သက်လတ်ပိုင်းအရွယ် ဘဝစိန်ခေါ်မှုများကို ကျော်ဖြတ်ခြင်း

Posted in ကျန်းမာရေး, စိတ်ကျန်းမာရေး


ဘဝရဲ့ သက်လတ်ပိုင်းကို ရောက်လာပြီဆိုရင်တော့ အပြောင်းအလဲတွေ ဖြစ်ဖို့အတွက်တင်မဟုတ်ဘဲ မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ဖို့အတွက် အချိန်ရောက်လာတာပါ။ တစ်ချို့လူတွေအတွက်ကတော့ လူတစ်ယောက်က အဲ့ဒီအရွယ်ရောက်ပြီဆိုရင်တော့ သက်လတ်ပိုင်း စိတ်ဖိစီးမှုကို ရလာနိုင်ပြီး စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားချက်တွေကိုပါ အပြောင်းအလဲတွေ သက်ရောက်မှုရှိနိုင်မယ့် အချိန်ကာလတစ်ခုဖြစ်ပါတယ်။

သက်လတ်ပိုင်း စိတ်ဖိစီးမှုရဲ့ လက္ခဏာတွေကတော့ ဘယ်အရာကိုမဆို အလိုမကျဖြစ်နေတာ၊ နားနားနေနေ နေလို့မရတာ၊ အပြောင်းအလဲတစ်ခုခုကို အမြဲလုပ်ချင်နေတာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် အခု သက်လတ်ပိုင်းစိတ်ဖိစီးမှုရဲ့ လက္ခဏာတွေအကြောင်းနဲ့ ဒီလိုခက်ခဲတဲ့အချိန်ကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖြတ်ကျော်ရမလဲဆိုတာကို အသေးစိတ်ပြောပြပေးသွားပါမယ်။

ရောဂါလက္ခဏာတွေကို သတိထားမိခြင်း 

သက်လတ်ပိုင်းစိတ်ဖိစီးမှု (Midlife Crisis)က ဖြစ်လာတဲ့ နောက်ဆက်တွဲလက္ခဏာတွေရဲ့ သက်ရောက်မှုတွေကို မိမိကိုယ်တိုင် လက်ခံနိုင်ခြင်းက သက်လတ်ပိုင်းစိတ်ဖိစီးမှု (Midlife Crisis) ကို ကျော်လွှားဖို့ အတွက် ပထမအဆင့်ဖြစ်ပါတယ်။ သိသာပြီး အဖြစ်များတဲ့ အချက်တွေကတော့ ကိုယ့်ဘဝနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို မေးခွန်းတွေပြန်ထုတ်တာမျိုး၊ အပြောင်းအလဲတစ်ခုခုကို စိတ်က ချက်ချင်းလုပ်ချင်နေတာမျိုး၊ စိတ်ပိုင်းဆိုင်ရာ ကျေနပ်အားရမှုမရှိတာမျိုး၊ Relationship ပြဿနာတွေ၊ မကြာခဏ စိတ်အတက်အကျမြန်တာမျိုးနဲ့ အသက်ကြီးလာတာနဲ့ သေဆုံးခြင်းကို မကြာခဏတွေးမိပြီး ကြိုစိတ်ပူကြောက်လန့်နေတာမျိုး ဖြစ်လာတတ်ပါတယ်။ 

ဒီလက္ခဏာတွေကို ခံစားနေရပြီဆိုတိုင်းလည်း သက်လတ်ပိုင်းစိတ်ဖိစီးမှုကို ခံစားနေရတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလက္ခဏာမျိုးတွေ ဖြစ်တတ်တယ်ဆိုပြီး နားလည်သဘောပေါက်ထားတာက ကိုယ့်ရဲ့ ပြဿနာတွေအတွက် အကြံဉာဏ်ဖြေရှင်းချက်တွေ ရနိုင်ပြီး အပြုသဘောဆောင်တဲ့ ဖြေရှင်းနည်းတွေကိုလည်း စပြီး စဉ်းစားနိုင်မှာဖြစ်ပါတယ်။

လက်တွေ့ကျတဲ့ ဖြေရှင်းနည်းများ 

တကယ်လို့ ကိုယ်က ဒီလက္ခဏာတွေကို ခံစားနေပြီဆိုရင်တော့ ကိုယ်ဘယ်လိုဖြစ်နေတယ်ဆိုတာကို ကိုယ်ယုံကြည်ရတဲ့ လူတစ်ယောက်ယောက်ကို ပြောပြလိုက်ဖို့က အရေးကြီးပါတယ်။ ဒါ့အပြင် ဒီလိုသက်လတ်ပိုင်း စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လက်တွေ့ကြတဲ့ ဖြေရှင်းနည်းတွေကို ပြောပြပေးချင်ပါတယ်။ 

ကိုယ်ခံစားနေရတဲ့ စိတ်ဖိစီးမှု ဘာလို့ဖြစ်နေရတာလဲဆိုတဲ့ အချက်ကို စစ်ဆေးပါ 

ကိုယ့်ဘဝကြီးနဲ့ ပတ်သက်ပြီး ဘာကို စိတ်မကျေမနပ်ဖြစ်နေတာလဲဆိုတာကို ပြန်ပြီး သုံးသပ်ကြည့်ပါ။ အကျိုးရှိလို့ အကြောင်းရှိလာတာဖြစ်တဲ့အတွက် ကိုယ့်အတွက် ဒီအချက်ကိုသိရင် ပိုပြီး လွယ်ကူစေမှာပါ။ 

အပြောင်းအလဲကို လက်ခံလိုက်ပါ

ကိုယ့်ရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပင်ပန်းနွမ်းနယ်နေတာတွေက ကိုယ်အကောင်းဆုံးဖြတ်သန်းခဲ့တဲ့နှစ်တွေကို ပြန်မရနိုင်တော့ဘူးလို့ တွေးမိရာကနေ စနိုင်ပါတယ်။ ကိုယ့်အခြေအနေကိုယ် ပြန်ကြည့်ပြီး ကိုယ်ဘယ်လိုပြောင်းလဲလို့ရမလဲ၊ ဘယ်အရာက ကိုယ့်ကို တကယ်ပျော်ရွှင်စေသလဲဆိုတာ ဆန်းစစ်ကြည့်သင့်ပါတယ်။ 

စိတ်ကို အေးချမ်းနေအောင် လေ့ကျင့်ပါ

သက်လတ်ပိုင်းစိတ်ဖိစီးမှုကို အရမ်းဆိုးဆိုးရွားရွားခံစားနေရပြီဆိုရင်တော့ စိတ်ကြည်လင်မှုနဲ့ အာရုံစိုက်နိုင်မှုကို လေ့ကျင့်ဖို့နဲ့ စိတ်တည်ငြိမ်အေးချမ်းဖို့ လေ့ကျင့်ပါ။ စိတ်ဖိစီးမှုတွေ ပျောက်အောင် တရားထိုင်တာပဲဖြစ်ဖြစ် အသက်ရှုလေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ် ကြို:စားကြည့်ပြီး ကိုယ်ခံစားနေရတဲ့ အရာတွေကို ပိုသိနားလည်အောင် လုပ်ကြည့်ပါ။ 

စိတ်အကြည်ဓာတ်ကို ထိန်းသိမ်းထားပါ 

ကိုယ့်ဘဝထဲမှာ ကိုယ်အရမ်းကျေးဇူးတင်ရတဲ့ အရာတွေကို ပြန်တွေးပြီး ကိုယ့်ကို ပျော်ရွှင်စရာတွေ ယူဆောင်ပေးနိုင်တဲ့ အစီအစဉ်တွေ activity တွေမှာ ဝင်ရောက်လိုက်ပါ။ ဥပမာဆိုရင် ကိုယ်အရင်က စွဲစွဲမြဲမြဲလုပ်ခဲ့ဖူးတဲ့ ဝါသနာတွေကို ပြန်လုပ်တာမျိုးပါ။ ဒါ့အပြင် အဓိပ္ပာယ်ရှိတဲ့ အဖွဲ့အစည်းလိုက်လုပ်ရတဲ့ အစီအစဉ်တွေ ဥပမာ စေတနာ့ဝန်ထမ်း အလုပ်တွေလိုမျိုးမှာ ပါဝင်ဖို့လည်း စဉ်းစားကြည့်ပြီး စိတ်ရဲ့ အကြည်ဓာတ်နဲ့ စိတ်ချမ်းသာမှုရအောင် တဖြည်းဖြည်းချင်း ကြိုးစားကြည့်ပါ။

အပြောင်းအလဲတစ်ခုအတွက် အစီအစဉ်တစ်ခုလုပ်ပါ 

ကိုယ်က ဘာကိုပြောင်းလဲချင်လဲ ဆိုတာကို သိပြီဆိုတာနဲ့ ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာကို စပြီး စီစဉ်ပါ။ ရည်မှန်းချက်တွေ ချတာတွေ၊ ယုံကြည်ချက်အသစ်တွေ ထားလိုက်တာတွေ ဒါမှမဟုတ် ကိုယ့်တစ်နေ့တာ လုပ်ငန်းဆောင်တာတွေမှာ ပြောင်းလဲမှုသေးသေးလေးတွေ ဖြည်းဖြည်းချင်းလုပ်တာတွေ လုပ်လို့ရပါတယ်။ 

ကိုယ့်ကိုယ်ကိုယ် စိတ်ရှည်ရှည်ထားပါ

ကိုယ့်ကို စိတ်ရော ကိုယ်ပါမက စိတ်ခံစားချက်တွေ ကောင်းမွန်ဖို့ပါ ကူညီပေးနိုင်မယ့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးနိုင်မယ့် အရာတွေအတွက် အချိန်တွေ စိတ်အားထက်သန်မှုတွေကို တစိုက်မတ်မတ် အားထည့်ထားလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် စိတ်ရှည်ပြီး အပြောင်းအလဲတွေ လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် အချိန်လုံလုံလောက်လောက်ပေးရင်းနဲ့ ဘဝရဲ့ နောက်ထပ်အဆင့်တစ်ခုကို တက်လှမ်းဖို့ ကိုယ့်စိတ်ကိုယ် ပြင်ဆင်ထားပါ။ 

အချင်းချင်းဖေးမ ကူညီနိုင်လောက်တဲ့ သူတွေနဲ့ မိတ်ဆွေဖွဲ့ပါ

အခုအချိန်ကတော့ ကိုယ့်ရဲ့ လူမှုဆက်ဆံရေးတွေကို ပြန်လည်ဆန်းစစ်ဖို့ အချိန်ကောင်းပါပဲ။ ကိုယ်နဲ့ စိတ်တူကိုယ်တူဖြစ်ပြီး လိုအပ်တဲ့အချိန်မှာ ရှိပေးနိုင်ပြီး အားပေးနိုင်တဲ့သူတွေနဲ့ပဲ ပေါင်းသင်းဆက်ဆံသင့်ပါတယ်။ ကိုယ့်ကို နားလည်ပြီး အားပေးနိုင်တဲ့ သူတွေနဲ့ အနီးကပ်နေတာက အချင်းချင်း စိတ်ချင်းဆက်နေတယ်၊ နားလည်ပေးနိုင်တယ်ဆိုတာမျိုး ခံစားရစေနိုင်မှာပါ။ 

ကျွမ်းကျင်ပညာရှင်တွေဆီက အကူအညီတောင်းပါ 

တကယ်လို့ ကိုယ်က သက်လတ်ပိုင်းစိတ်ဖိစီးမှုနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ အခက်တွေ့နေတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့သူဆီက အကူအညီတောင်းတာ အကောင်းဆုံးပါပဲ။ စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ ဒါမှမဟုတ် အကြံပေးဆွေးနွေးတဲ့သူတွေက ကိုယ့်ခံစားချက်တွေကို ကိုယ်ပိုပြီး နားလည်နိုင်ဖို့ ကူညီပေးနိုင်ပြီး အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့ နည်းလမ်းတွေကို အတူတူဆွေးနွေးလိုက်ပါ။ 

သက်လတ်ပိုင်းစိတ်ဖိစီးမှု (midlife crisis) က တွေးကြည့်ရင် စိတ်ပူစရာကောင်းတယ်ဆိုပေမယ့် အဲ့ဒီအချိန်ကို ရောက်လာပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ဆောက်ဖို့နဲ့ ပိုပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝကို ရရှိနိုင်ဖို့ အခွင့်အရေးတစ်ခုရနိုင်မှာပါ။ နောက်ထပ်မှတ်ထားရမှာက ဒီအရာက ကိုယ်တစ်ယောက်တည်း ခံစားနေရတဲ့ အရာမဟုတ်ပါဘူး။ သက်လတ်ပိုင်းစိတ်ဖိစီးမှု (midlife crisis) က အဖြစ်များပြီး တကယ်လို့ ကိုယ်က တစ်ယောက်တည်း ရုန်းကန်နေရတယ်ဆိုရင် အကူအညီတောင်းဖို့ မမေ့ပါနဲ့။ ကိုယ့်ခံစားချက်တွေ၊ စိတ်ပူပန်မှုတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောပြတာက စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေ အများကြီးရနိုင်ပြီး အတွေးသစ်၊ အမြင်သစ်တွေလည်း ရနိုင်မှာပါဖြစ်ပါတယ်။ 


Share

Comments

Aye Aye Aung

သက်လတ်ပိုင်းအရွယ်ကိုယ့်အတွက်တော့ မကြာခဏစိတ်ဖိစီးမှုတွေ၊စိတ်အလိုမကျမှုတွေ၊ရှုံးနိမ့်မှုတွေနဲ့အမြဲရင်ဆိုင်ကြုံတွေ့နေရပါတယ်။ရှေ့လျှောက်ကိုယ့်ဘဝကို ဒီထက်ပိုတိုးတက်ဖို့နဲ့ ဘဝစိန်ခေါ်မှုအသစ်တွေကို အောင်မြင်စွာလုပ်ကိုင်နိုင်ဖို့နည်းလမ်းတွေဝေမျှပေးတဲ့အတွက် The good life website ကိုကျေးဇူးတင်ပါတယ်။

Jin Jin

Midlife crisis ရဲ့ စိန်ခေါ်မှုတွေကို အနည်းနဲ့ အများကြုံတွေ့နေရလို့ ဒီဆောင်းပါးထဲက လက်တွေ့ကောင်းကျိုးရစေမယ့် အချက်တွေ သိရလို့ အတော်လေးအကျိုးများပါတယ် Midlife crisis symptoms ဖြစ်နေတာဟာလဲ ဖြစ်လေ့ရှိကြတဲ့ သဘာဝဆိုတာ သိလိုက်ရလို့ ကိုယ့်စိတ်ကိုလဲ နှစ်သိမ့်စေပါတယ်

Kay Thwe Khine

Mildlife crisis ကကိုယ်အပါအဝင် အများနည်းတူခံစားနေရတဲ့symptonတခုပါ။ဖြစ်လာတဲ့အကြောင်းတရားတွေကိုဘယ်လိုလက်ခံပြင်ဆင်ကျော်လွှားမလဲဆိုတဲ့solutionပေါ်မူတည်ပီးသက်လက်ပိုင်းတွေကျော်လွှားရမဲ့emotionalတခုပါ။

Related Posts