သွက်လက်ရဲရင့်တဲ့ကလေးငယ်တွေကို ပြုစုပျိုးထောင်ခြင်းနည်းလမ်းများ

Posted in မိဘအုပ်ထိန်းခြင်း



သတ္တိရှိ၊ စွန့်စားရတာကြိုက်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ကလေးတွေဖြစ်ကြတဲ့ သွက်လက်ရဲရင့်တဲ့ကလေးငယ်တွေကို ပြုစုပျိုးထောင်ခြင်းဟာ ဆုလာဘ်တစ်ခုလည်းဖြစ်သလို  စိန်ခေါ်မှုတွေလည်း အများကြီးရှိနိုင်ပါတယ်။ သူတို့လေးတွေဟာ အမြဲတမ်းလိုလို စူးစမ်းလိုစိတ်တွေပြင်းပြပြီး စွန့်စွန့်စားစားလုပ်ဆောင်တတ်ကြသလို အကြောက်အရွံ့လည်း နည်းကြတာကြောင့် တစ်ခါတစ်လေစိတ်မြန်လက်မြန်ရှိကြပြီး နမော်နမဲ့နိုင်တယ်လို့ ထင်တတ်ကြပါလိမ့်မယ်။ မိဘတွေအနေနဲ့ အဲ့လိုကိုယ်ရည်ကိုယ်သွေးတွေရှိတဲ့ ကိုယ့်ကလေးငယ်ရဲ့သဘောသဘာဝတွေကို အားပေးမြှင့်ထိန်းသိမ်းပေးရင်းနဲ့ သူတို့လေးတွေကို အပြည့်အဝကာကွယ်ပေးဖို့ နှစ်ခုကြားထဲမှာ လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိတတ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့်မို့ သွက်လက်ရဲရင့်တဲ့ကလေးငယ်တွေကို ပြုစုပျိုးထောင်ခြင်းနဲ့ဆိုင်တဲ့ အုပ်ထိန်းမှုပုံစံတစ်ချို့အကြောင်းကို လေ့လာကြည့်လိုက်ရအောင်။

ရှင်းလင်းပြတ်သားတဲ့ မျှော်လင့်ချက်မျိုးတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ပါ

ရဲရင့်တဲ့လုပ်ရဲကိုင်ရဲရှိတဲ့ကလေးတွေက သူတို့အနေနဲ့ ဘယ်လိုမျိုး ပြုမှုပြောဆိုနေထိုင်ရမလဲဆိုတာနဲ့ စည်းကမ်းတွေကို ချိုးဖောက်ခဲ့မိတယ်ဆိုရင် ဘယ်လိုအကျိုးဆက်တွေ ဆက်ဖြစ်လာနိုင်သလဲဆိုတာကို သဘောပေါက် နားလည်ထားဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့ မိဘတွေက ကိုယ်ချမှတ်ထားတဲ့ လိုက်နာလုပ်ဆောင်ရမယ့် စည်းကမ်းချက်တွေက ရိုးရှင်းပြီးတော့ ခဏခဏပြောင်းလဲတာမျိုးမဖြစ်ဖို့နဲ့ ကိုယ်ပြောထားတဲ့အတိုင်း တစ်ကယ်လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။

ကိုယ်တိုင်ရပ်တည်နိုင်တဲ့သူတွေဖြစ်ဖို့ အခွင့်အရေးတွေပေးပါ

ကလေးတွေကို သူတို့ရဲ့ အမှားတွေကနေ သင်ခန်းစာယူတတ်ပြီးတော့ သူတို့ကိုယ်တိုင် ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်စေဖို့  ခွင့်ပြုပေးပါ။ အခုလိုမျိုးလုပ်ဆောင်ပေးတာက သူတို့တွေကို အမှီအခိုကင်းကင်းနဲ့ ကိုယ့်ဘာသာရပ်တည်နိုင်တဲ့ အရွယ်ရောက်နိုင်ဖို့အတွက် လိုအပ်တဲ့ အရည်အသွေးတွေနဲ့အတူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေရှိလာဖို့ ကူညီပေးနိုင်ပါတယ်။

ဘေးကင်းလုံခြုံဖို့ သင်ကြားပေးပါ

စွန့်စားတတ်တဲ့ရဲ့ရင့်တဲ့ကလေးတွေအနေနဲ့ အခြေအနေအမျိုးမျိုးကြားထဲမှာ ဘယ်လိုမျိုး ဘေးကင်းလုံခြုံမှု ရှိရှိနေထိုင်ရမလဲဆိုတာကို သင်ကြားထားဖို့လိုအပ်ပါတယ်။ ဒီလိုအရာတွေထဲမှာဆို  ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မိသားစုဝင်မဟုတ်တဲ့ လူစိမ်းတွေရန်ကနေ ကာကွယ်တာမျိုးနဲ့ အရေးပေါ်အခြေအနေတွေကို ကိုင်တွယ် ဖြေရှင်းနည်းတွေကို သင်ကြားပေးတာမျိုးတွေ ပါဝင်ပါတယ်။

အနီးကပ် ကြီးကြပ်ပေးပါ

သွက်လက်ရဲရင့်တဲ့ကလေးငယ်ကလေးငယ်တွေဟာ ကိုယ့်ဘာသာရပ်တည်နိုင်တဲ့ သတ္တိရှိတဲ့သူတွေ ဖြစ်ကြပေမယ့် ဘေးနားကနေ ကြီးကြပ်ပေးဖို့ လိုအပ်နေဆဲပါပဲ။ ပြောရမယ်ဆိုရင်တော့ အထူးသဖြင့် သူတို့လေးတွေငယ်ရွယ်သေးတဲ့အချိန်မှာနဲ့  အန္တရာယ်ဖြစ်စေနိုင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်တဲ့အခါမှာ  အရေးကြီးပါတယ်။

စိတ်ချယုံကြည်ရတဲ့ ပေါင်းသင်းဆက်ဆံရေးတစ်ခုတည်ဆောက်ပေးပါ

ရဲရင့်တဲ့ကလေးသူငယ်တွေက သူတို့အုပ်ထိန်းသူမိဘတွေကို ယုံကြည်လို့ရတယ်ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ ပြောရမယ်ဆိုရင် သူတို့နဲ့ပတ်သက်လာရင် ရိုးသားပွင့်လင်းပြီး သူတို့ပြောတာတွေကို နားထောင်ပေးတာနဲ့ အမြဲအားပေးထောက်ပံ့ပေးတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ မိဘတွေကို အပြည့်အဝယုံကြည်တဲ့ ရဲရင့်တဲ့ကလေးငယ်တွေက သူတို့လိုအပ်နေတဲ့ အကူအညီတွေကို  မိဘတွေဆီကတောင်းခံဖို့ ဝန်လေးတော့မှာ မဟုတ်ပါဘူး။

ကလေးတိုင်းက တန်ဖိုးရှိထူးခြားတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခုပြောပြသွားတဲ့နည်းလမ်းတွေကို ကိုယ့်ကလေးရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ လိုအပ်ချက်တွေပေါ်လိုက်ပြီး ချိန်ညှိကာ လက်တွေ့အသုံးချကြည့်နိုင်ပါတယ်။ သွက်လက်ရဲရင့်တဲ့ကလေးငယ်ဟာ ခန္ဓာ၊ စိတ်ခွန်အားတွေ အများကြီးရှိသလို စူးစမ်းလိုစိတ်တွေနဲ့ ပြည့်ဝနေတတ်တာကြောင့် အားကစား၊ တစ်ခြားသောဝါသနာတွေနဲ့ သင့်ရိုးညွှန်းတမ်းပြင်ပမှာရှိတဲ့ လုပ်ဆောင်ချက်တွေကနေတစ်ဆင့် သူတို့ရဲ့ စိတ်ဝင်စားမှုတွေကိုထုတ်ဖော်နိုင်ပေးနိုင်မယ့် အခွင့်အလမ်းတွေ အများကြီး ပေးအပ်ထားပေးပါ။ အခုပြောပြသွားတဲ့အချက်လေးတွေကို လက်တွေ့အသုံးချရင်း ကိုယ့်ရဲ့ ကလေးတွေကို ပျော်ရွှင်ကျန်းမာပြီး အောင်မြင်တဲ့သူတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင် ပေးနိုင်ပါတယ်။ 


Share

Comments

အေးဖြူစန်း

ရဲရင့်သော ကလေးတယောက်ဟာ မတော်တဆ ဒဏ်ရာရခဲ့ရင်လည်း နောက်တခါထပ်မဖြစ်စေရန် နားဝင်အောင်ပြောခြင်းသည် ဆူပူကြိမ်းမောင်းခြောက်ခြင်းထပ် အများကြီးပ်ု အသုံးဝင်မယ်ဟု ထင်ပါသည်။

Linn Lae

မေမေနှင့်သမီးလေး ၂ယောက်ထဲရှိတဲ့ဘဝလေးမှာ သမီးလေးကိုသွက်လက်ရဲရင့်နေစေဖို့ သမီးလေး နားလည်အောင် အမြဲပြောပြဆုံးမဖြစ်တယ် ဒီဆောင်းပါးလေးဖတ်လိုက်ရတဲ့အတွက်လည်း သမီးလေးကို နားလည်အောင် ဆုံးမသင်ယူပေးဖို့ နည်းလမ်းကောင်းများစွာကိုဗဟုသုတရစေလို့ ကြိုက်နှစ်သက်ပါတယ်ရှင့် ကျေးဇူးအများကြီးလဲတင်ပါတယ်နော်

Popo Meme

မိဘနဲ့ ကလေးကြား နွေးထွေးတဲ့ ချစ်ခြင်းတရားနဲ့ Positive discipline လေးတွေ ချမှတ်ရင်း ကလေးတိုင်း ရဲရင့်သွက်လက်နိုင်စေဖို့ tips မို့ ကြိုက်မိတယ်။

Related Posts