ခွံ့ကျွေးရမလား ကိုယ်တိုင်ယူစားတတ်အောင် လေ့ကျင့်ပေးရမလား

Posted in မိဘအုပ်ထိန်းခြင်း, ကလေးငယ်အာဟာရ


ကလေးငယ်တွေကို ဖြည့်စွက်စာ စကျွေးတော့မယ်ဆိုရင် မိဘတွေအတွက် စိတ်လှုပ်ရှားရတာ အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ အဲဒါက ကိုယ့်ကလေးငယ်ရဲ့ မှတ်တိုင်အသစ်တစ်ခု ဖြစ်နေလို့ပါ။ ဖြည့်စွက်စာ စကျွေးပြီဆိုရင် ကျွေးတဲ့ ပုံစံ နှစ်မျိုးရှိပါတယ်။ အဲဒါက ကလေးကိုယ်တိုင် ယူစားတတ်အောင် လေ့ကျင့်ပေးတဲ့ နည်းလမ်းနဲ့ မိဘက ခွံ့ကျွေးပေးတဲ့ နည်းလမ်းဆိုပြီး နှစ်မျိုးရှိပါတယ်။ နှစ်ခုစလုံးမှာ ကောင်းကျိုးကိုယ်စီရှိတာမို့ မိမိကလေးနဲ့ ကိုက်ညီတဲ့ နည်းလမ်းကို ရွေးချယ်နိုင်အောင် တစ်ခုချင်းစီအကြေင်း သေသေချာချာ လေ့လာ ဖတ်ကြည့်ကြပါစို့။

ကလေးကိုယ်တိုင်ယူစားတတ်အောင် လေ့ကျင့်ပေးခြင်း

Baby-led weaning ဆိုတဲ့ နည်းလမ်းက ဖြည့်စွက်စာကို ကလေးကိုယ်တိုင် ယူစားတတ်အောင် လေ့ကျင့်ပေးတဲ့ နည်းလမ်းဖြစ်ပြီး အလွယ်တကူ ယူစားလို့ရအောင် ပျော့ပြောင်းတဲ့ အစားအစာတွေကို လက်ညှိုးအရွယ် ပုံသဏ္ဍာန်လှီးဖြတ်ထားပြီး ကလေးဘာသာ ‌စားချင်စိတ်ရှိသ‌လောက် စားနိုင်သလောက် ရွေးချယ်စားခွင့်ပေးတာမျိုးပါ။ ဒီနည်းလမ်းက ကလေးတွေကို အစားအစာ စားရမှာ ပိုမိုနှစ်ခြိုက်မှု ဖြစ်စေပြီး ပုံမှန်အစားစာချင်စိတ်ကိုလည်း တိုးစေတာမို့ ငယ်ရွယ်စဥ်ကတည်းက အစားအစာအမျိုးမျိုးကို သင်ယူစားသောက်လာနိုင်မှာပါ။

 ကလေးကိုယ်တိုင် ယူစားတတ်အောင် လေ့ကျင့်ပေးတဲ့ နည်းလမ်းက ဘယ်လိုကောင်းကျိုးတွေ ရှိလဲဆိုတော့…

  • ကလေးငယ်တွေကို ဗိုက်ဆာရင် ဖြစ်တတ်တဲ့  ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတွေကို နားလည်စေပြီး ဗိုက်ပြည့်အောင် စားတတ်တဲ့အထိ လေ့ကျင့်ပေးပါတယ်။

  • ကလေးငယ်တွေကို အစားအစာမျိုးစုံရဲ့ မတူညီတဲ့ အသွင်အပြင်နဲ့ အရသာတွေကို လေ့လာခွင့်ပေးပြီး သူတို့ရဲ့ ကြိုက်နှစ်သက်မှုက ဘယ်လိုအစားအစာမျိုးလဲဆိုတာကို သိစေပါတယ်။

  • ကလေးငယ်တွေကို သူတို့ရဲ့ လက်ချောင်းကလေးတွေနဲ့ အစားအစာတွေကို ဆုပ်ကိုင် စားတတ်အောင် လေ့ကျင့်ပေးတာမို့ သူတို့ရဲ့ ကောင်းမွန်တဲ့ ခန္ဓာကိုယ်အရိုးအဆစ်များ လှုပ်ရှားသန်မာမှုကို တိုးတက်စေပါတယ်။ 

ကလေးငယ်တွေကို ဒီနည်းလမ်းနဲ့ အစားအစာကျွေးတဲ့အခါ မိဘတွေအနေနဲ့  စိန်ခေါ်မှု အချို့ရှိပါတယ်။ အဲဒါက...

  • ကလေးငယ်တွေ လည်ချောင်းထဲ အစားအစာ တစ်ဆို့မှု အန္တရာယ်မဖြစ်အောင် ကျွေးမယ့်အစားအစာရဲ့ အရွယ်အစားနဲ့ အသွင်အပြင်ကို အထူးဂရုပြုဖို့ လိုပါတယ်။

  • အချို့မိသားစုတွေအနေနဲ့ ဒီနည်းလမ်းက ကလေးငယ်တွေကို အစားအစာတွေနဲ့ ညစ်ပတ်ပေကျံနေတာမျိုး မြင်ကောင်းမြင်နိုင်ပါတယ်။ 

မိဘကိုယ်တိုင် အစားအစာ ခွံကျွေးခြင်း

Spoon feeding ဆိုတဲ့ နည်းလမ်းက ကလေးတွေကို ဖြည့်စွက်စာ puree ဒါမှမဟုတ် ညှက်နေအောင် ချေထားတဲ့ အစားအစာတွေကို ခွံကျွေးတဲ့ နည်းလမ်းဖြစ်ပြီး မိဘ ဒါမှမဟုတ် ကလေးထိန်းသူက ကလေးငယ် လက်ခံနိုင်လောက်တဲ့ အစားအစာ အမျိုးအစားနဲ့ ပမာဏကို ကျွေးခြင်းမျိုး ဖြစ်ပါတယ်။ 

ကလေးကို လူကြီးကိုယ်တိုင် အစားအစာခွံကျွေးတဲ့ နည်းလမ်းနဲ့ ပတ်သက်ပြီး ကောင်းတဲ့ အချက်တွေကတော့…

  • မိဘအနေနဲ့ ကလေး လက်ခံနိုင်လောက်တဲ့ အစားအစာအမျိုးအစားနဲ့ ပမာဏကို ရွေးချယ်ကျွေးတာကြောင့် အစားမစားချင်တဲ့ ကလေးတွေကို အစားပိုဝင်စေပါတယ်။ 

  • ဖြည့်စွက်စာ puree ဒါမှမဟုတ် ညှက်နေအောင် ချေထားတဲ့ အစားအစာတွေက ပုံမှန်အစားအစာတွေထက် အာဟာရပါဝင်မှု ပိုများလို့ နို့မှုန့် ဒါမှမဟုတ် မိခင်နို့ မဝင်တဲ့ ကလေးငယ်တွေအတွက် ပိုပြီး လိုအပ်ပါတယ်။

  • မိဘကိုယ်တိုင် ခွံကျွေးတဲ့ နည်းလမ်းက ကလေးကိုယ်တိုင် ယူစားတတ်အောင် လေ့ကျင့်ပေးတဲ့ နည်းလမ်းထက် ပိုပြီး အဆင်ပြေပါတယ်။ အစားအစာပြင်ဆင်မှုနဲ့ သန့်ရှင်းမှုလည်း အများကြီး မလိုပါဘူး။ 

ကလေးကို လူကြီးကိုယ်တိုင် ခွံကျွေးတဲ့ နည်းလမ်းနဲ့ ပတ်သက်ပြီး စိန်ခေါ်မှု တစ်ချို့ကတော့…

  • အစာကို ပိုပြီး ကျွေးမိစေပါတယ်။ အဲဒါက ကလေးငယ်တွေကို ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ စားသောက်မှုပုံစံကို ဖြစ်ပေါ်စေပါတယ်။

  • ဒီနည်းလမ်းမှာ ကလေးကို အခြား အရသာနဲ့ အသွင်အပြင်ရှိတဲ့ အစားအစာတွေ ကျွေးမှု သိပ်မရှိတော့ ကလေးက အစာရွေးစားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

  • ကလေးကိုယ်တိုင် ယူစားတတ်အောင် လေ့ကျင့်ပေးတဲ့ နည်းလမ်းလိုမျိုး မဟုတ်ဘဲ ဒီနည်းလမ်းမှာတော့ ကလေးတွေရဲ့ ခန္ဓာကိုယ်အရိုးအဆစ်များ လှုပ်ရှားမှုတော့ သိပ်မရှိပါဘူး။

ဘယ်နည်းလမ်းက အကောင်းဆုံးလဲ

ကလေးကိုယ်တိုင် ယူစားတတ်အောင် လေ့ကျင့်ပေးတဲ့ နည်းလမ်းနဲ့ မိဘက ခွံ့ကျွေးပေးတဲ့ နည်းလမ်း၊ ဒီနှစ်ခုမှာ ရွေးချယ်မှုကတော့ မိမိ ကြိုက်နှစ်သက်ရာပါ။ ကလေးကို စူးစမ်းရှာဖွေမှုနဲ့ သူ့ဘာသာ လေ့လာတတ်မြောက်စေတဲ့ လွတ်လပ်တဲ့နည်းလမ်းကိုလိုချင်ရင်တော့ ကလေးကိုယ်တိုင် ယူစားတတ်အောင် လေ့ကျင့်ပေးတဲ့ နည်းလမ်းကို ရွေးပါ။ ဒါမှမဟုတ် ကလေးကို ပြည့်စုံတဲ့ အာဟာရစားသောက်ပုံစံ ဖြစ်စေချင်ပြီး မိမိအနေနဲ့ စီမံရ လွယ်ကူတဲ့ နည်းလမ်းကို သဘောကျ နှစ်သက်ရင်တော့ ခွံကျွေးတဲ့နည်းလမ်းက ပိုအဆင်ပြေမှာပါ။

 အချို့မိဘတွေက သူတို့ကလေးကို အစားကောင်းကောင်းစားဖို့ နည်းလမ်းနှစ်မျိုးကို ပေါင်းစပ် အသုံးပြုတတ်ကြပါတယ်။ ပျော့ပြောင်းတဲ့ အသီးအနှံအရွက်၊ ချက်ပြုတ်ထားတဲ့ အသား ဒါမှမဟုတ် ငါး၊ ထမင်းတို့ကို ကျွေးမယ်ဆိုရင် ကလေးကိုယ်တိုင် ယူစားတဲ့ နည်းလမ်းကို သုံးပြီး puree ဒါမှမဟုတ် ညှက်နေအောင် ချေထားတဲ့ အစားအစာတွေဖြစ်တဲ့ အသီးအနှံအရွက် puree ၊ ဒိန်ချဥ် ဒါမှမဟုတ် ကလေးအာဟာရဖြည့်စွက်စာတွေ ကျွေးရင် မိဘကိုယ်တိုင် ကျွေးတဲ့နည်းလမ်းကို သုံးကြပါတယ်။ 

 ဘယ်နည်းလမ်းပဲ ရွေးရွေး ဖြည့်စွက်စာစားခြင်းက ကလေးငယ်ရဲ့  အစားစားမှု အစဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ကလေးငယ်ရဲ့ အစားအစာရွေးချယ်နှစ်သက်မှုက  ပြောင်းလဲနိုင်ပါတယ်။ မိမိကလေးကို နို့မှုန့်တိုက်တာ ဒါမှမဟုတ် မိခင်နို့တိုက်တာကို အနည်းဆုံး တစ်နှစ်အထိ လုပ်ဆောင်ရမှာဖြစ်ပြီး ဖြည့်စွက်စာ စမကျွေးခင်တော့ ကလေးအထူးကုဆရာဝန်နဲ့ သေချာဆွေးနွေးတိုင်ပင်ဖို့လည်း လိုပါတယ်။ 


Share

Comments

You must be logged-in to comment on this post.

Related Posts