ဒစ်ဂျစ်တယ်ခေတ်မှာ ဆော့စရာ သင့်ကလေးကို ကူညီပါ

Posted in မိဘအုပ်ထိန်းခြင်း, ကလေးငယ်ပညာရေး


ယနေ့ခေတ် မိဘတော်တော်များများ ဒွိဟဖြစ်နေတဲ့အရာကတော့ ကိုယ့်ကလေးငယ်ကို ငြိမ်ရင်ပြီးရော ဖုန်းပေးသုံးလိုက်ရမလားဆိုတာနဲ့၊ ဒီဒစ်ဂျစ်တယ်လ်ခေတ်မှာ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် အသစ်ပေါ်ပေါက်နေတဲ့ အကြောင်းအရာတွေကြောင့် ကလေးရဲ့ အနာဂတ်ကို ထိခိုက်မလားဆိုတဲ့ အစွန်းနှစ်ခုကြားပဲ ဖြစ်ပါတယ်။ တစ်နေကုန် အခန်းအောင်း ဖုန်းသုံးနေတဲ့ ကလေးကို အိမ်ထဲကထွက်ပြီး ကစားအောင် မြှူဆွယ်ရတဲ့ကိစ္စကလည်း မိဘတွေအတွက် စိန်ခေါ်မှုလို ဖြစ်လာတာ အားလုံးအသိပဲ ဖြစ်ပါတယ်နော်။ ဒါကြောင့် ယနေ့ခေတ် မိဘအုပ်ထိန်းသူတွေအတွက် ဒီဒစ်ဂျစ်တယ်လ်ခေတ်နဲ့ ကလေးတွေကြားမှာဘယ်လို ညီမျှခြင်းချပြီး သင့်တင့်မျှတတဲ့ကလေးငယ်ဘဝဖန်တီးလို့ရနိုင်မလဲဆိုတာ ဝေမျှပေးသွားပါမယ်နော်။

ဒစ်ဂျစ်တယ်ခေတ်မှာ ဆော့ကစားခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း

တကယ်တော့ ဆော့ကစားတယ်ဆိုတာ ကလေးငယ်ဘဝ ဖွံ့ဖြိုးတိုတက်မှုအတွက် အတော်ကိုအားကောင်းပြီး ကလေးတွေရဲ့ရင်ထဲမှာတော့ ကြားရတာနဲ့တင် ပျော်စရာကောင်းတဲ့ စကားလုံးပါပဲ။ ဒါပေမဲ့ မိဘတွေအနေနဲ့ ဒီဘက်ခေတ်ကလေးတွေ ကစားခြင်းမှာ ကပ်ပါလာတဲ့ Screen time ဆိုတာကြီးကို ရန်သူလို တအားကြောက်လန့်မနေပဲ သူရဲ့ အားသာချက်တွေကို ကိုယ်က ဦးအောင် အသုံးချနိုင်ပါတယ်။ ယနေ့ခေတ်မှာ ပညာရေးကိုပါ အထောက်အကူပေးနိုင်ပြီး ဖန်တီးနိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ ဝေဖန်ပိုင်းခြားနိုင်စွမ်း စတာတွေကို လှုံ့ဆော်ပေးနိုင်တဲ့ ဂိမ်းတွေလည်းအများကြီးကို ရှိပါတယ်။ အပြင်မှာလိုပါပဲ စခရင်ပေါ်မှာလည်း တခြားသောကလေးများနဲ့ သူငယ်ချင်းဖွဲ့လို့ရပြီး ကစားနည်းပေါင်းစုံ၊ ကြည့်ရှုစရာ၊ လေ့လာစရာတွေ ပေါများစွာ ရှိနေပါတယ်။ မိဘတွေက ဒီသူတို့ရဲ့ ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်ကိုလည်း နည်းပညာအကူအညီနဲ့ လုံခြုံစိတ်ချရအောင် ကူညီပေးဖို့သာ လိုပါတယ်နော်။  

စခရင်ကြည့်ရှုချိန်ကို သင့်တင့်မျှတအောင် ချိန်ညှိပေးခြင်း

ကလေးတစ်ယောက်က တီဗွီ၊ တက်ဘလပ်၊ ဖုန်းစတာတွေ စိတ်ဝင်တစားကြည့်နေတဲ့ အချိန်မှာ ချက်ချင်းရပ်ခိုင်းတဲ့အခါ သူတို့လည်း ခက်ခဲနိုင်ပါတယ်။ ဒီ Screen time က ကိုယ့်ကလေးကို ထိခိုက်မှုရှိနေပြီလားဆိုတာကို စစ်ကြည့်နိုင်တာကတော့ ကိုယ့်ကလေးက အိပ်ရေးဝဝကော အိပ်ရဲ့လား။ ကိုယ်လက်လှုပ်ရှားမှု မရှိတော့ပဲ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေ ထိခိုက်နေလား။ ကျောင်းမှာစာကော လိုက်နိုင်လား။ သူငယ်ချင်းတွေနဲ့ မပေါင်းတော့တာလား၊ စတဲ့ မေးခွန်းတွေကို ဆန်းစစ်နိုင်ပါတယ်။ 

ဒါမျိုးတွေမှာ ထိခိုက်လာရင်တော့ သူတို့ရဲ့ ဖုန်းသုံးချိန်ကို အာဏာရှင်ဆန်ဆန် မရပ်ပစ်လိုက်ပဲ အလွန်အကျွံသုံးခြင်းကို ကာကွယ်ဖို့အတွက် သူတို့အတွက်လည်း အဆင်ပြေနိုင်မယ့် Screen time ကို သတ်မှတ်ပေးထားနိုင်ပါတယ်။ ဒီမှမဟုတ်ရင် သူတို့ကြည့်နေချိန်ကြားထဲမှာ ရေချိုးချိန်၊ ထမင်းစားချိန် တစ်ခုခုကြားခံပေးပါ။ "ဒါတစ်ခုပြီးရင် ရေချိုးရမယ်နော်" ဆိုပြီး ဖုန်းမသုံးခင်ကြိုတင် အသိပေးထားနိုင်ပါတယ်။ နောက်တစ်ခုကတော့ တချို့နေရာတွေကို screen free zone အဖြစ်သတ်မှတ်ထားပါ။ ထမင်းစားစားပွဲ၊ အိပ်ယာ၊ ကစားကွင်း စတဲ့နေရာတွေမှာ အွန်လိုင်းမသုံးဖို့ ကန့်သတ်ထားနိုင်ပါတယ်။ ဒါမှဘယ်နေရာတွေမှာ အပြင်လောကနဲ့ ဆက်သွယ်ထိတွေ့ရမယ် ဆိုတာကို ကလေးက နားလည်မှာဖြစ်တယ်။ 

လှုပ်ရှားတက်ကြွစွာ ဆော့ကစားစေခြင်း

ကလေးအများစုက ဆိုရှယ်မီဒီယာ၊ ဂိမ်းတွေကို စွဲလမ်းကြတယ်ဆိုတာ အပြင်မှာ မရနိုင်တဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ကို အဲဒီက ရနိုင်တယ်တယ်လို့ ထင်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ပြီးတော့ အဲဒီကရတဲ့ တစ်ခဏတာ အာသာပြေမှုကို စွဲလမ်းတက်ကြတာပါ။ ဒီနေရာမှာ မိဘတွေက အခန်းထဲမှာပဲ ဖုန်းသုံးရင်း ကိုယ်တွေတုန်းကလို ဝါသနာတွေ စိတ်ဝင်စားတာတွေ မရှိတော့ရင်ဘယ်လိုလုပ်မလဲ။ စတဲ့နောက်ဆက်တွဲ စိုးရိမ်ပူပန်မှုတွေ လိုက်လာပါတော့တယ်။ ဒါကိုဖြေရှင်းဖို့ကတော့ ကလေးငယ်တွေကို မိသားစုနဲ့ သူငယ်ချင်းတွေနဲ့ အပြင်မှာ လှုပ်လှုပ်ရှားရှား အချိန်ကုန်ဆုံးပေးသင့်ပါတယ်။

သူရဲ့ ကိုယ်ခန္ဓာကို လှုပ်ရှားတက်ကြွစေပြီး ဆော့ကစားနိုင်အောင် ပန်းခြံမှာပဲ ပြေးလွှားကစားခိုင်းမလား၊ စက်ဘီးစီးသင်ပေးမလား၊ ရေကူးကန်သွားပြီး ရေကူးသင်ရင်း ကိုယ်တွေပါအတူ အပန်းဖြေမလား၊ စတဲ့ အားကစားတစ်ခုခုကို သင်ကြားပေးနိုင်ပါတယ်။ ဒီလိုမှမဟုတ်လည်း အိမ်ရှေ့မြေကွက်လပ်မှာ‌  ဘောလုံးကန်၊ ကြက်တောင်ရိုက် စသည်ဖြင့် လှုပ်လှုပ်ရှားရှားကစားလို့ရအောင် သူတို့လေးတွေရဲ့ ဝါသနာကို ကူညီရှာဖွေရင်း ပတ်ဝန်းကျင်နဲ့ ဆက်သွယ်မိသွားအောင် ကူညီပေးနိုင်ပါတယ်နော်။

ဆော့ကစားနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးခြင်း

အမြဲတမ်း အပြင်မှာ ပြေးလွှားဆော့မကစားနိုင်ရင်တောင် အိမ်ထဲကကစားချိန်ကို ပျော်စရာအကောင်းဆုံးဖြစ်အောင် စီစဉ်ပေးနိုင်ပါတယ်။ အရုပ်တွေ လဲလှယ်ဆော့ကကစား စေတာက အချိန်ကြာသွားရင်တောင် ပျင်းမသွားပဲ ကစားနည်းပေါင်းစုံ စိတ်ဝင်စားစေနိုင်ပါတယ်။ ပြီးတော့ အိမ်ကိုလည်း ကလေးတွေစိတ်ဝင်စားစေအောင် အရောင်အသွေးစုံစုံ အသုံးအဆောင်တွေ ထားပေးနိုင်ပါတယ်။ အရောင်ခြယ်လို့ရတဲ့ ပန်းချီပစ္စည်းလေးတွေ၊ ဉာဏ်စမ်းပဟေဠိဖွက်တာ စတဲ့သူတို့နှစ်သက်တာကို ရွေးချယ်ပြီး ပြောင်းလဲ ဆော့ကစားနိုင်အောင် ထားပေးသင့်ပါတယ်။ ဒစ်ဂျစ်တယ်လ်ပစ္စည်းတွေကို မသုံးပဲလည်း အရုပ်တွေ၊ ကစားနည်းတွေနဲ့ သူတို့လေးတွေရဲ့ စိတ်ကူးဉာဏ်ဖွင့်ဖြိုးပြီး ကလေးဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်အောင် ပတ်ဝန်းကျင်ကိုဖန်တီးပေးသင့်ပါတယ်။

 ဒါကြောင့် အထက်ပါအချက်လေးတွေကို လိုက်နာကျင့်သုံးခြင်းဖြင့် မိဘတွေအနေနဲ့လည်း ဒစ်ဂျစ်တယ်ခေတ်မှာ ကလေးငယ်တွေအတွက် သင့်တင်မျှတတဲ့ ပတ်ဝန်းကျင်းတစ်ခုကို ဖန်တီးမွေးမြူနိုင်မှာဖြစ်တယ်။ ခေတ်နဲ့အညီ ပြောင်းလဲတိုးတက်နေပြီး ရှောင်လွှဲမရနိုင်တဲ့ ဒစ်ဂျစ်တယ်လ်နည်းပညာနဲ့ ဖြစ်စဉ်တွေကို လုံး၀ပစ်ပယ်ခြင်းမျိုးမဟုတ်ပဲ အဆိုပါတိုးတက်မှုတွေအတိုင်း လိုက်ပါပြောင်းလဲပေါင်းစပ်ပြီး မိမိတို့ ကလေးငယ်တွေအတွက် အကောင်းဆုံးဖြစ်မယ့် ချဉ်းကပ်မှုမျိုးကို ရှာဖွေနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်။ 


Share

Comments

Related Posts