အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာပြီး ရောဂါကင်းစေဖို့

Posted in ကျန်းမာရေး, အထွေထွေကျန်းမာရေး


ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီ ကောင်းမွန်စွာလည်ပတ်နိုင်ဖို့ လိုအပ်တဲ့ စွမ်းအင်တွေထုတ်ပေးနိုင်ဖို့ အတွက် အစာအိမ်က မရပ်မနား အလုပ်လုပ်နေရပါတယ်။ ဒါကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းတွေ မကျန်း မာဘူးဆိုရင် ခန္ဓာကိုယ်ရဲ့ အခြားလုပ်ငန်းဆောင်တာတွေမှာပါ ထိခိုက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဝမ်းဗိုက် ကျန်းမာစေဖို့ ဘယ်လို စားသောက်နေထိုင်ရမလဲ၊ ဘယ်လိုကာကွယ်ကြမလဲဆိုတာ ကြည့်လိုက်ကြရအောင်။

ဘယ်အစားအသောက်တွေက အစာအိမ်အတွက် ကောင်းမွန်သလဲ

ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ၊ အမျှင်ဓာတ်တွေက အစာချေစနစ်ကို များစွာ အကျိုးပြုတဲ့ အပြင် အခြားသော ကျန်းမာရေးကောင်းကျိုးတွေလည်း ရရှိစေပါတယ်။ အသီးအရွက်တွေ မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း( Antioxidant ) တွေက ကင်ဆာတိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိတွေ ပါရှိ ပါတယ်။ အမျှင်ဓာတ်ကတော့ အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်ရောဂါကို သက်သာစေပါတယ်။ ဘယ်လိုအသီးအနှံတွေစားသင့်လဲဆိုရင် အရောင်စုံ၊ အမျိုးအစားစုံ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ အားလုံးကို စားသုံးနိုင်ပါတယ်။

အစေ့အဆန်တွေမှာပါဝင်တဲ့ အမျှင်ဓာတ်၊ သံဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပေမယ့် ပေါင်မုန့်အဖြူ၊ ကိတ်မုန့် စတဲ့အစားအစာတွေပြုလုပ်ဖို့အတွက် အဆင့်ဆင့်ပြုပြင်ပြောင်းလဲရတဲ့ နေရာတွေမှာ အဲ့ဒီအာဟာရ ဓာတ်တွေ  လျော့နည်းဆုံးရှုံးသွားတတ်ပါတယ်။ ဒါကြောင့် ဆန်လုံးညို၊ အုတ်ဂျုံ၊ မုယောစပါး( Barley)၊ ပေါင်မုန့် ညိုတို့လို အရောင်မချွတ်ထားတဲ့ ထုတ်ကုန်တွေက အစာအိမ်အတွက် ပိုကောင်းမွန်ပါတယ်။

အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေဖြစ်တဲ့ Probiotics ပါဝင်တဲ့ ဒိန်ချဥ်၊ ပန်းသီး ရှာလကာရည်၊ ကင်မ်ချီနဲ့ အခြားစနစ်တကျ အချဥ်ဖောက်ထားတဲ့ အသီးအရွက်တွေကိုလည်း စားသုံး သင့်ပါတယ်။ အချဥ်သိပ်ထားတဲ့ အစားအစာတွေက သန့်ရှင်းနေဖို့တော့ သတိထားရပါမယ်။

အစာအိမ်အတွက် ကောင်းတယ်ဆိုတဲ့ အရွက်တွေ၊ သစ်သီးတွေ၊ အစေ့အဆန်တွေကို စားတာနဲ့နည်းတူ အရေး ကြီးတဲ့တစ်ခုက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ချက်ပြုတ်နည်းတွေကို အသုံးပြုဖို့ပါ။ ဥပမာပြောရရင် ကြော်ထား၊ ကင်ထားတဲ့ အစားအစာတွေက အနံ့လည်းမွှေးပြီး စားလို့ကောင်းပေမယ့် ကျန်းမာရေးအတွက်တော့ မကောင်း ပါဘူး။ ဆီကြော်တွေက ခန္ဓာကိုယ်အတွက် မကောင်းတဲ့ အဆီပါဝင်မှုနှုန်းများပြီး၊ အပူချိန်မြင့်မြင့်နဲ့ ကင်ထားတဲ့ အစားအစာတွေကို စားခြင်းက ကင်ဆာဖြစ်နိုင်ချေ များစေပါတယ်။ ချက်ပြုတ်တဲ့အခါမှာ ကျန်းမာရေးနဲ့ ညီ ညွတ်အောင် ပြုတ်တာ၊ ပေါင်းတာ၊ နှပ်တာ( အသားနှပ်) ၊ ဆီပူလှိမ့်တာ စတဲ့ နည်းလမ်းတွေကို အသုံးပြုသင့် ပါတယ်။

ဘာတွေစားသုံးတာကိုတော့ လျော့ချ၊ ရှောင်ကြဉ်ရမလဲ 

အမဲသား၊ ဆိတ်သား၊ ဝက်သား တို့လို အနီရောင်အသားတွေမှာ နှလုံးရောဂါ၊ ကင်ဆာနဲ့ အစာအိမ်ပြဿနာတွေ ဖြစ်နိုင်ချေ များစေတဲ့ ဆိုဒီယံ၊ အဆီဓာတ်နဲ့ အခြားသော ဓာတ်ပေါင်းတွေပါဝင်တာတာကြောင့် ဒီအသားတွေ စားသုံးတာကို လျော့ချခြင်းက အစာအိမ်အတွက် ပိုမိုကောင်းမွန်ပါတယ်။ ကြက်သား၊ ငါး၊ ပဲအမျိုးမျိုးကို ပိုစား သင့်ပြီး အနီအရောင်အသားတွေကိုတော့ တစ်ပတ်ကို (၂) ကြိမ်၊ (၃) ကြိမ်လောက်ပဲ စားသင့်ပါတယ်။

နောက်ထပ်လျော့ချရမယ့် တစ်ခုကတော့ သကြားပါ။ သကြားအလွန်အကျွံစားသုံးခြင်းက ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို ထိခိုက်စေပါတယ်။ သကြားပါဝင်နှုန်းများတဲ့ အချိုရည်တွေ၊ မုန့်‌တွေ၊ ရေခဲမုန့်၊ အချိုပွဲတွေကို အလွန်အကျွံစားသုံးခြင်းက ရေရှည်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာ တွေ ဖြစ်လာ နိင်ပါတယ်။ သကြားပါဝင်တဲ့ အချိုတွေစားမယ့်အစား သဘာဝအတိုင်းချိုတဲ့ သစ်သီးတွေကို စားသုံးနိုင်ပါတယ်။

ဘယ်လိုအလေ့အကျင့်ကောင်းတွေ မွေးမြူရမလဲ

ဝမ်းချုပ်ရောဂါက ရေအလုံအလောက်မသောက်တာနဲ့ ဆက်စပ်နေပါတယ်။ ရေများများသောက်ခြင်းက ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး အူလမ်းကြောင်းကျန်းမာဖို့လည်း အထောက်အကူပြုပါတယ်။ အရွယ်ရောက် ပြီးသား လူတစ်ယောက်က တစ်နေ့ကို ရေ(၄)ခွက်ကနေ (၆)ခွက်အထိ သောက်ဖို့ လိုအပ်ပါတယ်။ ရေအပြင် Green Tea, အဆီမပါဝင်တဲ့ နို့၊ လတ်လတ်ဆတ်ဆတ် သစ်သီးဖျော်ရည်တွေကိုလည်း သောက်သုံးလို့ရပါတယ်။

ကိုယ်လက်လှုပ်ရှားလုပ်ပေးခြင်းက အစာမြန်မြန်ကျေစေလို့ ပျို့အန်တာ၊ မအီမသာဖြစ်တာ၊ လေထိုးလေအောင့် ဖြစ်တာ စတဲ့ ဝမ်းဗိုက်ပြဿနာတွေကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။ ထမင်းစားပြီး လမ်းလျောက်တာနဲ့ အခြား ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေကို တစ်နေ့နာရီဝက်လောက်ပြုလုပ်သင့်ပါတယ်။ ဒီလိုလုပ်ပေးခြင်း အားဖြင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပြီးသားလည်း ဖြစ်စေပါတယ်။ ကိုယ့်ကျန်းမာရေးအတွက်သင့်လျော်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားခြင်းကလည်း အူမကြီးရောဂါ၊ ဝမ်းချုပ်ရောဂါနဲ့ အခြားသော ဝမ်းဗိုက်ဆိုင် ရာ ရောဂါတွေကို ကာကွယ်ပေးပါသေးတယ်။

ဘယ်လိုအပြုအမူတွေကို ရှောင်ကြဉ်ရမလဲ

ရှောင်ကြဉ်ရမယ့် အပြုအမူတွေထဲမှာ ထိပ်ဆုံးကပါတာကတော့ ဆေးလိပ်သောက်ခြင်းပါပဲ။ ဆေးလိပ်သောက် ခြင်းက အဆုတ်အတွက်မကောင်းဘူးဆိုတာ သိပေမယ့် အစာအိမ်အတွက်လည်း ဆိုးကျိုးများတယ်ဆိုတာ သိ ကြရဲ့လား။ ဆေးလိပ်သောက်ခြင်းက အစာအိမ်အချဥ်ပေါက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ စစ်တမ်းတွေအရ ဆေးလိပ်သောက်ခြင်းနဲ့ အစာအိမ်အူလမ်းကြောင်းရောဂါတွေကြားမှာ ဆက်စပ်မှုတွေရှိတယ်လို့ ဆိုပါတယ်။

အစာအိမ်အူလမ်းကြောင်းရောဂါတွေနဲ့ မဆိုင်ဘူးလို့ထင်ရတဲ့ နောက်တစ်ခုက အိပ်ရေးပျက်ခြင်းပါပဲ။ အိပ်ချိန်မ လုံလောက်ခြင်းကတဆင့် ဖြစ်ပေါ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများစွာထဲမှာ ဝမ်းဗိုက်ပြဿနာတွေလည်း ပါရှိပါ တယ်။ ဒါကြောင့် တစ်ညကို ၇နာရီ- ၈ နာရီအထိ အိပ်ရေးဝဝ အိပ်ဖို့လိုပါတယ်။

စိတ်ဖိစီးမှုတွေကို ရေရှည်ခံစားနေရတယ်ဆိုရင်လည်း ဝမ်းချုပ်တာ၊ ရင်ပြည့်တာ စတဲ့ အစာအိမ်ပြဿနာတွေကို ခံစားရနိုင်ပါသေးတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဖို့ကလည်း ဂရုစိုက်ရမယ့် အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ ယောဂလေ့ကျင့်တာ၊ တရားထိုင်တာ၊ ကျွမ်းကျင်ပညာရှင်နဲ့ ကုထုံး ယူတာ စတဲ့နည်းလမ်းတွေကို အသုံးပြုပြီး စိတ်ဖိစီးမှုတွေကို လျော့ချနိုင်ပါတယ်။

ဝမ်းချုပ် တာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ စတဲ့ ဝမ်းဗိုက်ဆိုင်ရာ ပြဿနာတွေက လူတော်တော်များများ ဖြစ်တတ် ကြပါ တယ်။ တချို့သော ရောဂါတွေက စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်ရင် အဆင်ပြေသွားတယ် ဆို ပေမယ့် တချို့ကတော့ ဆရာဝန်ပြဖို့ လိုအပ်တာမျိုးရှိပါတယ်။ ကိုယ့်မှာ အစာအိမ်နဲ့အူလမ်းကြောင်း ပြဿနာ တစ်ခုခု ရှိတယ်ဆိုရင် လိုအပ်တဲ့ ကုသမှုပြုလုပ်ဖို့ မနှောင့်နှေးသင့်ကြောင်း အကြံပေးပါရ‌စေ။ ကျန်းမာရေးနဲ့ ပတ်သက်ရင် ဘယ်လိုရောဂါဝေဒနာကိုမှ အသေးအဖွဲပါဆိုပြီး လျစ်လျူရှုလို့မရပါဘူး။


Share

Comments

Anonymous

ခန္ဓာကိုယ်အတွက် လိုအပ်သော ဗိုက်တာမင် သတ္တုဓါတ်တွေအကြောင်းအစာအိမ်အူလမ်းကြောင်း ကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့အတွက် ဆောင်ရန် ရှောင်ရန်တွေကိုသိရှိတဲ့အတွက် တကယ့်ကိုအကျိုးရှိသောဆောင်းပါးလေးဖြစ်ပါတယ်

Zin May Oo

ဒီဆောင်းပါးလေးကို ၅မိနစ်လောက် အချိန်ပေးပြီးဖတ်လိုက်ရတာ အသိပညာဗဟုသုတတွေ အများကြီးရလိုက်ပါတယ်၊အိမ်ရှင်မတစ်ယောက်အနေနဲ့ကိုယ်တင်မဟုတ်ပဲ ကိုယ့်မိသားစုကိုပါ ကျန်းမာရေးနဲ့ညီညီ ချက်ပြုတ်ပြင်ဆင်ကျွေးမွေးတတ်ဖို့ အသိတရားလေးရသွားပါတာကြောင့် the good life ကို ကျေးဇူးတင်ပါတယ်နော်။

myanmar ma lay

ကျန်းမာရေးကိုဂရုစိုက်သူတစ်ယောက်မို့ ကျန်းမာရေးနှင့်ပတ်သတ်သောဗဟုသုတတွေဖတ်လိုက်ရတာ ကျေးဇူးတင်ပါတယ်ရှင့် ကျန်းမာမှအလုပ်လုပ်နိုင်မည်တဲ့ ကျန်းမာအောင်တစ်ဦးတစ်ယောက်ချင်းဂရုစိုက်ကြပါစို့ စိတ်ချမ်းသာအောင်နေပြီး ကိုယ်ကျန်းမာရေးဂရုစိုက်ကြပါစို့

Related Posts