မိဘတွေကြားခေတ်စားလာတဲ့ Montessori နည်းလမ်း

Posted in မိဘအုပ်ထိန်းခြင်း, ကလေးငယ်ပညာရေး


၂၀ ရာစု အစောပိုင်းက အီတလီလူမျိုး ဆရာဝန်တစ်ဦးဖြစ်တဲ့ မာရီယာမွန်တက်စရီစတင်တီထွင်ခဲ့တဲ့ မွန်တက်စရီသင်ကြားနည်းဟာ ကလေးတွေရဲ့ ကိုယ်ပိုင်စူးစမ်းလေ့လာမှုအပေါ်အခြေခံပြီး သူတို့ရဲ့သင်ယူနိုင်စွမ်းအလိုက် သင်ကြားပေးတဲ့နည်းစနစ်တစ်ခုဖြစ်ပါတယ်။ မွန်တက်စရီသင်ကြားနည်းက ကျောင်းတွေနဲ့ စာသင်ခန်းတွေမှာပဲ အသုံးဝင်တာမျိုးမဟုတ်ဘဲ သင့်ကလေးကို အိမ်မှာစာသင်တဲ့အခါတွေမှာလည်း အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် ဒီသင်ကြားနည်းစနစ်နဲ့ ပတ်သက်ပြီး သင်သိထားသင့်တဲ့အချက်လေးတွေကို အောက်မှာ ဖော်ပြပေးလိုက်ရပါတယ်။

ကလေးများရဲ့ ပင်ကိုယ်စွမ်းရည်ကို မြှင့်တင်ပေးခြင်း

မွန်တက်စရီသင်ကြားနည်းဆိုတာ ကလေးတစ်ဦးချင်းစီရဲ့ အားသာချက်၊ အားနည်းချက်နဲ့ လိုအပ်ချက်တွေအပေါ်မှာမူတည်ပြီး ကလေးတွေရဲ့ လေ့လာသင်ယူနိုင်စွမ်းကို ပြုစုပျိုးထောင်ပေးတဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အသက် (၂) နှစ် မှ (၆) နှစ်အရွယ်ကြားကလေးငယ်တွေရဲ့ အစောပိုင်း ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အထောက်အကူပေးနိုင်တဲ့ သင်ကြားနည်းဆိုလည်းမမှားပါဘူး။ ကလေးတစ်ဦးချင်းစီရဲ့ ပင်ကိုယ်စွမ်းဆောင်ရည်ပေါ်မှာ အခြေခံပြီးသင်ကြားပေးခြင်းအားဖြင့် ကလေးတွေရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ပိုမိုမြင့်မားလာစေပြီး ပြင်ပဖိအားမပါဘဲ လေ့လာသင်ယူချင်စိတ်ကို ပိုမိုမြင့်မားလာစေမှာပါ။

ကလေးများရဲ့ စူးစမ်းလေ့လာချင်စိတ်ကိုမြှင့်တင်ပေးခြင်း

မိဘများအနေနဲ့ ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းနဲ့ တီထွင်နိုင်စွမ်းမြင့်မားလာအောင် ရုပ်ပြစာအုပ်တွေ မြေပုံတွေနဲ့ စမ်းသပ်တီထွင်မှုအသားပေး သင်ထောက်ကူပစ္စည်းတွေကို သားသားမီးမီးတို့နဲ့ထိတွေ့ပေးသင့်ပါတယ်။ ဒါ့အပြင် စဉ်းစားတွေးခေါ်နိုင်မှုကို မြှင့်တင်ပေးနိုင်မယ့် “သားသားမီးမီးတို့သာ တစ်ခုခုကိုတီထွင်နိုင်စွမ်းရှိမယ်ဆိုရင် ဘယ်လိုအရာမျိုးကိုတီထွင်မလဲ” ဆိုတဲ့ မေးခွန်းမျိုးတွေ မေးသင့်ပါတယ်။ ဒါ့အပြင် 'Three Little Pigs' လိုမျိုး ချစ်စရာပုံပြင်လေးတွေကို ပြောပြပေးရင် သူတို့လေးတွေလည်း စိတ်ဝင်စားပြီး ပြင်ပဗဟုသုတတွေပါရရှိနိုင်ပါတယ်။ သင့်ကလေးတွေဟာ ပုံမှန်စာသင်ကြားမှုပုံစံမှာ လေ့လာချင်စိတ်မရှိခဲ့ဘူးဆိုရင်တော့ အရောင်တွေ၊ ကိန်းဂဏန်းတွေ၊ အရာဝတ္ထုပုံသဏ္ဍာန်ကို ကလေးတွေ ကြိုက်နှစ်သက်မယ့် အရုပ်ကလေးတွေနဲ့ ပေါင်းစပ်ပြီးသင်ကြားပေးသင့်ပါတယ်။ အဲဒီလို ပုံပြင်လေးတွေနဲ့ ဂိမ်းလေးတွေကို အိမ်မှာ အတူအတူကစားပေးခြင်းအားဖြင့် ကလေးတွေရဲ့  တွေးခေါ်နိုင်စွမ်းနဲ့ ပြောဆိုဆက်ဆံနိုင်စွမ်းတွေကိုပါ တိုးတက်လာစေမှာပါ။ မွန်တက်စရီသင်ကြားနည်းမှာ အခြေခံကျတဲ့ နောက်ထပ်အချက်တစ်ချက်ကတော့ ကလေးတွေရဲ့ အာရုံစိုက်ချိန်ကို အနှောင့်အယှက်မပေးဖို့ပါပဲ။ ကလေးတွေစိတ်ဝင်တစားလေ့လာနေတဲ့အရာတွေကို ပိတ်ပင်တားဆီးတာမျိုးမလုပ်ခြင်းအားဖြင့် သူတို့လေးတွေရဲ့ လေ့လာချင်စိတ်ကို ပြုစုပျိုးထောင်ပေးဖို့လည်း လိုပါတယ်။

ဖိအားမပေးဘဲ လမ်းညွှန်ပေးခြင်း

မွန်တက်စရီသင်ကြားနည်းနဲ့ ကလေးများကို စာသင်ကြားတော့မယ်ဆိုရင် မိဘများအနေဖြင့် ကျောင်းဆရာ၊ဆရာမများကဲ့သို့စာသင်ကြားခြင်းထက် လမ်းပြ၊လမ်းညွှန်ပြီး ထိန်းကျောင်းပေးသူများအနေဖြင့်သာ စာသင်ကြားသင့်ပါတယ်။ မိဘများအနေဖြင့် ကလေးများကို စာသင်ကြားရာတွင် လိုအပ်သည့် သင်ရိုးညွှန်းတမ်းများနဲ့ သင်ထောက်ကူပစ္စည်းများကိုသာ ထောက်ပံ့ပေးသင့်ပြီး အသေးစိတ်ထိန်းချုပ်ပြီး ဖိအားမပေးဖို့လည်း သတိပြုသင့်ပါတယ်။ ကလေးတစ်ဦးချင်းစီရဲ့ စိတ်ဝင်စားမှုအပေါ်မူတည်ပြီး သူတို့နဲ့ကိုက်ညီမယ့် ဘာသာရပ်များကို ဦးစားပေးလေ့လာစေရမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မိဘများအနေနဲ့ ကလေးတွေရဲ့တိုးတက်လာမှုကို စောင့်ကြည့်ပေးပြီး လိုအပ်သည့် လမ်းညွှန်မှုများကို ပြုလုပ်ပေးသင့်ပါတယ်။ ဒီနေရာမှာဂရုစိုက်ရမှာကတော့ ကလေးတွေကို အလွန်အကျွံချီးကျူးတာမျိုဖြစ်ဖြစ် ပိုကြိုးစားအောင်ဆိုပြီးဆူတာမျိုးဖြစ်ဖြစ် မလုပ်မိဖို့လိုပါတယ်။

အခုပြောပြပေးသွားတဲ့ မွန်တက်စရီသင်ကြားနည်းရဲ့ အခြေခံအချက်လေးတွေအတိုင်း သင့်ကလေးတွေကို သင်ကြားပေးမယ်ဆိုရင်တော့ ကိုယ့်အိမ်မှာပဲ ကလေးတွေရဲ့လေ့လာသင်ယူနိုင်စွမ်းကို မြှင့်တင်ပေးနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။


Share

Comments

Anonymous

Montessori သင်ကြားရေးအကြောင်းသိရှိရပြီးကောင်းကျိုးများအပြင် မိဘတွေအနေနဲ့လိုက်နာရမယ့်အချက်တွေဖြစ်တဲ့ ကလေးကိုဖိအားမပေးဖို့ အရမ်းမချီးကျူးမိစေဖို့ ဖော်ပြချက်လေးတွေကိုအရမ်းသဘောကျမိပါတယ် ဒီ စာလေးကြောင့် သတိပြုရမယ့်အရာတွေ တွေးမိလာပါတယ် ကျေးဇူးပါ #the good life

Zwe Minpo

Montessori သင်ကြားရေးနည်းလမ်းက ကလေးရောမိဘရောအတွက် အပေါင်းလက္ခဏာဆောင်တဲ့နည်းလမ်းပါ။ ယခုလိုဆောင်းပါးတွေကြောင့် မိဘတွေအမြင်ကျယ်လာကြခြင်းဟာ မဂ်လာတစ်ပါးပါပဲ။
You must be logged-in to comment on this post.

Related Posts