ဒီလိုလေ့ကျင့်ပေးရင် တိလေးတွေလည်း စနစ်တကျ အညစ်အကြေး စွန့်တတ်ပါတယ်

Posted in အိမ်မွေးတိရစ္ဆာန်, လေ့ကျင့်နည်းများ


အိမ်မွေးတိလေးတစ်ကောင် စမွေးပြီဆိုတာနဲ့  မဖြစ်မနေ သင်ကြားလေ့ကျင့်ပေးရမှာတစ်ခုက အညစ်အကြေး ကို စနစ်တကျ စွန့်တတ်ဖို့ပါ။ ခွေးလေးတွေနဲ့ ကြောင်လေးတွေဟာ မတူညီတဲ့ မျိုးစိတ်တွေဖြစ်တာကြောင့် သူတို့ကို အပေါ့အလေးကိစ္စ လေ့ကျင့်ပေးရတဲ့ နည်းလမ်းတွေကလည်း ကွဲပြားပါတယ်။ ဒီတစ်ခေါက်တော့ သင့်အချစ်တော် အမွေးလုံးလေးတွေ စနစ်တကျ အညစ်အကြေးစွန့်တတ်စေဖို့ လက်တွေ့ကျပြီး ထိရောက်တဲ့ နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။

(၁) အလေ့အကျင့် လုပ်ထားပေးပါ 

ခွေးလေး၊ ကြောင်လေးတွေဆိုတာ သခင်တွေရဲ့ လေ့ကျင့်ထိန်းကြောင်းမှုအတိုင်း ပြုမှုကြတာဖြစ်လို့ အပေါ့ အ‌လေးကိစ္စနဲ့ပတ်သက်ပြီးတော့လည်း အလေ့အကျင့် လုပ်‌ပေးထားရပါမယ်။ ဥပမာပြောရရင် အစာမကျွေးခင်၊ အိပ်ယာဝင်ချိန်၊ ဒါမှမဟုတ် အိပ်ယာထချိန်တွေမှာ သတ်မှတ်ထားတဲ့နေရာမှာ အပေါ့အလေးတည်ပေးတဲ့ အကျင့်လုပ်ထားတာမျိုးပါ။ အိမ်မွေးတိလေးတွေမှာ တစ်ကောင်နဲ့တစ်ကောင် မတူညီတဲ့ အကျင့်စရိုက်လေး တွေရှိတာကြောင့်  ကိုယ့်အချစ်တော်လေးနဲ့ ကိုက်ညီမယ့် နည်းလမ်းကို အသုံးပြုသင့်ပါတယ်။ 

(၂) အညစ်အကြေးစွန့်ဖို့ နေရာ သတ်မှတ်ပေးထားပါ

တိလေးတွေမှာ သူတို့အညစ်အကြေးစွန့်ဖို့အတွက် နေရာသတ်သတ်မှတ်မှတ်လိုပါတယ်။ ခွေးလေးတွေအတွက် ဆိုရင် သူတို့ စိတ်သက်တောင့်သက်သာနဲ့ အပေါ့အလေးသွားနိုင်ဖို့ အိမ်ပြင်မှာ သင့်တော်တဲ့ တစ်နေရာ ရှာဖွေ ပေးထားပါ။ အဲ့နေရာက ပန်းခြံ၊ ကစားကွင်း တို့လို Public Area နဲ့ ဝေးဝေးဖြစ်ဖို့တော့ လိုတာပေါ့။ ကြောင် လေးတွေအတွက်ကတော့ အိမ်ထဲက သူတို့ လွယ်လွယ်ကူကူ ရှာတွေ့နိုင်မယ့် နေရာမှာ ကြောင်သဲဗန်းလေး ထား ပေးလိုက်ရင် အဆင်ပြေပါတယ်။

(၃) ဆုပေးတဲ့စနစ် ကျင့်သုံးပါ

ဆုပေးတဲ့စနစ်သုံးပြီး တိလေးတွေကို စနစ်တကျ အပေါ့အလေးစွန့်တတ်အောင် သင်ပေးတဲ့ နည်းလမ်းဟာ( အပြစ်ပေးပြီး သင်တာနဲ့စာရင်) အချိန်ယူရတဲ့ နည်းတစ်ခုပါ။ သူတို့အညစ်အကြေးစွန့်တာ မှန်သွားလို့ ဆုပေးခံရ၊ ချီးကျူးခံရလာတယ်ဆိုရင် တိလေးတွေက စနစ်တကျ အပေါ့အလေးသွားဖို့ စိတ်ပါလက်ပါလုပ်ပြီး လုပ်ရတာ လည်း ပျော်လာမှာပါ။ (ကလေးတွေဆိုရင်လည်း တုတ်ပြတာထက်စာရင် မုန့်ရလို့ လိုက်နာရတာ ပိုကြိုက် ကြတယ်ဆိုတဲ့ သဘောပါပဲ။) ဆုပေးတဲ့စနစ် ဆိုတဲ့နေရာမှာ ချီးကျူးစကားပြောပေးတာ၊ ပွတ်သတ်ပေးတာ၊ အရုပ်၊မုန့် ဝယ်ပေးတာ စသဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ဆောင်နိုင်ပါတယ်။

(၄) တသတ်မတ်တည်း ဖြစ်ပါစေ

အိမ်မွေးကောင်လေးတွေက ထပ်ခါထပ်ခါ လုပ်ပြတာ၊ တသမတ်တည်း သင်ပေးတာတွေကနေတဆင့် မှတ်သား သင်ယူတတ်ကြတာမျိုးပါ။ သူတို့ကို အပေါ့အလေးကိစ္စ အလေ့အကျင့်လုပ်ထားပေးတဲ့ ပုံစံ၊ အချိန်၊ နေရာတွေ ကို မပြောင်းလဲဘဲ အချိန်အတော်ကြာ ဒီအတိုင်း သင်ပေးနေမယ်ဆိုရင် ဒီနေရာ၊ ဒီအချိန်မှာ အပေါ့အလေးကိစ္စ လုပ်ရမယ်ဆိုတာ သူတို့ သဘောပေါက်သွား၊ အကျင့်ပါသွားမှာဖြစ်ပါတယ်။ မြင်သာအောင် ပြောရရင် သင့် ကြောင်‌လေးကို အစာမကျွေးခင် ကြောင်သဲဗန်းဆီအရင်ခေါ်သွားပြီး အပေါ့အလေးတည်ပေးတာကို ရက်တချို့ ကြာအောင် လေ့ကျင့်ပေးထားမယ်ဆိုရင် အချိန်တစ်ခုကြာလာတဲ့အခါ ကိုယ်လိုက်ပို့စရာမလိုဘဲ သူ့ဟာသူ သဲဗန်း ဆီ သွားတတ်လာမှာပါ။

(၅) စိတ်ရှည်ပါ

တိလေးတွေကို စနစ်တကျ အညစ်အကြေးသွားတတ်ဖို့ လေ့ကျင့်ပေးရတာဟာ အချိန်ယူရပါတယ်။ ဒါကြောင့် စိတ်ရှည်ပါ။ အမှားလုပ်မိရင် အတတ်နိုင်ဆုံးမအော်မငေါက်ဘဲ အညစ်အကြေးစွန့်ဖို့ နေရာမှန်ကို ပြန်ပြပေးပါ။ သူတို့လုပ်တာမှန်သွားတဲ့အခါလည်း ချီးကျူးပေး၊ ဆုပေး ပေးပါ။ ဒီလိုစိတ်ရှည်လက်ရှည် သင်ကြားမယ်ဆိုရင် သင့် အချစ်တော်လေး မှန်မှန်ကန်ကန် အညစ်အကြေး စွန့်တတ်လာမှာပဲ ဖြစ်ပါတယ်။

(၆) ချက်ချင်း သန့်ရှင်းရေးလုပ်ပါ

လေ့ကျင့်ပေးနေစဥ်အတောအတွင်းမှာ တိလေးတွေ အမှားလုပ်တတ်တာ သဘာဝပါပဲ။ သတ်မှတ်ထားတဲ့ နေရာ မဟုတ်ဘဲ အညစ်အကြေးစွန့်မိသွားခဲ့အခါမျိုးမှာ အနံ့စွဲမသွားအောင် ချက်ချင်း သန့်ရှင်းရေးလုပ်ဖို့ လိုပါမယ်။ တိလေးတွေဟာ အနံနဲ့ မှတ်သားကြတာဖြစ်လို့ သန့်ရှင်းပြီးတဲ့နောက် အနံ့ကျန်နေရင် အဲ့နေရာမှာပဲ အညစ် အကြေး စွန့်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် သန့်ရှင်းရေးလုပ်တာအခါ အနံပါပျောက်အောင် ရှာလကာ ရည်(သို့မဟုတ်) သန့်စင်ဆေးရည်ကို သုံးပြီး သေချာလေး သန့်ရှင်းပေးဖို့တော့ လိုပါတယ်။

အိမ်မွေးတိလေးတစ်ကောင် မွေးလိုက်ပြီဆိုတာနဲ့ လုပ်ကိုလုပ်ရမှာတွေထဲက တစ်ခုက စနစ်တကျ အပေါ့အလေး စွန့်တတ်ဖို့ လေ့ကျင်ပေးခြင်းပါပဲ။ ဒါဟာ ပိုင်ရှင်ရော၊ တိလေးပါ အဆင်ပြေ၊ ပျော်ရွှင်ပြီး သက်တောင့်သက်ဖြစ် ဖို့ အခြေခံ လိုအပ်ချက်ဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်ပေးတာ စိတ်ရော၊ လူပါ အားစိုက်၊ အချိန်ပေးရတယ် ဆိုပေမယ့် အပေါ်မှာပြောခဲ့တဲ့ အဆင့်တွေအတိုင်း လေ့ကျင့်ပေးမယ်ဆိုရင် သင့်အိမ်က အမွေးလုံးလေး စနစ် တကျ အညစ်အကြေးစွန့်တတ်လာမှာမို့ သင်‌ရော၊ သင့်အချစ်တော်လေးပါ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ပိုမို ပျော်ရွှင်လာမှာပါ။


Share

Comments

Thin Sandi Su

ကျွန်မမှာလည်း အိမ်မွေးကြောင်လေးရှိတဲ့အတွက် ဒီလိုအလေ့အကျင့်မျိုးက ကြောင်လေးတွေအတွက် ကောင်းမွန်တဲ့လေ့ကျင့်မှုတစ်ခုပါပဲ။‌အညစ်အကြေးကိုစနစ်တကျစွန့်တာက အိမ်ကလူလေးတွေကော ကြောင်လေးတွေအတွက်ကောကျန်းမာရေးကောင်းစေတယ်လို့မြင်ပါတယ်။။

So Maryar

ကျမအိမ်မှာလဲကြောင်လေး၄ကောင်မွေးထားပါတယ်ကြောင်လေးတွေငယ်ငယ်ထဲကcat litterနဲ့ trainပေးတော့တဖြေးဖြေးကြီးလာတဲ့အခါအပြက်မှာတနစ်တကျစွန့်ပစ်တတ်လာတယ်အိမ်မှာကလေးသူငယ်တွေရှိရင်သူတို့အတွက်ရောကြောင်လေးတွေအတွက်ရော ကျန်းမာသန့်ရှင်းစေပါတယ်ကြောင်လေးတွေကိုငယ်ငယ်ထဲကအညစ်အကြေးစနစ်တကျစွန့်တတ်အောင်သင်ကြားပေးသင့်ပါတယ်

Hanako Kaori

အိမ်မှာလည်း ကြောင်ဆိုးလေး သုံးကောင် ဘယ်နေရာမှမဆို အပေါ့အလေး စွန့်တတ်လို့ မနည်းလေ့ကျင့်ပေးနေရတယ်

Related Posts