ခွေး၊ကြောင်လေးတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာအာဟာရ

Posted in အိမ်မွေးတိရစ္ဆာန်, တိကျန်းမာရေး


အိမ်မွေးတိချစ်သူလေးတွေအနေနဲ့ ကိုယ့်‌‌ရဲ့ချစ်စရာ ကလေးလေးတွေကို အကောင်းမွန်ဆုံး ပြုစုစောင့်ရှောက်မှုတွေ ပေးချင်တာ သဘာဝပါပဲ။ အိမ်မွေးတိရစ္ဆာန်လေးတွေကို ပြုစုတဲ့နေရာမှာ အရေးကြီးဆုံးကတော့  မှန်ကန်တဲ့ အစာအာဟာရ ရရှိဖို့ပါပဲ။ မှန်ကန်ပြည့်စုံတဲ့ စားသောက်မှုပုံစံစနစ်က ကြောင်‌လေးတွေ၊ခွေးလေးတွေကို ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်စေမယ့်အပြင် အချိန်တိုင်းမှာ သွက်လက်ဖျက်လက်စေမှာပါ။ ဒီဆောင်းပါးလေးမှာတော့ ကိုယ့်ရဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေ အာဟာရ မှန်မှန်ကန်ကန် ရရှိဖို့နဲ့ သူတို့လေးတွေရဲ့ အမျိုးအစားပေါ်မူတည်ပြီး အစားအစာရွေးချယ်နည်းတွေကို ပြောပြပေးသွားမှာမို့ ဖတ်ကြည့်ပေးကြပါဦးနော်။

အရေးကြီးတဲ့ အာဟာရ

လူတွေလိုပဲ သူတို့လေးတွေမှာလည်း အာဟာရသင့်တင့်မျှတတဲ့ စားသောက်မှုပုံစံ ရှိသင့်ပါတယ်။ မှန်ကန်တဲ့ စားသောက်မှုပုံစံက လိုအပ်တဲ့ အာဟာရဓာတ်တွေဖြည့်ပေးနိုင်တာမို့လို့ သူတို့လေးတွေရဲ့ ကိုယ်ခံအားစနစ်ကို အထောက်အကူဖြစ်စေမှာပါ။ ဒါ့အပြင် အစာချေစနစ်ကောင်းမွန်စေကာ အ‌ရေပြားနဲ့ အမွှေးအမျှင်လေးတွေကိုပါ ကောင်းမွန်စေပါတယ်။ အဝလွန်ခြင်း၊ ဆီးချို‌ရောဂါနဲ့ နှလုံးရောဂါ စတဲ့ ရောဂါတွေမဖြစ်အောင် အာဟာရဓာတ်များများ ပါဝင်ပြီး အစားထိုးပစ္စည်းတွေ ပါဝင်မှုနည်းတဲ့ အစားအစာတွေကို ကျွေးပေးသင့်ပါတယ်။

အစားအစာကို မှန်ကန်စွာ ရွေးချယ်ကြမယ်

အစာထုပ်မှာပါတဲ့  အညွှန်းစာရွက်ကို သေချာဖတ်ပါ - အစာရွေးတဲ့အခါမှာ ပါဝင်ပစ္စည်းအကြောင်းရှင်းပြထားတဲ့ အညွှန်းစာကို သေသေချာချာနှံ့နှံ့စပ်စပ်ဖတ်ဖို့လိုပါတယ် ။ အသား‌ဓာတ်များများ ၊ အစေ့အဆန်တွေနဲ့ ကျန်းမာစေတဲ့အဆီဓာတ်ပါဝင်တဲ့ အစားအစာတွေကို ရွေးချယ်သင့်ပြီး အရောင်၊ အနံ့အရသာအတုနဲ့ ကြာရှည်ခံပစ္စည်းတွေပါတဲ့အစာတွေ၊  ပြောင်း၊ ဂျုံနဲ့ ပဲပိစပ်လိုမျိုး အာဟာရဓာတ် ပါတဲ့ အစာတွေကိုတော့ မကျွေးသင့်ပါဘူး။

ကိုယ့်တိရစ္ဆာန်လေးရဲ့ အသက်အလိုက် ကျွေးရမယ့် အစားအစာကို ရွေးချယ်ပါ - မတူညီတဲ့ အသက်အရွယ်မှာ မတူညီတဲ့အာဟာရတွေ လိုအပ်ပါတယ်။ ဥပမာ - ခွေးပေါက်လေးတွေနဲ့ ကြောင်ပေါက်လေးတွေက အရွယ်ရောက်ပြီးသား ခွေးတွေ၊ ကြောင်တွေထက်ပိုပြီး ပရိုတင်း အသားဓာတ်များများ လိုအပ်ပါတယ်။ အသက်အရမ်းကြီးတဲ့ တိလေးတွေကတော့ ကယ်လိုရီဓာတ်နည်းနည်းပဲ လိုအပ်တာဖြစ်ပါတယ်။

အမျိုးအစားနဲ့ အရွယ်အစားအလိုက် ရွေးချယ်ပါ - မျိုးစိတ်တစ်ခုနဲ့တစ်ခုက အစာခြေလိုအပ်ချက်တွေ မတူညီကြပါဘူး။ ဥပမာဆိုရင်  အရွယ်အစားကြီးမားတဲ့ ခွေးတွေကတော့ သူတို့ ကိုယ်အလေးချိန်ကို ထိန်းဖို့အတွက် ကယ်လိုရီနည်းတဲ့ အစားအစာတွေကို ကျွေးရပါတယ်။ အရွယ်အစားသေးတဲ့ ခွေးလေးတွေကျတော့ သူတို့ရဲ့ စွမ်းအင်ပမာဏကို ထိန်းဖို့ မကြာခဏ အစာကျွေးပေးရမှာပဲဖြစ်ပါတယ်။

သူတိုလေးတွေရဲ့ ကျန်းမာရေးနဲ့ လိုက်ပြီး အစားအစာကို ရွေးချယ်ပါ - သင့်ရဲ့ တိလေးမှာ ဆီးချို ဒါမှမဟုတ် ကျောက်ကပ်ရောဂါရှိတယ်ဆိုရင်တော့ အဲ့ဒီအခြေအနေနဲ့ ကိုက်ညီမယ့် အစားအစာကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။

တိရစ္ဆာန်ဆရာဝန်တွေနဲ့ တိုင်ပင်ကြည့်ပါတိလေးတွေကို ဘာကျွေးရမှန်းမသိဘူးဆိုရင် အကောင်းဆုံးအကြံပေးချင်တာက တိရစ္ဆာန်ဆရာဝန်တွေနဲ့ ဆွေး‌နွေးလိုက်ဖို့ပါပဲ။ သူတို့က တိလေးတွေရဲ့ လိုအပ်ချက်အလိုက် ဘယ်လို အစားအစာကို ကျွေးသင့်လဲဆိုတာကို အကြံပေးနိုင်ပါလိမ့်မယ်။

အတိုချုပ်ပြောရရင်တော့ တိမွေးတဲ့သူတွေအနေနဲ့ ကိုယ့်ကလေးတွေ ကျန်းမာရေးကောင်းပြီး၊ လိုအပ်တဲ့အာဟာရဓာတ်တွေရဖို့ဆိုရင် သူတို့လေးတွေရဲ့ အသက်အရွယ်၊ အမျိုးအစား၊ အရွယ်အစား တွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဒါမှသာ အစာကြောင့်ဖြစ်တတ်တဲ့ အဝလွန်ခြင်း၊ ကိုယ်ခံအားကျဆုံးခြင်း၊ ဆီးချို နဲ့ အရေပြားနဲ့ပတ်သတ်တဲ့ရောဂါ အစရှိတာတွေ မဖြစ်ရအောင် ကာကွယ်နိုင်မှာလည်းဖြစ်ပါတယ်။


Share

Comments

Mee Nge Lay

အိမ်မှာ 🐇🐇🐇ယုန်ထီးလေးတစ်ကောင်ရှိတယ် မနက်ဆို လူတွေစားသလိုအီကြာကွေး/ထပ်တရာ ဝယ်လာတာမြင်ရင် လိုက်တောင်းတယ် ယုန်စာ/ခါကြက်ဥ/ကန်စွန်းရွက်/ဂေါ်ဖီထုပ် ကျွေးရတယ်အိမ်မှာတော့ ဖိုးရွှေယုန် ကလေးငယ်တစ်ယောက်လိုပဲ

Khwar Nyo May

ဒီဆောင်းပါးလေးဟာ တိလေးတွေ ကျန်းမာဖို့အကျိုးပြုပါတယ်။သူတို့လေးတွေဟာ လူစကားမပြောတတ်ပေမယ့် လူလိုပဲခံစားသိတတ်ခံစားချက်ရှိတဲ့ လူတွေရဲ့အရင်းနှီးဆုံးမိတ်ဆွေလေးတွေပါပဲ။ ဒါကြောင့်သူတို့လေးတွေရဲ့ကျန်းမာရေးကိုလဲ ဂရုစိုက်ပေးသင့်တာအမှန်ပါပဲ။

Htut Aung Khine

ခုဆောင်းပါး​ကိုဖတ်ကြည့်ချိန်မှာ တိ​လေး​တွေလည်းဆီးချို​ရောဂါဖြစ်နိုင်တယ်ဆိုတာ သိလာရပါတယ်။ဒီလိုသာဆိုတိ​လေး​တွေအဝမလွန်​​အောင် အစား​ထိန်း​ကျွေးဖို့လိုအပ်လာမယ်။အဝမလွန်ရင် ဆီးချို​ရောဂါဖြစ်နိုင်​ချေနည်းမယ်လို့ သုံးသပ်မိပါတယ်။

Related Posts