နွေဦးမှာ အိမ်ရှင်းဖို့ ပေါ့ပေါ့ပါးပါး အခြေခံနည်းလမ်းများ

Posted in အိမ်မှုရေးရာ


ပွင့်လင်းရာသီဖြစ်တဲ့ နွေဦးရောက်လာတော့မယ်ဆိုတော့ တစ်အိမ်လုံးကို သန့်ရှင်းတောက်ပြောင်သွားအောင် ဆေးကြော လှည်းကျင်းရမယ့် အချိန်ပဲနော်။ အိမ်ရှင်းမယ်လို့ စဥ်းစားထားပေမယ့် လက်တွေ့လုပ်တော့မယ်ဆိုရင် လူတော်တော်များများ ဘယ်ကစလို့ စရမှန်းမသိ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် အိမ်ရှင်းလင်းရေးလုပ်ငန်းစဥ်ကို မြန်ဆန်ထိ‌ရောက်စေဖို့ သန့်ရှင်း ရေးလုပ်ရမယ့် အခြေခံအကြောင်းအရာတွေကို အပိုင်း(၃) ပိုင်းခွဲပြီး ဖော်ပြထားပါတယ်။

အိပ်ရာနဲ့ အဝတ်တွေကို ဒီလိုရှင်းပါ

တနေကုန်အလုပ်သွားပြီး ပြန်လာရင်ပဲဖြစ်ဖြစ်၊ အိမ်မှာနေတဲ့သူပဲဖြစ်ဖြစ် သက်သောင့်သက်သာ အနားယူဖို့ အကောင်းဆုံး နေရာက အိပ်ရာပါပဲ။ ဒါကြောင့် လျော်ဖွပ်နေလှန်းလို့ ကောင်းတဲ့ နွေဦးပေါက်ချိန်မှာ အိမ်ရှင်းတော့မယ်ဆိုရင် ကိုယ်အနေ အများဆုံး နေရာတစ်ခုဖြစ်တဲ့ အိပ်ရာကို မမေ့မလျော့ သန့်ရှင်းဖို့လိုပါတယ်။  

အိပ်ရာမှာ ခေါင်းအုံးတွေက ကျန်းမာရေးအတွက်ရော၊ အလှအပအတွက်ပါ အလွန်အရေးပါပါတယ်။ ခေါင်းအုံးတွေကို အစွပ်တွေတင်မက အခွံတွေကိုလည်း လျှော်ဖို့လိုအပ်ပါတယ်။ ခုနောက်ပိုင်း ခေါင်းအုံးတွေက ဇစ်ပါတာများလို့ အထဲက မှို့(သို့) ဆီလီကွန်တွေကို သတ်သတ်ထုတ်၊ နေလှန်းပြီး ခေါင်းအုံးခွံကို လျှော်လို့ရပါတယ်နော်။ မှို့ထုတ်လျော်ဖို့မလွယ်တဲ့ ခေါင်းအုံးတွေကိုတော့ နေပူပူမှာ သေချာလှန်းပြီး ဖုန်ခါရပါမယ်။ ခေါင်းအုံးခွံတွေကို မလျှော်ဘူး၊ ဝယ် ပြီးတည်းက တစ်ခါမှ နေမလှန်းဘူးဆိုရင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဓာတ်မတည့်မှုနဲ့ ရောဂါတွေ ဖြစ်နိုင်ချေများပါတယ်။ ပြီးတော့ ခေါင်းအုံး နဲ့ တိုက်ရိုက်ထိနေတဲ့ မျက်နှာအသားရေအတွက်လည်း ဆိုးကျိုး တွေ ဖြစ်စေပါသေးတယ်။ ခေါင်းအုံးတွေကို အနည်းဆုံး တော့ (၁) နှစ်တစ်ကြိမ် အသစ်လဲဖို့ လိုပါတယ်။ ခေါင်းအုံးကို နှစ်ခေါက်ခေါက်လိုက်လို့ သူ့အလိုလို ပြန်မဆန့်သွားတော့ ဘူး ဆိုရင် သင် ခေါင်းအုံးအသစ် လိုနေပါပြီ။ 

လူတော်တော်များများက မွေ့ရာတွေကို ဝယ်ပြီးကတည်းက အိပ်ရာခင်းပဲလဲတယ်၊ မွေ့ရာကိုတော့ ဟိုဘက်ဒီဘက် တောင် မလှန်ဖြစ်ဘူး ဆိုတာမျိုး ဖြစ်တတ်ကြပါတယ်။ မွေ့ရာတွေကို (၃)လတစ်ကြိမ်၊ (၆) လတစ်ကြိမ်ဆိုသလို ဘက် ပြောင်းပေး၊ လှန်ပေးတာမျိုး လုပ်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် စပရိန်မွေ့ယာတွေမှာ ဘယ်နှလတကြိမ် ဘက်ပြောင်းပေးရမယ်ဆိုတဲ့ အညွှန်းပါလေ့ရှိပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့်မွေ့ရာတွေ ကျွံတာ၊ ခွက်ဝင်တာမျိုး မဖြစ်တော့ ဘူး‌ပေါ့။ မွေ့ရာမှာ အစွန်း အထင်းတွေ ရှိတယ်ဆိုရင် ရှာလကာရည်နဲ့ ပန်းကန်ဆေးဆပ်ပြာကိုရောပြီး သန့်စင်လို့ ရပါတယ်။ ပြီးရင်တော့ မွေ့ရာမှာ ကပ်နေတဲ့ ဖုန်တွေ ကင်းစင်သွားအောင် ဖုန်စုပ်စက်နဲ့ စုပ်လိုက်တော့နော်။ မမြင်ရတဲ့ ပိုးမွှားတွေ၊ မှိုတွေ ကင်းစင်သွားစေဖို့ နေကောင်းကောင်းပူတဲ့ နေ့မျိုးတွေမှာ မွေ့ရာကို နေပူလှန်းဖို့ အကြံပေး ပါရစေ။

အိပ်ယာခင်းနဲ့ စောင်တွေ၊ ခန်းစီးလိုက်ကာတွေကို လျှော်တော့မယ်ဆိုရင် အစွန်းအထင်းတွေ ပြောင်စင်စေဖို့ မလျှော်ခင်မှာ မုန့်ဖုတ်ဆိုဒါနဲ့ အရင် ပွတ်ထားပြီးမှ လျှော်မယ်ဆိုရင် အားမစိုက်ရပဲ ပြောင်စင်စေမှာပါ။ အဝတ် အထူတွေ၊ ဆွယ်တာတွေ အပါအဝင် ဆောင်းတွင်းဝတ်တွေကိုလည်း လျှော်ဖွပ်သိမ်းဆည်းလိုက်တော့နော်။ အရင်တုန်းက တော့ စောင်အထူကြီးတွေ၊ အနွေးထည်တွေကို လျှော်ရတာ အချိန်ကုန်၊ လူပင်ပန်းတဲ့ အလုပ်ဖြစ်ခဲ့တာပေါ့။ ဒီနေ့ ခေတ်မှာတော့ အမျိုးအစား ကောင်းတဲ့ အဝတ်လျော်စက်တွေ အများကြီး ရွေးချယ်စရာရှိလာတာကြောင့် ‌လျှော်ဖွပ်ရတာ အရင်လောက် မပင်ပန်းတော့ ဘူးလို့ ခံစားရပါတယ်။

လက်နဲ့ပဲလျှော်လျှော်၊ စက်နဲ့ပဲ လျှော်လျှော် လက်အရေပြား ထိခိုက်မှုနည်းစေဖို့၊ အဝတ်အစား တွေ ဆွေးမြည့်လွယ်တာမျိုး မဖြစ်စေဖို့ အမျိုးအစား ကောင်း တဲ့ အဝတ်လျှော်ဆပ်ပြာတွေ၊ Bio detergent တွေကို ရွေး သုံးသင့်တယ်နော့်။

ဖုန်မှုန့်အားလုံး လွင့်စင်သွားပါစေ 

ဖုန်တင်လွယ်တဲ့ ကြမ်းပြင်တွေ၊ သစ်သားပရိဘောဂတွေကို သေချာရှင်းလင်းတာမျိုးမဟုတ်ရင်တောင် အပေါ်ယံတော့ မကြာမကြာ ဖုန်ခါကြလေ့ရှိပါတယ်။ မျက်စိရှေ့မှာ မြင်နေရပေမယ့် မရှင်းလင်းမိဘဲ အမှုမဲ့အမှတ်မဲ့ ကျော်သွားတတ်တာ ကတော့ ကြပ်ခိုး၊ ပိုးမျှင်တွေပါပဲ။ အိမ်ခေါင်မိုး၊ အခန်းထောင့်၊ တံခါးနောက် စတဲ့ ချောင်ချိုချောင်ကြားနေရာတွေကို သန့် ရှင်းရေးလုပ်ဖို့ ကျော်သွားတတ်လို့ ပိုးမျှင်တွေနဲ့ ဖုန်လုံးတွေ စုပုံနေတတ်ပါတယ်။ နေပူတဲ့နေ့တစ်နေ့က တစ်အိမ်လုံးက ဖုန်နဲ့ ပိုးမျှင်တွေကို ရှင်းလင်းပစ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။

တစ်အိမ်လုံးက ဖုန်တွေကို တစ်နေ့တည်းရှင်းဖို့ဆိုတာ တော်တော်လေး အားစိုက်ထုတ်ရ၊ ပင်ပန်းရမယ့် အလုပ်ပါ။ ဒါကြော င့်  သန့်ရှင်းရေးလုပ်တဲ့အခါ တစ်ခါတည်းအပြီးမဟုတ်ဘဲ တစ်နေ့နည်းနည်းစီ ရှင်းသွားဖို့ အကြံ ပေးချင်ပါတယ်။ မီးခလုတ် နား က၊ တံခါးကြားထဲကလို လက်လှမ်းမှီတဲ့ ပိုးမျှင်တွေကို ထမင်းစားတူလို တုတ်ချောင်းလေးတစ်ချောင်းနဲ့ ရစ်ယူပြီး ရှင်း တာက လွယ်ကူစေတဲ့ နည်းလမ်းတစ်ခုပါ။ မျက်နှာကျက်မှာ ကပ်နေတဲ့ ပိုးမျှင်တွေကို လှည်းကျင်းဖို့ဆိုရင်တော့ ကြမ်းတိုက် တံအပြားကို ရွေးချယ်သင့်ပါတယ်။ ဖုန်တင်အများဆုံး နေရာတစ်ခုဖြစ်တဲ့ စာအုပ်စင်ကိုတော့ ကြက်‌မွှေး အနုစားလေးကို သုံးပြီး ရှင်းလင်းလိုက်ပါ။ စာအုပ်တွေဆိုတာ ဒီတိုင်းပစ်ထားရင် ပိုးကိုက်တာ၊ စာရွက်သား ဝါလာတာတွေ ဖြစ်တတ်တာမို့ မကြာမကြာ ထိန်းသိမ်း ဂရုစိုက်ပေးဖို့ လမ်းကြုံပြောလိုက်ပါရစေ။

ကြည့်မှန်တွေ ရေချိုးခန်းက မှန်တွေကို နေ့တိုင်းတိုက်ချွတ်နေနိုင်တဲ့သူ ရှားမယ် ထင်ပါတယ်။ မှန်တွေဆိုတာ ဒီတိုင်း အဝတ် နဲ့တိုက်လို့ ပြောင်နေတာနဲ့ မှန်ကြည်ဆေးသုံးပြီးတိုက်လို့ ကြည်လင် တောက်ပနေတာ မတူပါဘူး။ ဒါကြောင့် တအိမ်လုံးကို သန့်ရှင်းရေးလုပ်တဲ့အခါ မှန်တွေကို မှန်ကြည်ဆေးနဲ့ တိုက်ချွတ်ဖို့မမေ့နဲ့နော်။ ဖုန်တွေလွယ်ပြီး ညစ်ပတ်နေတာကို ‌နေ့တိုင်း မြင်နေပေမယ့် သတိမထားမိဘဲ တိုက်ချွတ်ဆေးကြော မလုပ်မိတဲ့ နောက်ထပ်နေရာတွေက ပြတင်းပေါက်နဲ့ တံခါးတွေပါ။ သစ်သားတံခါး ဖြစ်စေ၊ မှန်တံခါးဖြစ်စေ ဖွင့်ထုတ်ပြီး အတွင်းအပြင် နှစ်ဖက်လုံးကို အဝတ်သုံးပြီး ဖုန်သုတ်နိုင်ပါတယ်။ ကာလကြာရှည် ကပ်ညိနေတဲ့ ဖုန် တွေကို ပြောင်စင်သွားအောင်ဆိုရင်တော့ ဆပ်ပြာနဲ့ရေမြှုပ်ကို အသုံးပြုပြီး သန့်စင်တာ အကောင်းဆုံးပါ။ ကိုယ့်အိမ်က မှန်ပြတင်းပေါက်တွေဆိုရင်တော့ ဒီလိုသန့်စင်တာအပြင် မှန်ကြည်ဆေးကိုလည်း ထပ်ဆင့် အသုံးပြုနိုင်ပါ တယ်။

အိမ်ကြမ်းပြင်တွေ မွဲညစ်မနေစေဖို့ 

အိမ်တစ်အိမ်မှာ ညစ်ပတ်အလွယ်ဆုံး၊ သန့်ရှင်းရေးလုပ်ဖို့အလိုအပ်ဆုံးက နေရာကတော့ မီးဖိုခန်းကြမ်းပြင်တွေပါပဲ။ မီးဖို ခန်း ကြမ်းပြင်တွေက အများအားဖြင့် ကြွေပြား၊ ကျောက်ပြားခင်းထားတာ၊ ဒါမှမဟုတ် တမံသလင်းလို မာကြောတဲ့ ကြမ်း ပြင် တွေဖြစ်ကြလို့ ဒီလိုကြမ်းအမျိုးအစားကို သန့်ရှင်းရေးလုပ်ဖို့ဆိုရင် အကြမ်းခံပြီး ကြမ်းတိုက်ဆေးရည်အမျိုးမျိုးနဲ့ တွဲ သုံးနိုင်တဲ့ ချည်ကြိုးကြမ်းတိုက်တံတွေက အသင့်တော်ဆုံးပါပဲ။ ကြမ်းပြင်အမျိုးမျိုးအတွက် ကြမ်းတိုက်တံအမျိုးမျိုး ရှိတာမို့ သင့်တော်ရာကို ရွေးသုံးသင့်ပါတယ်။

နောက်ထပ် သန့်ရှင်းရေးလုပ်ရမယ့် နေရာတစ်ခုကတော့ ရေချိုးခန်းကြမ်းပြင်ပါ။ ရေချိုးခန်းကြွေပြားတွေက မတိုက်ရင် မတိုက်သလို ညစ်ထေးထေးဖြစ်သွားတတ်လို့ ရေချိုးခန်းသုံးဆေးရည်ကို သုံးပြီး တိုက်ချွတ်ဆေးကြောရပါမယ်။ ပြီးတော့ ရေခဲသေတ္တာနဲ့ အဝတ်လျှော်စက်တွေ၊ မီးဖိုချောင်နဲ့ ဘေစင်တွေကစလို့ သစ်မာကြမ်းခင်းနဲ့ ကောဇောတွေအထိ အိမ်ထောင့် စေ့မကျန် ရှင်းလင်းဖို့  ဒီနွေဦးမှာ စတင်လိုက်တော့နော်။

ဒါနဲ့ ပြောရဦးမယ် သိလား ... ကြမ်းပြင် ပြောင်နေ၊ ရှင်းလင်းနေဖို့ဆို စားပွဲအောက်၊ ကုတင်အောက်တွေမှာ ပစ္စည်းတွေ၊ ဂျပ် ဖာတွေ ထိုးထည့်ထားတာမျိုး မလုပ်သင့်ဘူးနော်။ လှည်းရကျင်းရခက်တဲ့အပြင် ပိုးဟပ်နဲ့ တခြားအကောင်ပလောင်တွေ အောင်းနေနိုင်တာကြောင့် ကြမ်းပြင်ဆိုရင် အလွတ်ပဲ ထားသင့်ပါတယ်။

သန့်ရှင်းတဲ့ အိမ်က ကျန်းမာတဲ့ လူနေမှုဘဝရဲ့ အခြေခံဆိုတာ ငြင်းမရပါဘူး။ ဒါကြောင့် အိမ်ကို နွေဦးမှမဟုတ်ဘဲ ရာသီတစ်ခုကူးပြောင်းတိုင်းမှာ သေချာရှင်းလင်းသင့်တာပါ။ တောက်ပတဲ့ နေရောင်၊ ရွက်သစ်ဝေနေတဲ့ မြင်ကွင်း တွေနဲ့ နွေထွေးတဲ့ နေ့ရက်တွေက အိမ်ကို တက်တက်ကြွကြွရှင်းလင်းဖို့ အားအင် အပြည့်ဖြစ် စေတာကြောင့် နွေဦးဟာ သန့်ရှင်း ရေးလုပ်ဖို့ အချိန်အခါ‌ကောင်းပါပဲ။


Share

Comments

Related Posts