စိတ်ခွန်အားတိုးမြင့်စေမယ့် စာအုပ် (၅) အုပ်

Posted in လူမှုဘဝ, ကိုယ်ရည်ကိုယ်သွေး


ဘဝမှာ ရှင်သန်နေထိုင်ရင်း လောကဓံမျိုးစုံ တွေ့ကြုံလာရတဲ့အခါ ပျော်ရွှင်ကြည်နူးရတဲ့ အချိန်လည်းရှိသလို၊ ဝမ်းနည်းအုံ့မှိုင်း စိတ်ဓာတ်ကျရတာမျိုးလည်း လူတိုင်းကြုံဖူးကြမှာပါ။ စိတ်ဓာတ်ကျစရာ အခိုက်အတန့်တွေမှာ ကြံ့ခိုင်တဲ့ စိတ်နှလုံး၊ အင်အားဖြည့်ဖို့ စိတ်အာဟာရကို တစ်ယောက်နဲ့တစ်ယောက် ရှာကြပုံချင်း၊ ရှာတဲ့နေရာချင်း ထပ်တူညီနိုင်မှာတော့ မဟုတ်ပါဘူး။ ခမ်းခြောက်နေတဲ့ စိတ်ဓာတ်အင်အားကို စာဖတ်ခြင်းကတဆင့် ပြန်လည် ဖြည့်တင်းမယ်ဆိုရင် ဒီစာအုပ်တွေက အတိုင်းအတာတစ်ခုအထိ ကူညီပေးပါလိမ့်မယ်။ 

(၁) ပါပီလွန် နှင့် ဗင်ဂို  

ဝတ္ထု‌အနေနဲ့ရော၊ ရုပ်ရှင်အဖြစ်ပါ ထွက်ရှိထားတဲ့ “ပါပီလွန် နှင် ဗင်ဂို” (Papillon and Banco) ဟာ အတ္ထုပ္ပတ္တိ စွန့်စားခန်း စာပေအမျိုးအစား ဖြစ်ပြီး ပြင်သစ်စာရေးဆရာ Henri Charrière ရဲ့  (၁၉၆၉) ခုနှစ်မှာ ရေးသား ထုတ်ဝေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ပြင်သစ်ဘာသာကနေ အခြား ဘာသာစကားများစွာကို ပြန်ဆိုခဲ့ ရတဲ့အထိ နိုင်ငံတကာစာဖတ်သူအသိုင်းအဝိုင်းမှာ ကျော်ကြားခဲ့၊ ကျော်ကြားနေဆဲပါ။ ဦးလှဝင်း (လေသူရဲ တစ်ဦး) မှ မြန်မာဘာသာ ပြန်ဆိုထားတဲ့ စာအုပ်လည်းရှိပါတယ်။ မတရားစီရင်မှုကြောင့် ထောင်ဒဏ် တစ်သက် တစ်ကျွန်းကျခံခဲ့ရတဲ့ ဇာတ်ကောင် ပါပီလွန် တစ်‌ယောက် လွတ်မြောက်ရာလမ်းကို ရှာဖွေ တဲ့ ခရီးရှည်ကြီးဟာ သည်းထိပ်ရင်ဖို၊ စွန့်စားခန်းဆိုတာထက်ပိုပါတယ်။ ဘဝမှာ ဘာမှမျှော်လင့်စရာ မရှိတော့ဘဲ သေဖို့အချိန်ကို ထိုင်စောင့်နေရတယ်လို့ အများကြယူဆကြတဲ့ တစ်ကျွန်းစံဘဝမျိုးမှာတောင် စိတ်ပျက် အား လျော့မနေဘဲ လွတ်မြောက်မှုအရုဏ်ဦးဆီကို ပါပီလွန်တစ်ယောက် ဘယ်လိုစိတ်ဓာတ်ခွန်အားမျိုးနဲ့  အရှုံး မပေးစတမ်း ကြိုးစားလှော်ခတ်ခဲ့လဲဆိုတာ ဖတ်ရှုခံစားရမယ့် ဂန္ဓဝင်ဝတ္ထုရှည်တစ်ပုဒ်ပါ။ ကိုယ်ပြောင်းလဲနိုင်တာ ဘာမှမရှိတော့ဘဲ ကံကြမ္မာဖန်တီးရာကိုပဲ လည်စင်းခံရတော့မယ်လို့ ခံစားရလောက်အောင် စိတ်ဓာတ်ကျ အား ငယ်နေရင် “ပါပီလွန် နှင် ဗင်ဂို” နဲ့အတူ ပြန်လည်ရုန်းထကြည့်လိုက်ပါ။

(၂) ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည် 

နှစ်(၁၀၀) အတွင်း အကောင်းဆုံး မြန်မာဝတ္ထု (၁၀၀) စာရင်းဝင် ဆရာမြသန်းတင့်ရဲ့  “ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်” ဝတ္ထု ဟာ ရိုးရှင်းတဲ့ဇာတ်ကြောင်း၊ လက်တွေ့ကျတဲ့ဇာတ်ကောင်တွေက အခမ်းနား ဆုံးစိတ်ခွန်အားကို ပေးသွားတဲ့ စွန့်စားခန်း ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေး၊ ဘဝ၊ ဓလေ့တွေနဲ့ ဇာတ်ကောင်လေးဦး ကျွန်းတစ်ကျွန်းပေါ်မှာ သောင်တင်ပြီး လူ့အဖွဲ့အစည်းတစ်ခု တည်ထောင်မိ ကြတဲ့အခါ၊ ဟန်ဆောင်ဖုံးကွယ်စရာ ဘာမှ မရှိတော့တဲ့အခါ ပေါ်ထွက်လာတဲ့ လူတွေရဲ့ အတွင်းစိတ်၊ ကိုယ်ကျိုး စွန့်သူနဲ့ တစ်ကိုယ်ကောင်းဆန်သူ၊ အသက်ရှင်အောင် နည်းမျိုးစုံနဲ့ ရုန်းကန်ကြပုံများ၊ အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့ အခါ လူ (၄) ယောက်ရဲ့ တုံ့ပြန်ပုံ (၄) မျိုး၊ သူတို့လေးဦးကြားက ပဋိပက္ခများ စတဲ့ ရှုထောင့်ပေါင်းစုံကို ဇာတ် ကြောင်းတစ်ခုတည်းမှာ ပုံဖော်ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဘဝမှာ နေထိုင်ရင်း ဘယ်လိုခံယူချက်၊ ဘယ်လို နှလုံးသားနဲ့ ရှေ့ဆက်သွားရမလဲ ဝေဝါးရတဲ့ ဆုံးဖြတ်ချက်တွေရှိလာရင် ဆရာမြရဲ့ “ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်” ဝတ္ထုက ခိုင်မာတဲ့ စိတ်ခွန်အားနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ဖို့ အထောက်အပံ့ ပေးနိုင်ပါလိမ့်မယ်။

(၃) နှလုံးသား အာဟာရ 

Chicken Soup for the Soul ရယ်လို့ နိုင်ငံတကာ စာချစ်သူတွေကြား ကျော်ကြားတဲ့ ဒီစာစု ဝတ္ထုတိုလေးတွေကို ဆရာဖေမြင့်က “နှလုံးသား အာဟာရ” ရယ်လို့ မြန်မာဘာသာပြန်ဆိုထားပါတယ်။ နာမည်အတိုင်းပဲ နှလုံးသားကို အင်အားဖြည့်ပေးနိုင်တဲ့ အပြုသဘောဆောင် ဇာတ်ကြောင်းပုံပြင်လေးတွေ၊ ချစ်ခြင်းမေတ္တာနဲ့ အကောင်းမြင် စိတ်ကို တိုးပွားစေတဲ့ ဇာတ်လမ်းလေးတွေဟာ လက်တွေ့ဘဝနဲ့ ကိုက်ညီပြီး လိုက်နာကျင့်သုံးနိုင်တာကြောင့် စိတ်အားတက်ဖွယ်စာစုတွေဖြစ်တဲ့အပြင် ဘဝနေနည်းလမ်းညွှန်လို့ပါ ဆိုနိုင်ပါတယ်။ မူလပထမဆုံး Chicken Soup for Soul ရဲ့ အောင်မြင်ကျော်ကြားမှုကြောင့် နောက်ထပ်စာအုပ် စီးရီးလိုက် ရေးသားခဲ့ရပြီး ကမ္ဘာတဝှမ်း မှာ အုပ်ရေ သန်းပေါင်းများစွာ ရောင်းချခဲ့ရပါတယ်။ လူ့ဘောင်လောကမှာ တစ်ဦးနဲ့တစ်ဦး မေတ္တာအရင်းခံပြီး ဆက်ဆံပြောဆိုကြရင် ဘယ်လောက်တောင် ငြိမ်းချမ်းလိမ့်မလဲ ဆိုတာ အတွေးစပေါ်စေတဲ့ ဒီစာစုလေးတွေက အထီးကျန်ပြီး မြင်မြင်သမျှ ခြောက်သွေ့မှုန်မှိုင်းနေတဲ့အခါ ကမ္ဘာကြီးမှာ ချစ်ခြင်းမေတ္တာ အမှန်တကယ် ရှိနေ ကြောင်းပြောပြရင်း နှစ်သိမ့်ပေး၊ စိတ်ချမ်းမြေ့စေမှာပါ။

(၄) အကြံဉာဏ်နှင့် ကြီးပွားရေး 

အမေရိကန်စာရေးဆရာ Napoleon Hill ရေးသားခဲ့တဲ့ "Think and Grow Rich" ကို ဆရာကြီး ရွှေဥဒေါင်း က “အကြံဉာဏ်နှင့် ကြီးပွားရေး” ရယ်လို့ မြန်မာမှုပြု ဘာသာပြန်ဆိုခဲ့ပါတယ်။ “ဤစာအုပ်သည် အပျင်းပြေဖတ် ရှုရန် ရည်ရွယ်ချက်ဖြင့် ရေးသားထားသော စာအုပ်မျိုးမဟုတ်သဖြင့် ရက်သတ္တပတ်ပေါင်းများစွာတိုင်အောင် အကြိမ်ကြိမ် အထပ်ထပ် ဖတ်ရှုဆင်ခြင်၍ လေ့လာသုံးသပ်ရန် လိုအပ်သော စာအုပ်မျိုးဖြစ်ပေသည်” ဟု အစချီ ထားတဲ့ ကြီးပွားတိုးတက်ရေး စာအုပ်အမျိုးအစား ဖြစ်ပါတယ်။ စာမျက်နှာ (၂၀၀) ကျော်ပဲပါတဲ့ ဒီစာအုပ်လေးက ဘဝမှာ ကြီးပွားချမ်းသာဖို့ လက်တွေ့အသုံးချနိုင်တဲ့ အချက်အလက်တွေကို စုစည်းရေသားထားတဲ့ လမ်းညွှန်စာ အုပ် တစ်အုပ်ပါ။ ဘဝအောင်မြင်မှုရရှိဖို့ ဘယ်ကစရမလဲ လမ်းပျောက်နေသူတို့အတွက် အောင်မြင်ရေးလမ်း ကြောင်းကို ကောင်းကောင်းမီးမောင်းထိုးပြထားတဲ့ အကြံဉာဏ်နဲ့ ကြီးပွားရေး စာအုပ်က အသင့်တော်ဆုံးပါပဲ။

(၅) ခယောင်းလမ်းကို ဖြတ်ကျော်ခြင်း 

စိတ်ခွန်အားကို မြှင့်တင်ပေးနိုင်တဲ့ စာအုပ်တွေလို့ ပြောလိုက်ရင် ဆရာကြီး နန္ဒာသိန်းဇံရေးသားတဲ့ “ခယောင်း လမ်းကို ဖြတ်ကျော်ခြင်း” စာအုပ်ကို မေ့ထားခဲ့လို့ မရပါဘူး။ အသက်အရွယ်အားလုံးအတွက် အထူးသဖြင့် လူငယ်လူရွယ်တွေ ဘဝလမ်းကို လျောက်လှမ်းရတဲ့အခါ ကြုံတွေ့ရမယ့် အခက်အခဲ၊ အတားအဆီး တွေကို ကျော်ဖြတ်နိုင်ဖို့ လက်တွေ့ကျတဲ့ အကြံပြုချက်တွေကို ဒီစာအုပ်မှာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဘဝမှာ အထိ အခိုက်၊ အဆုံးအရှုံးတွေ များလို့ ထပ်ပြီးကြိုးစားဖို့ စိတ်ခွန်အားတွေ ခမ်းခြောက်နေတဲ့အခါ ဒီစာအုပ်လေးကို သတိရလိုက်ဖို့ ပြောချင်ပါတယ်။

အဆင်မပြေတာတွေများလို့ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် ကံဆိုးသူရယ်လို့ ခံစားရတဲ့ အခိုက်အတန့်တွေမှာ အခု ဖော်ပြ ထားတဲ့ စိတ်ခွန်အားဖြည့်စာအုပ်တွေကို ဖတ်လိုက်တာနဲ့ ချက်ချင်း စိတ်ဓာတ်တွေ တက်ကြွလာပြီး အောင်မြင် လာလိမ့်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ စဥ်ဆက်မပြတ်ဖြတ်စီးသွားတဲ့ ရေအလျင်က အချိန်တစ်ခု မှာ  ကျောက်တုံးကျောက်ခဲတွေကို တိုက်စားပုံဖော်ပေးသွားသလိုပဲ စွဲမြဲစွာ စာဖတ်ခြင်းက ကောင်းမွန်တဲ့ အတွေးအမြင်နဲ့၊ သန်မာတဲ့စိတ်နှလုံးကို ကိုယ်မသိလိုက်ခင်အချိန်မှာပဲ တည်ဆောက်ဖို့ကူညီပြီးသား ဖြစ်နေ မှာ ပါ။ ခန္ဓာကိုယ်ကျန်းမာရေးနည်းတူ အရေးကြီးတဲ့ စိတ်ကျန်းမာရေးကို ဒီစာအုပ်လေးတွေကနေတဆင့် ဂရုပြုတည်ဆောက်နိုင်ဖို့ မျှော်လင့်ပါတယ်။

        


Share

Comments

Cho Nwe Htay win

စာအုပ်တွေကရတဲ့ စိတ်ခွန်အားတွေနဲ့ဘဝကိုရှင်သန်တဲ့အခါမှာတခြားသူတွေထက်ပိုပြီးခံနိုင်ရည်မြင့်မားမှုရှိတာကိုတွေ့ရပါတယ်။ စာအုပ်တွေကပေးတဲ့ခွန်အားဟာ ကြံ့ခိုင်ပျော့ပြောင်းတယ်။ ထွန်းပေါက်အောင်မြင်သူတိုင်းဟာစာပေကရရှိတဲ့ခွန်အားတွေကိုကောင်းစွာအသုံးချနိုင်သူတွေပဲဖြစ်ပါတယ်။ဒါကြောင့်စာဖတ်ပါ။

Myat Noe Thu

စာဖတ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာကို တော်တော်အထောက်အကူဖြစ်စေတယ်လို့ယုံကြည်ပါတယ်။ စာအုပ်လေးတွေဝယ်ပြီးစုဖြစ်ပါတယ်။မှတ်မိနေတဲ့ စာအုပ်လေးကတော့ ဇစ်မြစ်၊ ပါပီလွန်၊ ဆိုင်ဂုံ၊ Shindler's List နဲ့ အခြား စာအုပ်တွေလည်း ရှိနေပါတယ်။စာဖတ်တဲ့ အကျင့်လေး ရအောင် ကြိုးစားကြပါလို့။

nyan lin

စာဖတ်ခြင်းအလေ့အကျင့်ဟာ လူကြီး၊လူငယ်မရွေးလုပ်ဆောင်သင့်တဲ့အရာတခုပါ။အထွေထွေဗဟုသုတလဲတိုးပွားသလို စာဖတ်ခြင်းကနေရရှိလာတဲ့ အကျိုးကျေးဇူးများဟာလဲ အင်မတန်များပြားလှပါတယ်။

Related Posts