်ခုပါ။ ငွေကြေးအားဖြင့် တန်ဖိုးကြီးသည်ဖြစ်စေ တန်ဖိုးနည်းသည် ဖြစ် စေ၊ ရှားပါးသည်ဖြစ်စေ ပေါများသည်ဖြစ်စေ၊ ရနံ့မွှေးသည်ဖြစ်စေ ရနံ့ကင်းသည် ဖြစ်စေ လူတွေရဲ့ နှလုံးသားကို အကြည် ဓာတ်လေး ပေးစွမ်းနိုင်ပါတယ်။ ဒီဆောင်းမှာ ပွင့်နေတဲ့၊ ပွင့်လာမယ့် ပန်းပေါင်းများစွာနဲ့ စိတ်လက်ကြည်သာတဲ့ အခိုက်အတန့်များစွာကို ဖြတ်သန်းနိုင်ကြပါစေနော်။


Share

Comments

Related Posts