အမယ် (၅) မျိုးထဲနဲ့ ကြက်သားဟင်းလျာ ချက်ကြမယ်

Posted in အစားအစာ


အိမ်ရှင်မတွေ အနေနဲ့ မီးဖိုချောင်ထဲမှာ နာရီပေါင်းများစွာ အချိန်ကုန်ရတဲ့ ရက်တွေ အများကြီးရှိဖူးကြမှာပါ။  အဲ့လို အပင်ပန်းခံချက်ပြုတ်ကြတယ်ဆိုတာ အရသာရှိတဲ့ အိမ်ချက် ဟင်းတစ်ခွက်ကို ကိုယ်ကိုယ်တိုင်နဲ့ အိမ်သားတွေအားလုံးအတွက် မြိန်ရေရှက်ရှေ   စားချင်ကြလို့ပါပဲ။ ဒီတစ်ခေါက်မှာတော့ မြန်ဆန် အရသာရှိပြီး အားလုံးရဲ့ မီးဖိုချောင်ခန်းထဲမှာလည်း  အဆင်သင့် ရှိပြီးသားဖြစ်မဲ့ ရိုးရှင်းတဲ့ ပါဝင်ပစ္စည်း (၅) မျိုးသာပါတဲ့ ကြက်သားဟင်းလျာတွေကို အတူတူချက်ကြရအောင်။

ကြက်ကုန်းဘောင် 

ပါဝင်ပစ္စည်းများ-

  • အရိုးမပါ အရေခွံမပါတဲ့  ကြက်ရင်အုံ( ၅၀၀) ဂရမ် (အတုံးသေးသေးလေးများ လှီးထားပါ)

  • မြေပဲ 

  • ပဲငံပြာရည် 

  • ပျားရည်စားပွဲတင်ဇွန်း  (၂) ဇွန်း

  • ငရုတ်သီး အကြမ်းဖတ် စားပွဲတင်ဇွန်း  (၁) ဇွန်း

ချက်နည်းလေးကတော့ - 

  • ဒယ်အိုးအကြီးတစ်လုံးကို အပူပြင်းပြင်းပေးပါ။

  • ကြက်သားကိုထည့်ပြီး (၅-၇) မိနစ်ခန့် ဒါမှမဟုတ် အညိုရောင်ပြောင်းတဲ့အထိ ချက်ပါ။

  • ဒယ်အိုးထဲကို မြေပဲ၊ ပဲငံပြာရည်၊ ပျားရည်နှင့် ငရုတ်သီး အကြမ်းဖတ်ထည့်ပါ။

  • နောက်ထပ် (၂-၃)  မိနစ်ကြာအောင်ချက်ပြုတ်ပြီး ဆော့စ်ပျစ်လာတဲ့အထိ တည်ပါ။

  • ပျစ်လာပြီဆိုရင် ထမင်း ဒါမှမဟုတ် ခေါက်ဆွဲပူပူလေးနဲ့ စားလို့ရပါပြီ။

ရခိုင်စတိုင်ကြက်သားသုပ်

ပါဝင်ပစ္စည်းများ-

  • ကြက်ရင်ပုံ (၂၀၀) ဂရမ်

  • ငါးပိ စားပွဲတင်ဇွန်း (၁)ဇွန်း

  • ငရုတ်သီး( ၅) တောင့်

  • ကြက်သွန်နီ(၁) လုံး

  • ခရမ်းချဉ်သီး (၁) လုံး

ချက်နည်းလေးကတော့ -  

  • ကြက်ရင်ပုံကို (၁၅) မိနစ်ခန့်ပြုတ်ပါ။

  • ငါးပိကို (၂) မိနစ်ခန့် ဖုတ်ပါ။

  • ဖုတ်ထားတဲ့ ငါးပိကို ငရုတ်ကောင်း၊ ဂျင်း၊ ငရုတ်သီး နှင့် သကြားတို့ဖြင့်ထောင်းပါ။

  • ပြုတ်ထားသော ကြက်သားကို အအေးခံပြီး မွှမွှလေးမျှင်ထားပါ။

  • ကြက်သားမျှင်များကို ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ထောင်းထားတဲ့ ငါးပိတို့နဲ့ ရောမွှေပါ။

တယ်ရီရာကီကြက်သား 

ပါဝင်ပစ္စည်းများ-

  • အရိုးမပါ အရေခွံမပါသော ကြက်ရင်ပုံ (၄) ခု

  • တယ်ရီရာကီဆော့စ် 

  • ဟင်းသီးဟင်းရွက်ဆီစားပွဲတင်ဇွန်း (၂) ဇွန်း

  • ကြက်သွန်ဖြူ (၂)မွှာကို နုတ်နုတ်စင်းထားပါ။

  • နှမ်းစေ့ 

ချက်နည်းလေးကတော့ - 

  • အရင်ဆုံး ဒယ်အိုးအကြီးတစ်လုံးကို အပူချိန်အနေတော်အရှိန်နဲ့ အိုးအပူပေးပါ။

  • ပူနေတဲ့ ဒယ်အိုးထဲကို နှံ့အောင် ဟင်းရွက်ဆီထည့်ပေးပါ။ 

  •  ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူလေးတွေထည့်ပြီး မွှေးလာတဲ့အထိ (၁) မိနစ်ကနေ (၂)မိနစ်ခန့် မွှေချက်ပါ။

  • ကြက်ရင်ပုံကို ဆားနဲ့ ငရုတ်ကောင်းနဲ့ ရောနယ်ပါ။

  • နယ်ပြီးထားတဲ့ ကြက်ရင်ပုံတွေကို ဒယ်အိုးထဲထည့်ပြီး တစ်ဖက်စီ (၅) မိနစ်ကနေ (၆) မိနစ်ခန့် အညိုရောင်လေးဖြစ်လာပြီး ကျက်တဲ့အထိ ကြော်ပါ။

  • တယ်ရီရာကီဆော့စ်လေးကို ချက်နေတဲ့ကြက်သားပေါ် နှံ့အောင်ဆမ်းပြီး ဆက် မွှေပေးပါ။

  • မီးကို အနိမ့်ဆုံးထိလျှော့ပြီး တယ်ရီရာကီဆော့စ်ပျစ်လာတဲ့အထိ နောက်ထပ် တစ်မိနစ်၊ နှစ်မိနစ်လောက် ချက်ထားလိုက်ပါ။

  • ဒယ်အိုးထဲကနေ ကြက်သားကို ဖယ်ပြီး မစားမီ ခဏလောက် ပန်းကန် ထဲထည့်ထားပါ။ 

  • ကိုယ်ကြိုက်နှစ်သက်တဲ့ အရံဟင်းလေးတွေဖြစ်ဖြစ် နှမ်းစေ့ဖြစ်ဖြစ် တွဲဖက်ပြီး ပူပူနွေးနွေးလေးစားလို့ရပါပြီ။

ဒီလိုလွယ်ကူတဲ့ ပါဝင်ပစ္စည်း (၅) မျိုးပဲပါတဲ့ ကြက်သားဟင်းလျာတွေကို အချိန်တိုအတွင်း ချက်ပြုတ်စားသုံးနိုင်မှာပါ။  ကြက်သားကို အစပ်အရသာ အချိုအရသာ ဒါမှမဟုတ် ကြက်အိုးကပ်ကြော်စတဲ့ ကိုယ့်စိတ်ကြိုက်  ချက်နည်း တွေကိုသုံးပြီးလည်း ချက်ပြုတ်နိုင်ပါတယ်။  အလုပ်တွေဘယ်လောက်ပဲ များများကိုယ်အရမ်းကြိုက်တဲ့ အရသာရှိတဲ့ အိမ်ချက်ဟင်းရာလေးတွေကိုတော့ ချက်မစားဘဲ မနေနဲ့နော်။



Share

Comments

Related Posts