အိမ်ထောင့်စေ့မကျန် လွယ်လွယ်ကူကူ သန့်ရှင်းနိုင်ဖို့

Posted in အိမ်မှုရေးရာ


ကိုယ့်အိမ်လေးကို သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ဖြစ်အောင် ထားတာက ကျန်းမာရေးလည်း ကောင်းစေပြီး စိတ်ကိုလည်း ကြည်လင် ချမ်းမြေ့နေစေမှာပါ။ ပုံမှန်သန့်ရှင်းရေးလေးလုပ်မယ်ဆိုရင် အိမ်က အမြဲ  သပ်သပ်ရပ်ရပ်ဖြစ်ပြီး အနံ့အသက်ကောင်းမွန်နေမှာဖြစ်တဲ့အတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ကပ်မှာမျိုးတွေ၊ အသားအရေ ဓာတ်မတည့်တာမျိုးတွေကို ကာကွယ်ထားနိုင်မှာပဲဖြစ်ပါတယ်။ ဒီဆောင်းပါးမှာဆိုရင် ကြမ်းပြင်တွေ၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ ရေချိုးခန်းအပါအဝင် အိမ်ရဲ့ နေရာထောင့်စေ့မကျန် လွယ်လွယ်ကူကူ သန့်ရှင်းနိုင်ဖို့ နည်းလမ်းလေးတွေကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။

သစ်မာကြမ်းခင်းတွေနဲ့ ကော်ဇောတွေကို ဘယ်လိုသန့်ရှင်းကြမလဲ

တွေ့ရများတဲ့ ပါကေးတွေလို သစ်မာကြမ်းခင်းတွေနဲ့ ကော်ဇောတွေက အိမ်တစ်အိမ်ရဲ့ ကြမ်းခင်းအနေနဲ့  အသုံးအများဆုံးပါပဲ။ သစ်မာကြမ်းခင်းတွေကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် ကြမ်းပြင် အစင်းရာမထင်ဖို့ နူးညံ့တဲ့ မိုက်ခရိုဖိုက်ဘာ အခင်းပါတဲ့ ကြမ်းတိုက်တံမြက်စည်း ဒါမှမဟုတ် အဝတ်သုံးပြီး ကြမ်းတိုက်ဖို့ လိုအပ်ပါတယ်။ ရေများများသုံးပြီး ကြမ်းတိုက်တာက အချိန်ကြာလာတာနဲ့အမျှ ကြမ်းခင်းတွေ ပျက်စီးနိုင်တဲ့အတွက် ရှောင့်သင့်ပါတယ်။ အဲ့ဒီအစား သစ်မာကြမ်းခင်းသုံး ဆေးရည်တွေကို သုံးပြီး သန့်ရှင်းမယ်ဆိုရင်တော့ ကြမ်းခင်းတွေ ချောမွတ်လင်းလက်ပြီး သန့်ရှင်းနေမှာ အမှန်ပါပဲ။

ကော်ဇောတွေက ဖုန်၊ သဲ၊ အညစ်အကြေးတွေ ကပ်ငြိလွယ်တာကြောင့် နေ့စဥ် ဖုန်စုပ်ပေးဖို့လိုအပ်ပါတယ်။ HEPA စစ်ထုတ်မှုစွမ်းအားပါတဲ့ ဖုန်စုပ်စက်တွေဟာဆိုရင် အသားအရေဓာတ်မတည့်မှုတွေ ဖြစ်စေတဲ့ အသေးမွှားဆုံးဖုန်မှုန့်တွေကိုပါမကျန် ဖယ်ရှားပေးနိုင်တဲ့အတွက် ကောဇောသန့်ရှင်းရာမှာ အသုံးပြုသင့်ပါတယ်။ ကော်ဇောတွေမှာ တစ်ခုခု စွန်းထင်းသွားရင်လည်း ကော်ဇောအတွက် သီးသန့်ထုတ်ထားတဲ့ ကော်ဇောဆေးရည်သုံးခြင်းအားဖြင့် ကော်ဇောတွေကို ပိုပြီး အချိန်ကြာကြာ ထိန်းသိမ်းနိုင်မှာပါ။

မီးဖိုချောင် ဘေစင်နဲ့ ဟင်းချက်တဲ့နေရာတွေကို ဘယ်လိုသန့်ရှင်းကြမလဲ

အိမ်မှာ နေ့ဒဓူဝ အလုပ်ရှုပ်ဆုံးနေရာကို ပြောပါဆိုရင် မီးဖိုချောင်လို့ပဲ ဆိုရမှာပါ။ အစားအသောက်တွေ ချက်ပြုတ်တဲ့နေရာမို့ ဘက်တီးရီးယားတွေနဲ့ အန္တရာယ်ရှိစေတဲ့ ပိုးမွှားတွေ မပေါက်ပွားအောင် နေ့စဉ်ပုံမှန် သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဘေစင်မှာ အညစ်အကြေးတွေ၊ ဆီတွေကင်းစင်အောင် ရေနွေးနွေးနဲ့ အပျော့စားဆပ်ပြာရည်ကိုသုံးပြီး ဆေးကြောပေးပါ။ ပုံမှန်ဆေးကြောလို့ မပြောင်နိုင်တဲ့ ဘေစင်ပေါ်က ဂျိုးတွေကိုတော့ ဘေစင်သုံး သီးသန့်ဆေးရည်သုံးပြီး ဆေးကြောနိုင်ပါတယ်။

မီးဖိုချောင်နေရာမှာ အဓိက သန့်ရှင်းရမှာက မီးဖိုနဲ့ မီးဖိုစင်၊ မိုက်ခရိုဝေ့ တို့ရဲ့ မျက်နှာပြင်တွေပါပဲ။ ဆီချေးတွေနဲ့ အခြားစွန်းထင်းအညစ်အကြေးတွေကို ဆေးကြောဖို့အတွက်  ဆီချေးချွတ်ဆပ်ပြာရည် ဒါမှမဟုတ် အဲဒီအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာရည်ကို သုံးပါ။ အနံ့ စုပ်စက်တပ်ထားတယ်ဆိုရင် အနံ့စစ်ထုတ်တဲ့ ဇကာတွေကို ဆေးကြောဖို့လည်း မမေ့ပါနဲ့။

အိမ်သာနဲ့ ရေချိုးခန်းကြွေပြားတွေကို ဘယ်လိုသန့်ရှင်းကြမလဲ

ရေချိုးခန်းနဲ့ အိမ်သာကိုလည်း ဘက်တီးရီးယားနဲ့ ပိုးမွှားတွေ မပေါက်ဖွားအောင် နေ့တိုင်း သန့်ရှင်းပေးဖို့လိုပါတယ်။ အိမ်သာ သန့်ရှင်းဖို့ အစွန်းအထင်းတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားရာမှာ ထိရောက်တဲ့ အိမ်သာသန့်စင်ဆေးကို အသုံးပြုပါ။ ဘိုထိုင် အတွင်းပိုင်းနဲ့ အနားစပ်တွေကို အိမ်သာဘရက်ရှ်နဲ့ပုံမှန်် တိုက်ချွတ်ဆေးကြောပေးပါ။

 ရေချိုးခန်းကြွေပြားတွေအတွက်ဆိုရင် ကြွေပြားမျက်နှာပြင်တွေ မပျက်စီးအောင် ရေချိုးခန်းသုံး ဆေးရည်ကို အသုံးပြုပေးပါ။ ကြွေပြားတွေကြားမှာ ကပ်ငြိနေနိုင်တဲ့ ရေညှိတွေ ဒါမှမဟုတ် အညစ်အကြေးတွေကို နူးညံ့တဲ့ ဘရက်ရှ် ဒါမှမဟုတ် အဝတ်နဲ့ တိုက်ချွတ်ဆေးကြောပါ။ ရေပန်းခေါင်းတွေ သတ္တုချေးမတတ်အောင် နေ့စဥ် ပုံမှန်သန့်ရှင်းပေးဖို့လည်း မမေ့ပါနဲ့နော်။

ရေခဲသေတ္တာနဲ့ အဝတ်လျှော်စက်တွေကို သန့်ရှင်းဖို့လည်း မမေ့ပါနဲ့ဦး

ခေတ်မှီလာတာနဲ့အမျှ နေ့စဥ်ဘဝမှာ လူသုံးကုန်ပစ္စည်းမျိုးစုံကို အသုံးပြုနေကြတာမို့ သူတို့တွေ ကြာရှည်အသုံးခံဖို့နဲ့ ကောင်းကောင်းလည်ပတ်နိုင်ဖို့အတွက် ပုံမှန်သန့်ရှင်းပေးဖို့ လိုပါတယ်။ အဲဒီထဲကမှ ရေခဲသေတ္တာကို သန့်ရှင်းမယ်ဆိုရင် အထဲမှာ ရှိသမျှ အစားအစာအားလုံးကို ထုတ်ပြီး စင်ပေါ်နဲ့ အတွင်းနံရံတွေကို ‌‌ရေစိုအဝတ်နဲ့ သုတ်ပေးပါ။ ပုံမှန် အဝတ်နဲ့ သုတ်လို့ မပြောင်တဲ့ အစွန်းအထင်းတွေကိုတော့ သီးသန့်သန့်စင်ဆေးရည်နဲ့ တိုက်ချွတ်ပါ။

 ပုံမှန်အဝတ်တွေပဲနေ့တိုင်းထည့်လျှော်တဲ့ အဝတ်လျှော်စက်မို့ သန့်ရှင်းဖို့မလိုဘူးလို့တော့ မထင်လိုက်ပါနဲ့။ အဝတ်လျှော်စက်တွေထဲမှာလည်း အညစ်အကြေးနဲ့ မှိုတွေ စုနေနိုင်လို့ ဆပ်ပြာမှုန့်ထည့်တဲ့နေရာနဲ့ အဝတ်လျှော်စက်အတွင်းပိုင်းနေရာတွေကို အဝတ်လျှော်စက်သုံး သန့်စင်ရေးဆေးရည်ဖြင့် ဆေးကြောသင့်ပါတယ်။ အဲ့ဒါမှ အနံ့အသက်ကောင်းမွန်ပြီး အတွင်းပိုင်းတွေ သန့်ရှင်းပြောင်လက်လာမှာပါ။ 

အဆုံးသတ်ပြောရရင် ပိုးမွှားကင်းစင်ပြီး ကျန်းမာပျော်ရွှင်ဖို့ အိမ်နဲ့ အိမ်သုံးပစ္စည်းတွေကို သန့်ရှင်းရေးလေး ပုံမှန်လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ အပေါ်က နည်းလမ်းလေးတွေအတိုင်း လိုက်လုပ်မယ်ဆိုရင်တော့ ကိုယ့်အိမ်လေးက ပြောင်လက်သန့်စင် မွှေးကြိုင်လန်းဆန်းနေမှာ သေချာပါတယ်။ ဒီဆောင်းပါးလေးကို ဖတ်ပြီး သန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ ဆေးရည်တွေလိုအပ်လာရင် နီးစပ်ရာ အိုးရှင်းစူပါစင်တာကို အပြေးလေး လှမ်းလာပြီး ဝယ်ယူဖို့ မမေ့နဲ့နော်။ သန့်ရှင်းရေးနဲ့ပတ်သက်တဲ့ ပစ္စည်းမျိုးစုံ တစ်နေရာတည်းမှာအစုံရှိတာမို့ လာရောက်ကြည့်ရှုဖို့  ဖိတ်ခေါ်ပါတယ်။ 


Share

Comments

Nway Nway Yadanar

အိမ်တစ်အိမ်မှာအရေးကြီးဆုံးကသန့်ရှင်းမှုပါဘဲရှင့် တစ်ရက်လောက်မလုပ်ရင်ရက်ပေါင်းပီးလုပ်ရတော့ပိုပင်ပန်းရတယ်ရှင့်နေ့စဉ်လုပ်ရသောအလုပ်မို့ တခြားအလုပ်တွေထက်ခွင့်ယူလို့မရဘူးအိမ်တအိမ်မှာအဘက်ဘက်ကအဆင်ပြေနေတာကလည်း ကျန်းမာနေတာကလည်းငွေထက်သန့်ရှင်းရေးကပိုအရေးကြီးပါတယ်အခုလိုအကြံပေးလို့အကြိုက်ဆုံးပါဘဲရှင့်

Yadanamoe

အိမ်ရှင်မ‌‌ေတွအတွက်ဒီလိုအကြံ တွေကအရမ်း‌ေကာင်းပါတယ် အိမ်အလုပ်တွေလုပ်ရင်တစ်ရက်လောက်ပြတ်မယ်ဆိုတာနဲ့ပိုပိုပြီးပုံလာတယ် အခုတော့မပြင်းမရိပဲနဲ့ပိုပိုပြီးအိမ်မလုပ်တွေလုပ်ဖြစ်လာပါတယ်မလုပ်ရင်လည်းနောက်နေ့ဆိုပိုစိုးမယ်လေ

Khinyadanar Saw (Saw)

အိမ်သန့်ရှင်း​ရေးက မိသားစု​အားလုံးကျန်းမာ​ရေးနဲ့ အများကြီး အကျိုးပြုတဲ့အတွက် အရမ်း​ကောင်းမွန်တဲ့နည်းလမ်း​လေး​တွေအတွက်​အကျိုးအရမ်းရှိပါတယ်.😊