မိဘရဲ့ ချိုသာတဲ့ စကားလုံးများကပေးတဲ့ စွမ်းအား

Posted in မိဘအုပ်ထိန်းခြင်း


မိဘရယ်လို့ ဖြစ်လာတဲ့အခါ ကိုယ့်သားသမီးတွေကို ကျန်းမာပျော်ရွှင်ပြီး အောင်မြင်တဲ့လူသားတွေအဖြစ် မြင်ချင်ကြတာချည်းပါပဲ။ မိဘတာဝန်ဝတ္တရားတွေ အများကြီးရှိတဲ့အထဲကမှ သားသမီးတွေအပေါ်မှာ ကောင်းတဲ့စကားကိုဆိုခြင်းက ကလေးတွေရဲ့ မိမိကိုယ်ကိုယ် လေးစားတတ်မှု၊ စိတ်ကျန်းမာမှုတို့နဲ့ သူတို့လေးတွေရဲ့ အလုံးစုံဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အရေးကြီးပါတယ်။

ကောင်းတဲ့စကားပြောတဲ့အခါမှာ ကိုယ့်ရဲ့ သားသားမီးမီးတွေအပေါ် ချိုချိုသာသာပြောဆိုတာမျိုး တစ်ခုတည်းကို ဆိုလိုတာမဟုတ်ပါဘူး။ သူတို့လေးတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့၊ အကောင်းမြင်ဖို့အတွက် ချီးမွမ်းပေးတာမျိုးလည်း ပါဝင်ပါတယ်။ ကောင်းတဲ့စကားဆိုတဲ့အခါမှာ သူတို့လုပ်နိုင်တယ်ဆိုတဲ့အချက်ကို ဖေဖေ၊ မေမေတို့အနေနဲ့ အပြည့်အဝယုံကြည်ထားကြောင်းကို ဖော်ပြရာရောက်ပါတယ်။ သားသားမီးမီးတွေနဲ့ ကိုယ်နဲ့ကြားမှာ ချိုချိုသာသာပြောလို့ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာ ပြောပြပေးသွားပါမယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေတယ်  

သူတို့လေးတွေကို ချီးကျူးပေးလိုက်တဲ့အခါမျိုးက သူတို့လေးတွေအတွက် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးကို ပိုပြီးနားလည်လာစေပါတယ်။ သူတို့ဟာ ချစ်ခြင်းမေတ္တာတွေ၊ လေးစားခံရမှုတွေနဲ့ ထိုက်တန်တယ်ဆိုတာမျိုးကို သိလာစေပါတယ်။

စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်စေတယ် 

သူတို့လေးတွေကို တော်ကြောင်း ပြောလိုက်တဲ့အခါ စိတ်ဖိစီးပြီး ခံစားရခက်နေတဲ့ အချိန်မျိုးတွေ တို့ကို သူတို့ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းနိုင်စေဖို့ ကူညီပေးပါတယ်။ အခက်အခဲတွေကြုံလာတဲ့အခါ ဖြေရှင်းနိုင်ပြီး တစ်ယောက်တည်းမဟုတ်ဘူးဆိုတဲ့အကြောင်းကို သိစေပါတယ်။

ပေါင်းသင်းဆက်ဆံရေး ပိုမိုကောင်းမွန်လာစေတယ် 

ချီးမွမ်းစကားကြားရလေ့ရှိတဲ့ကလေးတွေက သူများအတွက်လည်း စဉ်းစားပေးတတ်ပြီး ပူးပေါင်းလုပ်ဆောင်မှုမှာ တော်လေ့ရှိပါတယ်။ ပြဿနာဖြေရှင်းတာမျိုး၊ သူငယ်ချင်း မိတ်ဖွဲ့တာမျိုးတို့မှာ တခြားကလေးတွေထက် သူတို့လေးတွေအတွက် ပိုလွယ်ကူပါတယ်။

စာဘက်မှာလည်း ပိုမိုထူးချွန်စေတယ် 

သူတို့လေးတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်မှုတို့အတွက် ချီးကျူးခံရလေ့ရှိတဲ့ကလေးတွေက စာဘက်မှာ ဒီထက်ပိုထူးချွန်အောင် လုပ်ချင်စိတ်ပိုမိုပြင်းပြတတ်ပါတယ်။ သူတို့ကိုယ်သူတို့လုပ်နိုင်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာပါတယ်။

ကလေးတွေနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ချိုချိုသာသာစကားပြောရမလဲဆိုတဲ့ နည်းလမ်းတွေကို အောက်မှာ ဆက်ပြောပြပေးသွားပါမယ်။

အပြုသဘောဆောင်တဲ့စကားမျိုး ရွေးပြောပါ 

သူတို့လေးတွေ တစ်ခုခုလုပ်လို့ မှားသွားတဲ့အခါမျိုးမှာ သူတို့ရဲ့အမှားနဲ့ပတ်သက်ပြီး အပြစ်တင်မယ့်အစား သူတို့ တော်တာလေးတွေကို ရွေးပြီး ပြောပြပေးပါ။ ဥပမာ - “နင့်အစ်မကို မရိုက်နဲ့နော်” လို့ပြောမယ့်အစား “သား/သမီးရဲ့အစ်မနဲ့ ကောင်းကောင်းဆော့နော်” လို့ ပြောင်းပြောကြည့်ပါ။

သေသေချာချာလေး ချီးကျူးပေးပါ 

“တော်လိုက်တာ” လို့လွယ်လွယ်ချီးကျူးမယ့်အစား “သား/သမီး ဒီပဟေဠိလေးကို ဖြေရှင်းသွားတာ တော်လိုက်တာ”လို့ သေသေချာချာလေးချီးကျူပေးပါ။ အဲ့တာမှ ကလေးတွေဟာ သူတို့လုပ်နေတာမှန်ပြီး ဘယ်လို တိုးတက်အောင် ထပ်လုပ်လို့ရလဲဆိုတာ နားလည်မှာပါ။

ချီးကျူးတဲ့အခါမှာ သူတို့တော်တဲ့အပိုင်းကို သေချာပြောပြပေးပါ 

သားသားမီးမီးတို့ကို ချီးကျူးတဲ့အခါ ဘယ်နေရာမှာသူတို့အကြောင်း အသေးစိတ်ပြောပြပြီး ချီးကျူးပေးပါ။ သားသားမီးမီးက တော်လိုက်တာလို့ ပြောမယ့်အစား သား/သမီး မေမေ့ကို ပန်းကန်ကူဆေးပေးတာ လိမ္မာလိုက်တာ လို့ ချီးကျူးပေးကြည့်ပါ။ ဒါမှ သူတို့ရဲ့ဘယ်လိုအပြုအမူမျိုးကို မိဘတွေက ထောက်ခံအားပေးလဲဆိုတာ သိမှာပါ။

ဟာသလေးတွေနှောပြီး စကားပြောပေးပါ 

သူတို့လေးတွေကို ရယ်စရာ ဟာသပြောပြတာကလည်း အပြုသဘောဆောင်ပြီး ပျော်ရွှင်စရာကောင်းတဲ့ နည်းလည်းတစ်ခုဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် မိဘတွေအနေနဲ့ ကလေးတွေကို “အမေ/အဖေ ဒီနေ့တစ်နေကုန် စိတ်ပင်ပန်းမပျော်ရွှင် ဖြစ်နေပေမယ့်လည်း သားတို့/သမီးတို့က ပျော်အောင်လုပ်ပေးတာကို ဝမ်းသာ သဘောကျရပါတယ်။

အမြဲတမ်းလုပ်ဆောင်ပါ 

ချိုသာတဲ့စကားလုံးကို ပုံမှန်အသုံးပြုပေးဖို့လည်း အရေးကြီးပါတယ်။ တစ်ကယ်လို့ မိဘတွေက ချိုသာတဲ့စကားလုံးတွေကို တစ်ခါတစ်လေမှ သုံးနှုန်းမယ်ဆိုရင်တော့ ကလေးသူငယ်တွေအနေနဲ့လည်း အမှုအကျင့်ကောင်းတွေရှိလာဖို့ သင်ယူနိုင်မှာ မဟုတ်ပါဘူး။

ကလေးသူငယ်တွေက မိဘတွေပြောဆိုဆက်ဆံပုံအတိုင်း ပြန်လည်တုံ့ပြန်တတ်တာ မို့လို့ ချိုသာတဲ့စကားလုံးတွေနဲ့ တွေနဲ့ရင်းနှီးပြီး ကြီးပြင်လာတဲ့ ကလးသူငယ်တွေ အရွက်ရောက်လာတဲ့အခါ ပေါင်းသင်းဆက်ဆံရေးတွေမှာ ကြင်နာပြီး လေးစားမှုရှိရှိနဲ့ ပေါင်းသင်းဆက်ဆံရေးတွေတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မိဘတွေ ကလေးသူငယ်တွေကို ပြောဆိုတဲ့စကားလုံး တစ်လုံးချင်းစီတိုင်းမှာ ကလေးတွေကို မိမိကိုယ်ကိုယ် လေးစားတတ်မှု၊ စိတ်ကျန်းမာမှုတို့နဲ့ သူတို့လေးတွေရဲ့ အလုံးစုံဖွံ့ဖြိုးတိုးတက်မှုတွေကို ပုံဖော်ပေးနိုင်တဲ့ အစွမ်းတယ်ဆိုတာကို မှတ်သားထားသင့်ပါတယ်။


Share

Comments

Khaing pwint phyu kyaw

မိဘများကိုယ်တိုင်က သားသမီးများကို ယုံကြည်ချစ်ခင်ပြီး ချိုသာစွာပြောဆိုဆက်ဆံနေမယ်ဆိုရင် အခြားသူများကလည်း ကိုယ့်သားသမီးကို အထင်မြင်သေးစွာပြုမူ မပြောဆိုရဲတော့ဘူး။မိဘက ချိုသာစွာမပြောဆိုရင် အခြားသူတပါးက ချိုချိုသာသာလေး နဲ့ ကိုယ်သားသမီးကို အချိုသပ်ပြီး ခိုင်းစားသွားလိမ့်မယ်။

May Me Naing

အခုဆောင်းပါးကိုမိဘတိုင်းဖတ်သင့်တယ်လို့မြင်မိပါတယ် မိဘတွေချိုသာမှုစွမ်းအားကြောင့်နောင်လာမဲ့မျိုးဆက်ပင်မကဘဲကမ္ဘာကြီးပါတိုးတက်ပြောင်းလဲလာမှာ​အသေအချာပါပဲ

myowin

အရမ်းကောင်းပါတယ်

Related Posts