မီးဖိုချောင်က အနံ့ဆိုးတွေကို ဒါလေးတွေသုံးပြီး ဖယ်ရှားကြမယ်

Posted in အိမ်မှုရေးရာ


ကိုယ့်အနေနဲ့ ဘယ်လောက်ပဲ ကိုယ်နေတဲ့နေရာကို သန့်ရှင်းရေးလုပ်ပြီး သေသပ်အောင်ထားထား တချို့အနံ့ဆိုးတွေကျ ဘယ်လိုမှလုပ်လို့မရပဲ တဝဲဝဲလည်ပြီး မပျောက်နိုင်ဖြစ်နေတာကို ကြုံဖူးကြမှာပါ။ အိမ်မှာ အနံ့ဆိုးထွက်လွယ်တဲ့နေရာတွေထဲကတစ်ခုကပြောပါဆိုရင်တော့  မီးဖိုချောင် ဘေစင်တွေက ထိပ်ဆုံးကပါနေမှာပါ။ ဒီနေရာဟာဆိုရင် အစာအကြွင်းအကျန်တွေ၊ သန့်ရှင်းရေးသုံးပစ္စည်းတွေကြောင့် မလိုလားအပ်တဲ့အနံ့ဆိုးတွေ ပေါက်ဖွားရာ နေရာကြီးဖြစ်နေတာပဲဖြစ်ပါတယ်။ အခု ဒီဆောင်းပါးထဲမှာဆိုရင်တော့ ဘေစင်တစ်ဝိုက်က အနံ့ဆိုးတွေကို  တာ့တာလုပ်နိုင်မယ့် အနံ့ဆိုးဖယ်ရှား ပစ္စည်းလေးတွေကို အဓိကထား ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

ကော်ဖီအကြမ်းမှုန့်

မီးဖိုချောင်ဘေစင်တွေက ထွက်တဲ့ အနံ့ဆိုးတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်မယ့် ပစ္စည်းလေးတွေထဲကတစ်ခုကတော့ ကော်ဖီအကြမ်းမှုန့် ပဲဖြစ်ပါတယ်။ ကော်ဖီအကြမ်းမှုန့်တွေကို ရိုးရိုးရှင်းရှင်းပဲ ပန်းကန်လုံးအသေးလေးတစ်လုံးထဲကို ထည့်ပြီးတော့ ဘေစင်အောက်မှာ ထားလိုက်ပါ။ သူတို့က အဲ့ဒီမကောင်းတဲ့ အနံ့တွေကို စုပ်ယူပေးပြီး သင့်ရဲ့မီးဖိုချောင်ကို သန့်ရှင်းမွှေးပျံ့စေမှာပါ။ အိမ်မှာ မသောက်ဖြစ်တော့တဲ့ ကော်ဖီမှုန့်တွေလည်းရှိမယ်၊ သင့်မီးဖိုချောင်မှာ ကော်ဖီရနံ့လေး သင်းနေကိုလည်း ကြိုက်တယ်ဆိုရင်တော့ ဒီနည်းလမ်းက အသင့်တော်ဆုံးဖြစ်မှာပါ။ 

ရှောက်သီး/ သံပရိုသီးအခွံ

အခြားအနံ့ဆိုးပျောက်စေတဲ့ ပစ္စည်းတစ်ခုကတော့ သံပရိုသီးအခွံတွေပဲဖြစ်ပါတယ်။ သံပရိုသီးတစ်လုံးကိုယူ၊ အခွံပါးပါးလှီးယူပြီး ဘေစင်အောက်မှာ ထားလိုက်ပါ။ ဒီသဘာဝ သံပုရာရနံ့လို သင်းသင်းလေးက အနံ့ဆိုးတွေရဲ့ အာနိသင်ကို ပျက်ပြယ်စေပြီး သင့်မီးဖိုချောင်လေးကို သန့်ရှင်းလတ်ဆက်မွှေးပျံ့စေမှာပါ။ ဒီနည်းလမ်းက လတ်ဆတ်တဲ့ အနံ့လေးတွေကြိုက်တဲ့သူတွေနဲ့ ဟင်းချက်ရင်း သံပရိုသီးအခွံတွေပိုနေတဲ့သူတွေအတွက် အသုံးဝင်စေမှာပါ။

မုန့်ဖုတ်ဆိုဒါ

မြန်မာပြည်မှာဆိုရင် မုန့်ဖုတ်ဆိုဒါကို ဆောင်ထားလေ့ရှိတဲ့အိမ် အတော်နည်းပါတယ်။ လူငယ်တွေလောက်သာ ဆားဝက်ခြံနဲ့ ဝက်ခြံတွေသက်သာစေဖို့၊ အသားအရည်ကြည်လင်စေဖို့အတွက်  မျက်နှာနဲ့ ခန္ဓာကိုယ်ကို ကြေးချွတ်တာလိုမျိုး အလှအပအတွက် ဝယ်သုံးလေ့ရှိကြပါတယ်။ ဒါဟာလည်း မုန့်ဖုတ်ဆိုဒါရဲ့  အနံဆိုး ဖယ်ရှားနိုင်စွမ်းနဲ့ သန့်စင်နိုင်စွမ်းတွေကို မသိကြသေးလို့ဖြစ်ပါလိမ့်မယ်။ တကယ်တော့ မုန့်ဖုတ်ဆိုဒါဟာဆိုရင် သာမန်ဆပ်ပြာတွေထက်တောင် သန့်စင်နိုင်စွမ်းမြင့်မားတဲ့အပြင်  သဘာဝအနံ့ဆိုးပျောက်ဆေးလည်းဖြစ်တဲ့အတွက် အနံဆိုးအားလုံးကို အလွယ်တကူ ဖယ်ရှားပေးနိုင်တာပဲဖြစ်ပါတယ်။ သူ့ကို သုံးမယ်ဆိုရင်တော့ ဘေစင်မှာပါတဲ့ ဘီရိုရဲ့ အောက်ခြေက အနံ့ဆိုးထွက်လွယ်တဲ့နေရာတွေကို  မုန့်ဖုတ်ဆိုဒါ ခပ်များများ ဖြူးလိုက်ပြီး  နာရီတော်တော်ကြာ ဒါမှမဟုတ် တစ်ညသိပ်ထားလိုက်ပါ။ နောက်နေ့မနက်ကျမှ အဝတ်ရေစိုနဲ့ သုတ်ပြီး သန့်ရှင်းလိုက်တာနဲ့တင် အနံ့ဆိုးတွေ ပျောက်သွားစေမှာပါဖြစ်ပါတယ်။  ဒါ့ကြောင့် အိမ်တိုင်းမှာ ရှိထားသင့်တဲ့ ပစ္စည်းတစ်ခုဆိုလည်း မမှားပါဘူး။

ရှာလကာရည်

ရှာလကာရည်ဟာဆိုရင်လည်း အနံ့ဆိုးတွေဖယ်ရှားရာမှာ ထိရောက်တဲ့ ပစ္စည်းတစ်ခုပါပဲ။ ရေနဲ့ ရှာလကာရည်ကို ဆတူရော၊ စပရေးဘူးထည့်ပြီး အနံ့ဆိုးထွက်နိုင်တဲ့ မျက်နှာပြင်တွေနဲ့ ဘေစင်တွေထဲကို ဖြန်းနိုင်ပါတယ်။ ရှာလကာရည်က အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားပေးပြီး သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းမွှေးပျံ့စေမှာပါ။

အခုပြောပြပေးသွားတဲ့နည်းလမ်းတွေအပြင် ဘေစင်အောက်မှာ အနံ့ဆိုးတွေစုပုံမသွားအောင် ဒီနည်းလမ်းတွေကိုလည်း လိုက်လုပ်ကြည့်ဖို့ အကြံပေးပါရစေ။ ပထမဆုံးအနေနဲ့ စားကြွင်းစားကျန်တွေကို သေချာလေးစွန့်ပစ်ပါ၊ 

ဒုတိယတစ်ခုအနေနဲ့ ဖိတ်စင်တာမျိုးတွေ၊ အစွန်းတွေကို ပုံမှန်လေး သုတ်ပေးပါ၊ ပြီးရင် မီးဖိုချောင်ကို သန့်သန့်ရှင်းရှင်းနဲ့ ခြောက်ခြောက်သွေ့သွေ့လေး ထားပေးပါ။ ဒီလိုထားပေးမယ်ဆိုရင်တော့ သင့်အနေနဲ့ သန့်ရှင်းပြောင်လတ်ပြီး အနံ့ဆိုးကင်းတဲ့ မီးဖိုချောင်လေးကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးကို ဖတ်ပြီး ဈေးသွားတဲ့အခါ မုန့်ဖုတ်ဆိုဒါနည်းနည်းပဲဖြစ်ဖြစ်၊ ရှာလကာရည်တစ်ဘူးလောက်ပဲဖြစ်ဖြစ်ဝယ်လာပြီး ဒီနည်းလမ်းတွေအတိုင်း စမ်းသပ်ကြည့်ဖို့ မမေ့ပါနဲ့နော်။


Share

Comments

Mg Paing

ကျွန်တော်က မီးဖိုချောင်မှာပန်းကန်ဆေးရတာကို ဘေစင်ကအနံ့တွေကြောင့် အမြဲလက်တွန့်နေတတ်သူ။The good lifeကဒီဆောင်းပါးကိုဖတ်မိပြီး coffeeကြမ်းမှုန့်နဲ့ ရှောက်သီးခွံတေအသုံးတည့်သွားပြီ။အဆင်ပြေသွားတယ်။Baking sodaပြီး တပတ်တခါ သန့်ရှင်းကြည့်ဦးမယ်။vinegarအစား vodka သုံးလို့ရလား။LOL! Thanks .This save my life.

Mg Paing

ကျွန်တော်က မီးဖိုချောင်မှာပန်းကန်ဆေးရတာကို ဘေစင်ကအနံ့တွေကြောင့် အမြဲလက်တွန့်နေတတ်သူ။The good lifeကဒီဆောင်းပါးကိုဖတ်မိပြီး coffeeကြမ်းမှုန့်နဲ့ ရှောက်သီးခွံတေအသုံးတည့်သွားပြီ။အဆင်ပြေသွားတယ်။Baking soda ဝယ်ပြီး တပတ်တခါ သန့်ရှင်းကြည့်ဦးမယ်။vinegarအစား vodka သုံးလို့ရလား။LOL! Thanks .This save my life.