အစားကျွေးရခက်တဲ့ ကလေးကို ဘယ်လိုအစာကျွေးမလဲ

Posted in မိဘအုပ်ထိန်းခြင်း, ကလေးငယ်အာဟာရ


အစားကြေးများတဲ့  ကလေးငယ်တစ်ယောက်ကို အစာဝင်အောင်ကျွေးဖို့ဆိုတာ စိတ်အလွန်ပင်ပန်းရပါတယ်။ ဒါပေမဲ့ သူတို့လေးတွေကို အလွယ်တကူ အစာစားချင်လာအောင် လုပ်ဆောင်ပေးနိုင်တဲ့ နည်းလမ်းတွေလည်းရှိပါတယ်။  ကျန်းမာတဲ့ အစာစားခြင်းအလေ့အထကို ဖန်တီးပေးပြီး အစာစားချိန်တွေမှာ ပျော်လာအောင်နဲ့ ဘယ်လိုစိတ်ရှည်သည်းခံရမလဲ ဆိုတာနဲ့ ပတ်သက်တဲ့ အချက်လေးအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

လက်မလျှော့လိုက်ပါနဲ့

ကလေးငယ်လေးတွေရဲ့  အရသာခံဖုလေးတွေဟာ အစားအစာအသစ်တစ်ခုကို လက်ခံလာဖို့အတွက် (၁၀) ကြိမ်ထက်မနည်း ကြာနိုင်ပါတယ်။ ဒါ့ကြောင့် အစားအစာအသစ်တွေကို အမြဲတမ်း စမ်းကျွေးကြည့်နေသင့်ပြီး အရင်တစ်ခါက ကျွေးကြည့်ပေမယ့် မကြိုက်ခဲ့တဲ့ အစာတွေဆိုရင်လည်း ဖြည်းဖြည်းချင်း ပြန်စမ်းကျွေးကြည့်သင့်ပါတယ်။

အစားအစာတွေကို စားချင်စဖွယ် ပြင်ဆင်ပါ

ကလေးငယ်တွေဟာ ပျော်ဖို့ကောင်းပြီး နှစ်သက်ဖွယ်ကောင်းတဲ့ အစားအစာတွေကို ပိုစားလေ့ရှိပါတယ်။ သူတို့ရဲ့ အစားအစာတွေကို ပျော်ဖို့ကောင်းပြီး အရောင်အသွေးစုံလင်တဲ့ သူတို့မှတ်မိနိုင်တဲ့ ပုံလေးတွေနဲ့ ပြင်ဆင်ပြီး ကျွေးကြည့်ပါ။ ဒီလိုလုပ်ခြင်းဟာ ပိုပြီးနှစ်သက်ဖွယ်ကောင်းပြီး ကလေးငယ်တွေ ပိုမိုစားချင်လာအောင် အားပေးပါလိမ့်မယ်။

ကုန်နိုင်သလောက်သာကျွေးပါ

ကလေးငယ်တွေရဲ့ အစာအိမ်ဟာ လူကြီးတွေထက်သေးတာကြောင့် သူတို့အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အစားအသောက်ပမာဏကိုသာ ကျွေးသင့်ပါတယ်။ ပြီးတော့ သူတို့ နည်းနည်းလေးပဲ စားလိုက်ရင်တောင် ချီးကျူးပေးပါ။ ဒီလိုလုပ်ခြင်းဟာ သူတို့တစ်စုံတစ်ခုကို ပြီးမြောက်အောင်မြင်သွားတယ်လို့ ခံစားရစေပြီး ပိုမိုစားချင်လာစိတ်ကို ဖြစ်ပေါ်လာစေပါလိမ့်မယ်။

သူတို့လေးတွေပြောတာကို နားထောင်ပေးပါ

ကလေးလေးတွေကို သူတို့ရဲ့ အစားအစာ အကုန်လုံးကို ကုန်အောင်စားဖို့ တွန်းအားမပေးပါနဲ့။ ငယ်ငယ်လေးကတည်းက ကိုယ့်ခန္ဓာကိုယ်ကို နားထောင်တတ်ဖို့နဲ့ ဆာလား၊ မဆာဘူးလားဆိုတာ ခွဲခြားသိရှိနိုင်ဖို့ လေ့ကျင့်ပေးပါ။

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပါစေ

ကလေးငယ်လေးတွေဟာ မိဘတွေကို မကြာခဏ အတုခိုးလေ့ရှိပါတယ်။ အဲ့ဒါကြောင့် မိဘတွေက သူတို့လေးတွေ မစားဖူးသေးတဲ့ အစားအစာတွေကို စားနေတာမြင်ရင် သူတို့လေးတွေကလည်း စားကြည့်ချင်စိတ်ပေါက်လာနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာစေပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို သင့်ကလေးနဲ့အတူ တတ်နိုင်သမျှ မကြာမကြာစားပေးသင့်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ အစားအစာအသစ်တွေကို စမ်းစားကြည့်ဖို့နဲ့ ပိုကျန်းမာတဲ့ ရွေးချယ်မှုတွေကို လုပ်တတ်လာစေဖို့ အားပေးကူညီပါလိမ့်မယ်။ 

အစားအစာကို ဆုအဖြစ် အသုံးမချပါနဲ့

အစားအစာတွေကို ဆုအဖြစ် အသုံးချတာက ချိုတာတွေဆိုရင် ကောင်းတယ်လို့ တွေးသွားစေနိုင်ပြီး ကျန်းမာစေတဲ့ အစားအစာတွေကိုတော့ မကောင်းဘူးလို့ ထင်သွားနိုင်စေပါတယ်။ အစားအစာတွေကို ဆု အဖြစ် အသုံးပြုမယ့်အစား ဆုအဖြစ် ပျော်ဖို့ကောင်းမယ့်နေရာတွေကို ခေါ်သွားပေးတာပဲဖြစ်ဖြစ် ကစားနည်းတစ်ခုခုပေးကစားတာပဲ ဖြစ်ဖြစ် လုပ်သင့်ပါတယ်။ 

မိဘတစ်ယောက်အနေနဲ့ ကလေးတွေကို အစားကျွေးဖို့ခက်တာက ပုံမှန်ပဲဆိုတာ သိထားသင့်ပါတယ်။ အဲ့ဒါကြောင့် သူတို့လေးတွေ ကျန်းမာပြီး သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိနေသ၍ အရမ်းစိတ်ဖိစီးနေဖို့  မလိုအပ်ပါဘူး။ အစာကျွေးဖို့ခက်တဲ့ ကလေးငယ်လေးတွေ အစားအစာနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်နိုင်ဖို့နဲ့ ကျန်းမာတဲ့ အစာစားခြင်း အလေ့အထတွေကို ထူထောင်သွားနိုင်ဖို့ အပေါ်မှာဖော်ပြထားတဲ့ အချက်လေးတွေကို စမ်းကျင့်သုံးကြည့်ကြရအောင်နော်။


Share

Comments

pyaungphoohmwe

သားသားကိုထောပတ်သီးစကျွေးတုန်းက မစားဘူး ပြန်ထွေးထုတ်တယ်ရက်အနည်းငယ်ကြာတော့ oatလေးထဲထောပတ်သီးထည့်ကျွေးကြည့်တယ်စားတယ်ထောပတ်သီးဖျော်ရည်လုပ်ပြီးထပ်ကျွေးတယ်စားတယ်တစ်ခါနဲ့မရရင် နောက်ရက်ခြားပြီးထပ်ကျွေးကြည့်ပါတယ်စားပါတယ်တစ်ခါတလေbabyလေးတွေက အစာသစ်ကိုလက်မခံချင်သေးတာ အစားသောက်ပျက်နေတာတို့လည်း ဖြစ်တတ်ပါတယ်

Related Posts