သဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့ (Eco-Friendly) အိမ်သုံးပစ္စည်းများ

Posted in အိမ်မှုရေးရာ


ပတ်ဝန်းကျင်ထိန်းသိမ်းရေးက တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်လာတဲ့အခါ လူတော်တော်များများက ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်တဲ့ နေထိုင်မှုပုံစံတစ်ခုစီကို ကျင့်သုံးလာကြပါတယ်။ အိမ်သုံးသန့်ရှင်းရေးပစ္စည်းတွေကနေ လျှပ်စစ်စွမ်းအင်သုံး ယာဉ်တွေအထိ နေ့စဉ်လူနေမှုဘဝမှာ အသုံးပြုနိုင်တဲ့ eco-friendly ဖြစ်တဲ့ပစ္စည်းပေါင်းများစွာရှိပါတယ်။ အဲ့ဒီထဲက အချို့ကို လေ့လာကြည့်ရအောင်။

ပြန်လည်အသုံးပြုနိုင်တဲ့ အိတ်များ 

စွန့်ပစ်ပစ္စည်းတွေကို လျော့ချဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းတွေထဲက တစ်ခုကတော့ တစ်ခါသုံးအိတ်တွေအစား ပြန်လည်အသုံးပြုနိုင်တဲ့အိတ်တွေကို သုံးခြင်းပဲဖြစ်ပါတယ်။ စူပါမားကတ်အများစုမှာဆိုရင် reusable bag တွေကို ဝယ်လို့ရနိုင်ပြီး စျေးဝယ်ရင်း တစ်ပါတည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

FFI Myanmar မှ ကောက်ယူထားတဲ့ စစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံမှာ တန် (၁၀၀) ထက်ပိုတဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေဟာ သမုဒ္ဒရာတွေထဲကို နေ့စဉ် စွန့်ပစ်ခံနေရပါတယ်။ ပြန်လည်အသုံးပြုနိုင်တဲ့အိတ်တွေကို အသုံးပြုခြင်းအားဖြင့် ပလတ်စတစ်အိတ်တွေနဲ့ ပြည့်နေမယ့် သမုဒ္ဒရာတွေ၊ မဆွေးမြည့်နိုင်တဲ့ ပလတ်စတစ်တွေမြုပ်နေမယ့် ဖို့မြေတွေ ဖြစ်မလာအောင် ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။ 

သဘာဝအလျောက် ဆွေးမြည့်ပျက်စီးစေနိုင်သော သန့်ရှင်းရေးသုံးပစ္စည်းများ

ပုံမှန်သုံးနေကျ သန့်ရှင်းရေးသုံးပစ္စည်းတွေမှာဆိုရင် ပတ်ဝန်းကျင်အတွက်ရော ကျန်းမာရေးကိုပါ အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေပါတယ်။ ဈေးဝယ်စင်တာတွေ ရောက်တဲ့အခါ သဘာဝအလျောက် ဆွေးမြည့်ပျက်စီးစေနိုင်တဲ့ (biodegradable) သန့်ရှင်းရေးသုံးပစ္စည်းတွေကို ရှာဝယ်ကြည့်ပါ ။ ဒီထုတ်ကုန်တွေဟာဆိုရင် သဘာဝအတိုင်း အပင်တွေကနေထုတ်ယူထားတဲ့ ပစ္စည်းတွေဖြစ်တဲ့အတွက် သုံးစွဲသူကိုရော ပတ်ဝန်းကျင်အတွက်ပါ အန္တရာယ်ကင်းစေတဲ့ အပြင် ရေနဲ့ လေထဲမှာ ပျော်ဝင်ပျံ့နှံ့မယ့် ဓာတုပစ္စည်းပမာဏကိုပါ လျော့ချနိုင်မှာပဲဖြစ်ပါတယ်။ 

Eco-Friendly ဖြစ်တဲ့ အစားအသောက်ထည့်စရာများ

စွန့်ပစ်ပစ္စည်းတွေကို လျှော့ချနိုင်မယ့်‌ နောက်ထပ်နည်းလမ်းတွေကတော့ တစ်ခါသုံးပလတ်စတစ်ဘူးခွံတွေနဲ့ အစားအသောက်တွေထည့်မယ့်အစား ဥပမာ- ဖန်ဘူးနဲ့ အအေးထည့်တာမျိုး၊ စတီးချိုင့်တွေနဲ့ အစားအသောက်တွေထည့်တာမျိုး စတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေဟာဆိုရင် ကြာရှည်လည်း အသုံးခံပြီး ထပ်ခါထပ်ခါလည်း ပြန်လည်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ကို ပြန်လည်အသုံးပြုနိုင်တဲ့အတွက် ရေရှည်မှာ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေမှာ မဟုတ်ပါဘူး။ 

သဘာဝပတ်ဝန်းကျင်အတွက် ပိုမိုကောင်းမွန်တဲ့ အရွေ့တစ်ခုကို ကိုယ်ကိုယ်တိုင်က စတင်နိုင်တာမို့  ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့အတွက် ဒီလို eco-friendly ဖြစ်တဲ့ ပစ္စည်းတွေကို အိမ်မှာ အခုပဲ စတင်သုံးစွဲကြည့်ဖို့ တိုက်တွန်းအကြံပြုပါရစေ။


Share

Comments

Mie MN

ပလတ်စတစ်အမှိုက်တွေကြောင့်ကမ္ဘာမြေကြီးတစ်နေ့ထက်တစ်နေ့ပိုမိုညစ်ညမ်းလာတဲ့အတွက်ဒီလိုဆောင်းပါးလေးတွေမြင်ရင်အရမ်းသဘောကျမိပါတယ် ဆောင်းပါးလေးကိုဖတ်မိတဲ့သူတိုင်းသဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းတဲ့နေရာမှာကိုယ်ကိုယ်တိုင်ကစတင်ပါဝင်နိုင်တယ်ဆိုတဲ့အတွေးအမြင်လေးရလာစေလို့နှစ်သက်မိပါတယ်ရှင့်

Related Posts