
အေးချမ်းတဲ့ ဆောင်းရာသီရဲ့ အနွေးထွေးဆုံး ခရစ္စမတ်ကာလလေးကတော့ မကြာခင်မှာ ရောက်လာတော့မှာပါ။ ဒီလိုအချိန်မှာ ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ လက်ဆောင်လေးတွေ အပြန်အလှန်ပေးကြတာကလည်း အင်မတန်ချစ်စရာပါ။ လက်ဆောင်ပေးတဲ့နေရာမှာ ပိုပြီးလေးနက်သွားအောင် ကိုယ်တိုင် DIY လေးတွေ လုပ်ပေးကြရင် မကောင်းဘူးလားနော်။ ဘာလုပ်ရမှန်းမသိဘူး၊ မလုပ်တတ်ဘူးလို့ တွေးနေရင်တော့ မပူပါနဲ့။ လွယ်လွယ်ကူကူနဲ့ လုပ်လို့ရမယ့် DIY လက်ဆောင် (၃) ခုကို ပြောပြပေးပါမယ်။
၁။ DIY အချစ်ပြက္ခဒိန်
ခရစ္စမတ်ကာလပြီးတာနဲ့ နှစ်သစ်ကို ကူးပြောင်းတော့မှာဆိုတော့ ကိုယ်တိုင်လုပ်ထားတဲ့ ပြက္ခဒိန်လေးဆိုရင် ထူးခြားပြီး သင့်လျော်တဲ့လက်ဆောင်လေး ဖြစ်နေမှာပါ။ လုပ်လို့ရတဲ့ပုံစံကတော့ အမျိုးမျိုးရှိပါတယ်။ ကိုယ်တိုင် ဒီဇိုင်းဆွဲတတ်တယ်ဆိုရင် အစအဆုံး ဒီဇိုင်းဆွဲပြီး ထုတ်လို့ရသလို ရှိပြီးသားပြက္ခဒိန်လှလှလေးတစ်ခုမှာပဲ အမှတ်တရနေ့စွဲလေးတွေ၊ စာလေးတွေနဲ့ ပုံလေးတွေအပြင် နောက်နှစ်မှာ အတူတူလုပ်ချင်တဲ့ ပလန်လေးတွေကို ဖြည့်လိုက်လို့လည်းရပါတယ်။
၂။ DIY ဖြတ်ညှပ်ကပ်စာအုပ်/ ဓာတ်ပုံစာအုပ်
မခက်ပေမဲ့ အားထုတ်မှုအများကြီးလိုအပ်သလို လေးနက်မှုအများကြီးရှိတဲ့ လက်ဆောင်တွေထဲမှာ ဖြတ်ညှပ်ကပ်စာအုပ် (Scrapbook) လေးတွေနဲ့ ဓာတ်ပုံစာအုပ်လေးတွေက အပါအဝင်ဖြစ်ပါတယ်။ ဓာတ်ပုံစာအုပ်ကတော့ အမှတ်တရဖြစ်မယ့်ပုံလေးတွေ ထုတ်ပြီး စာအုပ်ထဲမှာကပ်၊ စာလေးတွေရေးလိုက်ရင် ရပါတယ်။ ဖြတ်ညှပ်ကပ်စာအုပ်လေးဆိုရင်တော့ စာအုပ်ပြောင် အလွတ်ထဲမှာ စတစ်ကာလေးတွေ၊ တခြားစာအုပ်တွေ၊ ဂျာနယ်တွေထဲက ဖြတ်ယူထားတဲ့ ပုံလှလှလေးတွေ ကပ်လို့ရသလို Scrapbook လုပ်ဖို့အတွက် သီးသန့်ထုတ်ထားတဲ့ ပစ္စည်းလေးတွေလည်း ရှာဝယ်လို့ရပါတယ်။
၃။ DIY မုန့်ပုလင်း/မုန့်ဘူး
ကိုယ် လက်ဆောင်ပေးချင်တဲ့သူက မုန့်စားရတာ ကြိုက်တဲ့သူဆိုရင်တော့ ဒီလက်ဆောင်က အသင့်လျော်ဆုံးဖြစ်မှာပါ။ သူကြိုက်တတ်တဲ့မုန့်တွေကို ဒီတိုင်းဝယ်ပေးတာထက်စာရင် ပုလင်းထဲမှာဖြစ်ဖြစ်၊ ဘူးထဲမှာဖြစ်ဖြစ် စီထည့်ပြီး အပြင်ကနေ ဖဲကြိုးလေးတွေ၊ စတစ်ကာလေးတွေနဲ့ အလှဆင်လိုက်မယ်ဆိုရင် ထူးထူးခြားခြားလက်ဆောင်လေးဖြစ်သွားပါပြီ။ မုန့်လေးတွေကို ကိုယ်တိုင်လုပ်ပေးနိုင်မယ်ဆိုရင်တော့ လုံးဝ ပြီးပြည့်စုံသွားမှာပေါ့။
ဒီလက်ဆောင်လေးတွေကတော့ ကျွမ်းကျင်မှုအများကြီးမလိုဘဲ ထူးထူးခြားခြားလုပ်ပေးလို့ရမယ့် လက်ဆောင်လေးတွေဖြစ်ပါတယ်။ ကိုယ်က DIY နဲ့ပတ်သက်ပြီး လုပ်တတ်တာ များရင်များသလို တခြားလက်ဆောင်လေးတွေနဲ့ တွဲပြီးပေးလို့လည်းရပါတယ်။ ခရစ္စမတ်ကာလမှာ ချစ်ရတဲ့သူတွေကို လက်ဆောင်လေးတွေ ကိုယ်တိုင်လုပ်ပေးပြီး ချစ်ခြင်းမေတ္တာကို ပြသလိုက်ကြရအောင်နော်။
Comments