ချစ်ရသူအတွက် ချိစ်ကိတ်ကိုယ်တိုင်လုပ်ကြမယ်

Posted in အစားအစာ


ကိုယ်ချစ်ရတဲ့သူတွေအတွက်ဆိုရင် အလွယ်တကူ ဝယ်လို့ရနေတဲ့ ပစ္စည်းတွေကိုတောင် ကိုယ်တိုင် ဖန်တီးပေး ချင်ကြတာ ချစ်တတ်သူတိုင်းပါပဲ။ လက်ခံရရှိသူအဖို့လည်း သူရလိုက်တာ ပစ္စည်းတစ်ခုဆိုတာထက် ပေးတဲ့သူရဲ့ ချစ်ခြင်းမေတ္တာကိုပြသတဲ့ ကြားခံနယ်တစ်ခုလို့ ပိုတန်ဖိုးထား၊ ခံစားကြရမှာပါ။ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ လက် လုပ်ပစ္စည်းတွေ အများကြီးထဲကမှ Cake & Dessert တွေကလည်း ရွေးချယ်မှုကောင်းတစ်ခုပါပဲ။ ဒီနေ့မှာတော့ အထူးနေ့ရက်တွေ၊ အမှတ်တရ အချိန်အခါတွေမှာသာမက ကိုယ့်ချစ်ခြင်းတွေကို ထုတ်ဖော်ပြသချင်တဲ့ အချိန် တိုင်းမှာ ကြားခံတစ်ခု အဖြစ်သုံးနိုင်ဖို့ Oven မလိုတဲ့ ချိစ်ကိတ် (Cheese Cake) ပြုလုပ်နည်း (၅) သွယ်ကို ဖော်ပြလိုက်ပါတယ်။

(၁) Classic No-Bake Cheesecake

Oven မလိုတဲ့ ဒီ Cheesecake ပြုလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို ကြည့်လိုက်ကြရအောင်။

ပါဝင်ပစ္စည်းများ

· Cracker တစ်ထုပ်

· ဆားမပါတဲ့ ထောပတ် ခွက်တစ်ဝက် (unsalted butter)

· ခရင်မ်ချိစ် (cream cheese) ပေါင်ဝက်

· သကြားမှုန့် (၁) ခွက်

· Heavy Cram (၁) ခွက်

· Vanilla အဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း

အရင်ဆုံး Cracker ကို အမှုန့်ဖြစ်သွားအောင် ခြေပါ။ ထောပတ်ကိုလည်း ပျော်သွားအောင် အပူပေးပါ။ ဇလုံ တစ်ခုထဲကို Cracker မှုန့်၊ ထောပတ်နဲ့ သကြားထည့်ပြီး သမသွားအောင် မွှေပါ။ သမသွားပြီဆိုရင် မုန့်ဖုတ် ပုံစံခွက်ထဲကို ဖိထည့်ပေးပြီး ရေခဲသေတ္တာထဲထည့် အအေးခံပါ။ နောက်ထပ်ဇလုံတစ်လုံးထဲမှာ ခရင်မ်ချိစ်ကို ပွပြီး အမြှုပ်ထ လာတဲ့အထိ မွှေပါ။ ပွပွလေးဖြစ်လာပြီဆိုရင် သကြားမှုန့်နဲ့ vanilla ထည့်ပြီး ထပ်မွှေပါ။ Heavy Cream ကိုလည်း ပျစ်လာတဲ့အထိ မွှေပြီးရင် ရှေ့ကမွှေထားတဲ့ ခရင်မ်ချိစ်နဲ့ ပြန်ရော မွှေပါ။ ပြီးရင် စောနက အအေးခံထားတဲ့ မုန့်ဖုတ်ခွက်ထဲကိုထည့်၊ မျက်နှာပြင်ညီညာသွားအောင် ညှိပေးပြီး ကိတ်ခဲသွားတဲ့အထိ ရေခဲသေတ္တာထဲမှာ ၆ နာရီကနေ ၈ နာရီ ကြာအောင် ထားပေးပြီးရင်တော့ စားဖို့ အသင့်အနေအထားရပါပြီ။ သစ်သီးလေးတွေ၊ ချောကလက်၊ ခရင်မ်၊ သကြားရည် စတာတွေနဲ့ ကိုယ့်စိတ်ကြိုက် ပုံဖော်တာ၊ ကိတ်ပေါ်မှာ စာတန်းဖော်တာ အစရှိသဖြင့် လုပ်လို့ရပါသေးတယ်။

(၂) Oreo No-Bake Cheesecake

ကိုယ့်အိမ်မှာရှိနေတဲ့ Oreo ကွက်ကီးကို ဒီတိုင်းစားရတာ ပျင်းနေပြီဆိုရင် ဒီလို ကိတ်လေး ပြုလုပ်နိုင်ပါတယ်။ ပါဝင်ပစ္စည်းတွေက Classic Cheesecake အတွက်သုံးတဲ့ ပစ္စည်းတွေနဲ့ အတူတူပါပဲ။ Cracker နေရာမှာ Oreo Cookie တွေပဲ ပြောင်းသွားတာပါ။ ထောပတ်နဲ့ ကွက်ကီးကိုရောမွှေတာ၊ ခရင်မ်တွေကို အပွရိုက်တာ စတဲ့ အဆင့်ဆင့် တွေလည်း အတူတူပဲမို့ Classic Cheesecake လုပ်ပြီးသွားရင် Oreo Cheesecake လည်း လုပ် တတ်သွားမှာ အသေချာပါပဲ။ Oreo Cheesecake မှာ Topping အတွက် ချောကလက် အမျှင်လေးတွေနဲ့ ကွက်ကီးတွေကို အသုံးပြုနိုင်ပါတယ်။ အိမ်မှာ မြင်နေကျ ကွက်ကီးတွေကို အသွင်ပြောင်းထားတဲ့ ကိတ်မုန့်မို့ နွေးထွေးမှုနဲ့ အမြင်ဆန်းမှုကို တစ်ပြိုင်တည်း ခံစားနိုင်မှာပါ။

(၃) Chocolate No-Baked Cheesecake

မုန့်ဖုတ်စက်မလိုတဲ့ ချိစ်ကိတ်တွေရဲ့ အခြေခံပစ္စည်းတွေ၊ ပြုလုပ်ပုံတွေက အတူတူပဲမို့ Chocolate Cake အတွက် အဓိကပြောင်းသွားမယ့် ပါဝင်ပစ္စည်းက ချောကလက် ကွက်ကီးတွေပါ။ ချောကလက်ကွက်ကီးတွေကို ကြေအောင်ချေ၊ ထောပတ်၊ သကြားနဲ့ မွှေ စတဲ့ လုပ်သွားရမယ့် အဆင့်ဆင့်တွေအတိုင်း ပြုလုပ်သွားရုံပါပဲ။ Chocolate No-Baked Cheesecake မှာ ချောကလက်ရဲ့ ခါးသက်သက်အရသာကို လတ်ဆတ်တဲ့ အသီး Topping လေးနဲ့ ပြန်ညှိယူဖို့ အကြံပေးချင်ပါတယ်။ ချောကလက်ကို ယေဘုယျအားဖြင့် လူနှစ်ယောက်ကြားက ခံစားချက်ကောင်းတွေကို ဖော်ပြဖို့အသုံးပြုတတ်ကြလို့ ဒီကိတ်လေးကနေတဆင့် ရိုးရှင်းတဲ့ ချစ်ခြင်းကို ပြသနိုင် ပါတယ်။

(၄) Strawberry Swirl No-Bake Cheesecake

စတော်ဘယ်ရီအရသာ ချိုချိုချဥ်ချဥ်လေးကို ချိစ်ကိတ်ထဲ ပေါင်းထည့်လိုက်တဲ့အခါ အရသာနှစ်ခုပေါင်းစပ်ပြီး ပိုမို ကောင်းမွန်သွားစေပါတယ်။ Strawberry Swirl No-Bake Cheesecake လေး ပြုလုပ်မယ်ဆိုရင်တော့ Classic Cheesecake ရဲ့ ပါဝင်ပစ္စည်းတွေအပြင် လတ်လတ်ဆတ်ဆတ် စတော်ဘယ်ရီယို လိုအပ်ပါတယ်။ ကိတ်ကို ပုံမှန်အဆင့်တွေအတိုင်း ပြုလုပ်ပြီးပြီဆိုရင် စ‌တော်ဘယ်ရီယိုကို ပျော်သွားအောင် အပူပေးပြီး ဇွန်းအပြည့်တစ်ဇွန်း ကိတ်ပေါ်ကို တင်လိုက်ပါ။ စတော်ဘယ်ရီယိုကို ကိတ်မျက်နှာပြင်အနှံ့ အကွက်ကွက်လေး ပုံပေါ်သွားအောင် ဓားလေးနဲ့ ဖြည်းဖြည်းချင်းဆွဲမွှေပေးပါ။ ပြီးရင် ထုံးစံအတိုင်း ရေခဲသေတ္တာထဲမှာ (၆) နာရီ ကြာအောင် အအေးခံပြီးနောက် စားသုံးနိုင်ပါပြီ။ လတ်လတ်ဆတ်ဆတ် စတော်ဘယ်ရီသီး၊ စတော်ဘယ်ရီယို၊ ခရင်မ်နဲ့ ပူဒီနာ စတာတွေနဲ့ Topping လှလှလေး ပြုလုပ်နိုင်ပါသေးတယ်။

(၅) Lemon No-Bake Cheesecake

လတ်ဆတ်တဲ့ လီမွန်နံ့မွှေးမွှေးလေးနဲ့ ချိစ်ကိတ်လေးက လေညှင်းတိုက်နေတဲ့ နေ့လယ်ခင်းနဲ့ အလွန် လိုက် ဖက်တဲ့ အချိုပွဲ တစ်ခုပါပဲ။ လီမွန်ချိစ်ကိတ်ပြုလုပ်ဖို့ဆိုရင် No-bake cheesecake တွေရဲ့ အခြေခံပါဝင်ပစ္စည်းတွေအပြင် အရည်ရွှမ်းတဲ့ သံပရိုသီး(၂)လုံးပဲ ထပ်လိုပါတယ်။ ထုံးစံအတိုင်း cracker မှုန့်၊ ထောပတ်နဲ့ သကြားကို ရောမွှေ၊ မုန့်ဖုတ်ခွက်ထဲ ဖိထည့်ပါမယ်။ ခရင်မ်ချိစ်ကို အပွရိုက်ပြီး သကြား၊ vanilla အပြင် သံပရိုရည်ညှစ်ထည့်တာ ကွဲပြားသွားပါမယ်။ ကျန်တဲ့ အဆင့်တွေကတော့ အတူတူပါပဲ။ သံပရိုရဲ့ အချဥ်ဓာတ်က ချိစ်ကိတ်ကို အအီပြေစေလို့ စားနေကျထက် နဲနဲလောက် ပိုစားမိသွားမှာနော်။ ဒီကိတ်ကို သံပရိုခြမ်း ပါးပါးလေးတွေ၊ သံပရိုခွံ အမျှင်လေးတွေ၊ ပူဒီနာ စတဲ့ Topping လေးတွေနဲ့ အလှဆင်နိုင်ပါတယ်။

ချိစ်ကိတ်တွေရဲ့ ပြုလုပ်ရတဲ့ အခြေခံအဆင့်ဆင့်တွေက အတူတူနီးပါးပဲဆိုပေမယ့် တစ်ခုချင်းစီ အတွက် မတူညီတဲ့ အနံ့တွေ၊ အရသာတွေထည့်သွင်း အသုံးပြုချင်းက ကိတ်အမျိုးအစားတစ်ခုချင်းစီရဲ့ ကိုယ်ပိုင် Style ကို ဖြစ်ပေါ်စေပါတယ်။ ကိုယ်စိတ်ကူးဉာဏ်ကွန့်မြူးတဲ့အတိုင်း ကိတ်ကို အလှဆင်ခြင်းအားဖြင့် ချစ်ရ သူတွေအတွက် နှစ်ခုမရှိတဲ့ No-Bake Cheese Cake လေးတွေ ဖန်တီးပြီး အချိန်ကောင်းလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော် ...


Share

Comments

Phyo

Chocolate No-Bake Cheesecakeလေးလုပ်ဖို့ စိတ်ကူးပေါ်လာမိတယ် အစားသောက်တွေ ဖန်တီးပြီး ကိုယ်ချစ်ရတဲ့ မိသားစု ချစ်ရသူတွေကို လုပ်ကျွေးရတာ အရမ်းပျော်တယ်. ဆိုရိုးလေး တစ်ခုတောင်ရှိသေးတယ်လေ "အစားကောင်းစားနေချိန် ကိုယ်ချစ်ရတဲ့သူကို သတိရတတ်ကြတယ်တဲ့" အဲလိုပဲပေါ့လေ

Thiri Mon

လွယ်ကူရိုးရှင်းတဲ့ အချက်‌ေလး‌ေတွ‌ေကြာင့် သေချာ‌ေလး လိုက်လုပ်နိုင်ခဲ့ပီးကိုယ်တိုင်လုပ်တဲ့ လက်ရာ ကို ချစ်ရသူနဲ့ဝေမျှခွင့်ရတာလည်း ပျော်ရွှင်ရတဲ့ အခိုက်အတန့်တစ်ခုပါဘဲ ၊

Harrisionmccrucker

အစာသောက်တွေလုပ်ရသာလည်းစိတ်ဝင်စားတယ်။လွယ်ကူပီးရိုးရှင်းသာလေ့တွေကိုလည်းအမြဲလေ့လာနေပါတယ်ပီးတော့အခုချိန်ကအရာရုစျေးကြီးနေတဲ့ချိန်ဆိုတော့ကိုယ်တိုင်စားချင်တာလုပ်စားဖိုလေ့လာပီးအမြဲလုပ်စားဖြစ်ပါတယ်။လုပ်စားငမျှလည်းအိမ်ကမိသားစုတွေနဲ့အမြဲမျှဝေလေ့ရှိပါတယ်။

Related Posts