အိမ်နဲ့ အသင့်တော်ဆုံး ကြမ်းတိုက်တံကို ရွေးချယ်ခြင်း

Posted in အိမ်မှုရေးရာ

သင်္ကြန်ပွဲတော်ကို နှစ်သစ်တစ်နှစ်ရဲ့ အစလို့ သတ်မှတ်ထားတဲ့အတွက် ကိုယ့်အိမ်ရဲ့ တစ်နှစ်စာ အညစ်အကြေးတွေကို ဆေးကြောသန့်စင်ဖို့ အချိန်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့အိမ်လေး သန့်ရှင်းတောက်ပြောင်နေဖို့အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေထဲမှာ အရေးအကြီးဆုံးတစ်ခုကတော့ ကြမ်းတိုက်တံပါပဲ။ ဒါပေမယ့် စျေးကွက်ထဲမှာ ကြမ်းတိုက်တံပုံစံ အမျိုးမျိုးရှိနေတဲ့အတွက်ကြောင့် ကိုယ့်အိမ်အတွက် ဘယ်လို ကြမ်းတိုက်တံက သင့်တော်လဲဆိုတာ ရွေးဖို့က  နည်းနည်းတော့ ခက်မှာ အသေအချာပါပဲ။ အဲ့ဒါကြောင့် ဒီဆောင်းပါးထဲမှာတော့ လူသုံးအများဆုံး ကြမ်းတိုက်တံ လေးမျိုးအကြောင်းကို ပြောပြပေးသွားမှာမို့ ကိုယ့်လိုအပ်ချက်အလိုက် သင့်တော်မယ့် ကြမ်းတိုက်တံကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ချည်ကြိုး ကြမ်းတိုက်တံ

ဒီကြမ်းတိုက်တံတွေကတော့ ချည်ကြိုး ဒါမှမဟုတ် ဖိုက်ဘာကြိုးအတုလေးတွေနဲ့ ပြုလုပ်ထားပြီးတော့ အသုံးအများဆုံး ကြမ်းတိုက်တံတစ်မျိုးဖြစ်ပါတယ်။ ဒီအမျိုးအစားက မာကြောပြီး ညစ်ပတ်တဲ့ ကြမ်းပြင်တွေကို သန့်ရှင်းဖို့ အသင့်တော်ဆုံး ကြမ်းတိုက်တံအမျိုးအစားဖြစ်တဲ့အတွက် အကြမ်းလည်းခံပြီး ဘယ်လို ကြမ်းတိုက်ရည်မျိုးနဲ့မဆို သုံးလို့ရပါတယ်။

လှည့်မွှေလို့ရတဲ့ ကြမ်းတိုက်တံ

ကျန်နေတဲ့ ရေညစ်တွေနဲ့ ဖုန်တွေကို ညှစ်ပေးနိုင်တဲ့ လှည့်မွှေနိုင်တဲ့ စနစ်နဲ့ လုပ်ထားတဲ့ ကြမ်းတိုက်တံတွေကတော့ အရမ်းအားစိုက်ထုတ်စရာမလိုပဲ ကြမ်းပြင်တွေကို  အသာလေး တိုက်လို့ရနိုင်ပါတယ်။ ဒီကြမ်းတိုက်တံတွေနဲ့ဆို ခါးအရမ်းကုန်းစရာလည်း မလိုသလို လက်တွေလည်း မညစ်ပတ်ဘဲ သန့်ရှင်းရေး လုပ်နိုင်မှာပါ။ microfiber လေးတွေပါတဲ့ ကြမ်းတိုက်တံထိပ်လေးတွေဟာဆိုရင် ကျွန်းသစ်လို သစ်သားအမာ၊ လျှာထိုးခင်းထားတဲ့ ကြမ်းပြင် နဲ့ ကြွေပြားတွေလိုမျိုး  အရာထင်လွယ်တဲ့ ကြမ်းပြင်အနုစား တွေပေါ်မှာ သန့်ရှင်းရေးလုပ်ဖို့အတွက် အရမ်းကိုအဆင်ပြေမှာပါ။ 

ဖော့ပါတဲ့ ကြမ်းတိုက်တံ

ဖော့ပါတဲ့ ကြမ်းတိုက်တံတွေကတော့ ဘက်စုံအသုံးဝင်ပြီး စုပ်ယူနိုင်တဲ့ ဖော့ပါတဲ့အတွက် အရည်တစ်ခုခုမှောက်ကျတာလိုမျိုး ရှုပ်ပွနေတာမျိုးတွေကို မြန်မြန်ဆန်ဆန် သန့်ရှင်းနိုင်မှာပါ။ ဒါ့အပြင် လျှာထိုးအမာ၊ ကြွေပြားနဲ့ သုံးထပ်သားလို မျက်နှာပြင်တွေမှာလည်း အသုံးပြုလို့ရပါတယ်။ ဖော့ပါတဲ့ ကြမ်းတိုက်တံတွေက အလေးချိန်အရလည်း ပေါ့ပါးတဲ့အတွက်ကြောင့် သိပ်အားစိုက်စရာမလိုဘဲ လွယ်လွယ်ကူကူ ကြမ်းတိုက်လို့ရနိုင်တဲ့အတွက် အမြင့်မှာရှိတဲ့ ပြတင်းပေါက်တွေ မျက်နှာကျက်တွေအတွက်ပါ သုံးလို့ရနိုင်တာပဲဖြစ်ပါတယ်။

ကြမ်းတိုက်တံအပြား

အိမ်က ကြမ်းပြင်ကို လျှာထိုးအပျော့သား ဒါမှမဟုတ် အမာ ခင်းထားတယ်ဆိုရင်တော့ ရေအများကြီး သုံးစရာမလိုတဲ့ ကြမ်းတိုက်တံအပြားတွေကို သုံးသင့်ပါတယ်။ ဒီကြမ်းတိုက်တံတွေက အိမ်ရဲ့ ကြမ်းပြင်တွေကို စိုစိစိနဲ့ ရေကွက်တွေ ကျန်ခဲ့တာမျိုး မဖြစ်စေဘဲ ဖုန်နဲ့ အညစ်အကြေးအစတွေကို သန့်ရှင်းပေးနိုင်မှာဖြစ်သလို ကြမ်းတိုက်တံဒီဇိုင်းက ပါးပါးလေးဖြစ်တဲ့အတွက်ကြောင့် အိမ်ရဲ့ ဂျောင်ဂျိုဂျောင်ကြားပါမကျန် အလွယ်တကူ သန့်ရှင်းရေးလုပ်နိုင်မှာပဲဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့အရွယ်အစားကသေးတဲ့အတွက်ကြောင့် အိမ်အကြီးကြီးတွေအတွက်တော့ အဆင်မပြေနိုင်ပါဘူး။

ကိုယ်ဝယ်လို့ရတဲ့ ကြမ်းတိုက်တံအမျိုးအစားတွေ ဘာကွာလည်းဆိုတာကို သိပြီးပြီဆိုရင်တော့ အိမ်မှာသုံးဖို့ အသင့်တော်ဆုံးကြမ်းတိုက်တံကို ရွေးချယ်ပြီး အိမ်ကြမ်းပြင်တွေကို သန့်သန့်ရှင်းရှင်းလေး ထားလို့ရပြီပေါ့။  


Share

Comments

Related Posts