မကောင်းမှန်းသိရက်နဲ့ ဖြတ်ပစ်ဖို့ခက်ရခြင်းများ

Posted in လူမှုဘဝ, ကိုယ်ရည်ကိုယ်သွေး


အလေ့အထတစ်ခုခု၊ အပြုအမူတစ်ခုခုက ကိုယ့်အတွက် မကောင်းမှန်းသိပေမယ့် ရပ်တန့်ဖို့ ခက်ခဲတာ လူတိုင်း ကြုံဖူးကြမှာပါ။ဆေးလိပ်သောက်နေသူတွေ ဆေးလိပ်ဖြတ်တော့မယ်ဆိုပြီး ဘာကြောင့် ဆက်သောက်နေမိကြ တာလဲ။ အရက်နဲ့ အခြားမူးယစ်ဆေးသုံးစွဲသူတွေကလည်း ဒီအကျင့်ဆိုး တွေကို ဖြတ်လိုက်ရင် ကျန်းမာရေး အ တွက်၊ မိသားစုနဲ့ လူမှုဘဝအတွက် ပိုကောင်းမယ်ဆိုတာသိရက်နဲ့ ဘာကြောင့် ဖြတ်ဖို့ခဲယဥ်းနေကြတာလဲ။ ကျန်း မာရေး နဲ့ ညီညွတ်တဲ့စားသောက်နေထိုင်မှုပုံစံဖြစ်အောင် ပြောင်းလဲရမယ်၊ တစ်နေ့ရှစ်နာရီပြည့်အောင် အိပ်ရ မယ် စသဖြင့် ကောင်းတဲ့ အမူအကျင့်တွေကို မွေးမြူရမယ်လို့ သိပေမယ့် ဘာ့ကြောင့် စလုပ်ဖို့ ခက်ခဲနေရတာ လဲ။ လူတွေ ဘာကြောင့် မကောင်းမှုမှာ မွေ့လျော်လွယ်ရလဲဆိုတာနဲ့ ဘယ်လိုဖြတ်တောက်ရမလဲဆိုတာတွေကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

မကောင်းမှန်းသိသိနဲ့ ဖြတ်ဖို့ခက်ရတဲ့ အကြောင်းရင်း

မကောင်းတဲ့ အလေ့အကျင့်တွေက အလေ့အကျင့်ကောင်းတွေနဲ့ ယှဥ်ရင် အားစိုက်ဖို့မလိုဘဲ လုပ်ရတာ သက်သောင့်သက်သာရှိနေလို့ပါ။ ဒါကြောင့် အကျင့်ဆိုးတွေကို လုပ်ရတာ ပျော်မွေ့တတ်ကြပြီး ဦးနှောက်က ဒိုပါမင်း လို့ခေါ်တဲ့ ပျော်ရွှင်ခြင်းဟော်မုန်းတစ်မျိုးကို ထုတ်လွှတ်ပေးပါတယ်။ အကျင့်ဆိုးလေးတွေလုပ်ရင် ဒိုပါမင်း (Dopamine) ဟော်မုန်းထွက်လာပြီး ပျော်ရွှင်ရတယ်လို့ ဦးနှောက်က မှတ်ထားတာကြောင့် ထပ်ခါထပ်ခါ လုပ်ချင်နေပြီး ဖြတ်တောက်ဖို့ ခဲယဥ်းတာပဲ ဖြစ်ပါတယ်။

အားလပ်ချိန်မှာ ဆေးလိပ်သောက်လိုက်ရရင်၊ အရက်သောက်လိုက်ရရင် စိတ်ဖိစီးမှုတွေ လျော့နည်းသွားတယ်လို့ ခံစားရစေပြီး ဦးနှောက်က ပျော်ရွှင်ခြင်းဟော်မုန်းကို ထုတ်ပေးပါတယ်။ ဒါကြောင့်လည်း ဆေးလိပ်၊ အရက်ကို ဖြတ်ဖို့ ခဲယဥ်းနေကြတာပါ။ TV ရှေ့မှာထိုင်ပြီး(သို့) Social Media တွေ သုံးပြီး၊ Fast Food တွေစားပြီး  အချိန်ဖြုန်းရတာက အားကစားတစ်ခုခု ထလုပ်ရတာ၊ တရားထိုင်တာတွေထက်စာရင် အားထုတ်ရတာ လွယ် တာကြောင့် ဒိုပါမင်း ဟော်မုန်း ထွက်တာခြင်းအတူတူ အကျင့်ဆိုးတွေကိုပဲ လွယ်လွယ်ကူကူ လုပ်ချင်နေတာ ပေါ့။

အကျင့်ဆိုးတွေကို  ဘာကြောင့်ပြင်သင့်တာလဲ

အလေ့အကျင့်တွေဆိုတာ နေ့စဥ်ဘဝမှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုက ပါဝင်နေတာပါ။ စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုပုံစံတစ်ခုကို တည်ဆောက်ဖို့ဆိုရင် အလေ့အကျင့်ကောင်းတွေကို မွေးမြူနိုင်ဖို့ လို ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုနေထိုင်မှုပုံစံကို ပြောင်းလဲနိုင်ဖို့၊ မိသားစုနဲ့အတူ နွေး‌ထွေးတဲ့ အချိန်လေးတွေဖြတ်သန်းနိုင်ဖို့ စတဲ့ အလေ့အကျင့်ကောင်း၊ အပြုအမူကောင်းလေးတွေကို အကျင့်ဆိုးတွေ နေရာမှာ အစားထိုးတည်ဆောက်နိုင်မယ်ဆိုရင် စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်တဲ့ ဘဝနေမှု ဖြစ်လာမှာပါ။ ဒီတော့ ထပ်ခါထပ်လုပ်မိနေတဲ့ အလေ့အကျင့်ဆိုးစွဲလမ်းမှုကို ဘယ်လိုဖြတ်တောက်ကြမလဲ ဆိုတာ အဓိက ကျ တဲ့ ခေါင်းစဥ်တစ်ခုဖြစ်လာပါတယ်။

အကျင့်ဆိုးတွေကို ဘယ်လိုဖြတ်တောက်ကြမလဲ

တကယ်တော့ လူတွေက သူ့တို့မှာမကောင်းတဲ့အကျင့်တွေစွဲနေမှန်းသိကြပြီး ဖြတ်တောက်ဖို့လည်း အမြဲလိုလို ကြိုးပမ်းနေကြပါတယ်။ ဒါကြောင့်လည်း နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကောင်းတာတွေပဲ လုပ်မယ်ဆိုတာမျိုး လူတိုင်းနီးပါး ဆုံးဖြတ်ကြွေးကြော်တတ်ကြတာပေါ့။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်အတိုင်း အချိန်ကြာကြာ လိုက် မလုပ်နိုင်ဘူး ဖြစ်တတ်ကြပါတယ်။ စစချင်းမှာတော့  စိတ်အားထက်သန်မှုအပြည့်ဆိုပေမယ့် ကြာလာရင် တက် ကြွမှုတွေ နည်းသထက်နည်းလာပြီး ကိုယ့်ရဲ့ ရည်မှန်းချက်ကို တဖြည်းဖြည်းမေ့လာလို့ပါပဲ။ ဒီတော့ အကျင့်ဆိုး တွေဖြတ်တောက်ဖို့ ဒီနည်းလမ်းလေးတွေကို သုံးကြည့်ပါ။

(၁) ဖြည်းဖြည်းချင်းလျေ့ာချပါ။ 

အချိန်ကြာမြင့်စွာ စွဲလာတဲ့ အလေ့အကျင့်တွေဆိုတာ တစ်ရက်တည်း၊ တစ်မနက်တည်းနဲ့ ဖြစ်လာတာမျိုး မဟုတ်လို့ ချက်ချင်းဖြတ်တောက်ပစ်ဖို့လည်း ခဲယဥ်းပါတယ်။ ဆေးလိပ်စွဲနေသူအနေနဲ့ ဆေးလိပ်ကို တိခနဲ မဖြတ်ချနိုင်ပေမယ့် ဆေးလိပ်သောက်တဲ့ အကြိမ်ရေကိုတော့ တဖြည်းဖြည်း လျော့ချသွားဖို့ ဖြစ်နိုင်ပါတယ်။ အလားတူပဲ ကဖင်းစွဲလမ်းတာ၊ အရက်နဲ့ တခြားမူးယစ်ဆေးစွဲတာ၊ Social Media စွဲလမ်းတာ စတဲ့ အကျင့် ဆိုးတွေကို အချိန်တိုအတွင်း ဖြတ်ချဖို့ မဖြစ်နိုင်ဘူးဆိုရင် ဖြည်းဖြည်းချင်းလျော့ချတဲ့ နည်းလမ်းကို အသုံးပြုနိုင် ပါတယ်။

(၂) သွေးဆောင်မှုတွေနဲ့ ဝေးဝေးမှာနေပါ။

လိုချင်စရာ ပစ္စည်းတွေ၊ ပျော်ဝင်ချင်စရာ ‌ဖျော်ဖြေမှုတွေ၊ စမ်းသတ်ကြည့်ချင်စရာ ဆွဲဆောင်မှုတွေ စုံလင်နေတဲ့ မျက်မှောက်ခေတ်ကမ္ဘာကြီးမှာ တစ်ခုခုကို စွဲလမ်းသွားဖို့ဆိုတာ လွယ်ကူလှပါတယ်။ အန္တရာယ်မရှိဘူးလို့ ထင်ရ တဲ့ ကဖင်းဓာတ်စွဲလမ်းမှုက စလို့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတွေကိုပါထိခိုက်စေတဲ့ လောင်းကစားလို၊ မူးယစ်ဆေးလို စွဲလမ်းမှုတွေအထိ စမ်းသပ်ကြည့်ချင်စရာ မကောင်းမှုမျိုးစုံက ကိုယ့်လက်တကမ်းမှာ ရှိနေတယ် ဆိုရင် ဒီအကျင့်တွေကို ဖြတ်တောက်ဖို့ ကြိုးစားတယ်ဆိုရင်လည်း အောင်မြင်ဖို့ ရာခိုင်နှုန်း နည်းပါတယ်။ ဒီတော့ ကိုယ့်ကို ဒီအကျင့်ဆိုးတွေလုပ်ဖြစ်စေတဲ့ သွေးဆောင်မှုတွေက ဘာတွေလဲလို့ ပြန်ဆန်းစစ်ပါ။ အရက် သောက်ဖို့ အမြဲတမ်းအဖော်ညှိနေတဲ့ အပေါင်းအသင်းတွေရှိတာလား၊ လောင်းကစားလုပ်ဖို့လွယ်တဲ့ အနေ အထား ရှိတာလား၊ အထီးကျန်လို့ပဲ Social Media ကို အလွန်အကျူးသုံးဖြစ်နေတာလား စသဖြင့် ကိုယ့်ကိုယ် ကိုယ် ပြန်သုံးသပ်ပါ။ ပြီးရင် ဒီအကျင့်တွေကို စွဲလမ်းနေစေတဲ့ သွေးဆောင်မှုတွေကနေ ဝေးဝေးနေလိုက်ပါ။ ဒါဟာလည်း မကောင်းတဲ့ အကျင့်တွေကို ဖြတ်တောက်ဖို့ နည်းလမ်းတစ်ခုပါပဲ။

(၃) အစားထိုးပါ။ 

တစ်ခုခုကို Move On လုပ်နိုင်ဖို့ အကောင်းဆုံးနည်းတွေထဲက တစ်ခုက အစားထိုးခြင်းပါပဲ။ အစားထိုးတာက တိခနဲ ဖြတ်ချလိုက်ရတာထက် ပိုလွယ်လို့ပါ။ မကောင်းတဲ့ စွဲလမ်းမှုတွေဆိုတာ တစ်ခဏတော့ စိတ်ပျော်အောင်၊ ဖိစီးမှုလျော့အောင် လုပ်ပေးနိုင်တယ်ဆိုပေမယ့် အချိန်ကြာတာနဲ့အမျှ စွဲလမ်းလာတဲ့ အကျင့် ဆိုးတွေက စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေပါ ထိခိုက်လာမှာပါ။ ဒါကြောင့် စိတ်ဖိစီးတာတွေပျောက်ဖို့ ဆေးလိပ်သောက်မယ့် အစား ပြေးတာ၊လမ်းလျောက်တာတစ်ခုခုနဲ့ အစားထိုးလိုက်ပါ။ အပေါင်းအသင်းတွေစုံလို့ အရက်သောက်မယ့် အစား အရက်မပါတဲ့ အခြားတစ်ခုခုကို အစားထိုးသောက်ကြည့်ပါ။ အစားထိုးခြင်းကလည်း လျော့ချခြင်းလိုပဲ မကောင်းတဲ့အကျင့်စွဲလမ်းမှုကို ဖြတ်တောက်ဖို့ နည်းလမ်းတစ်ခုပါပဲ။ ဒီနေရာမှာ တစ်ခုသတိထားရမှာက မကောင်းတဲ့အကျင့်ကို  နောက်ထပ် မကောင်းတဲ့အကျင့်တစ်ခုနဲ့ အစားမထိုးမိဖို့ပါပဲ။ အကျင့်ဆိုးတစ်ခုပြတ် သွားပေမယ့် နောက်အကျင့်ဆိုးတစ်ခု စွဲနေတာမျိုးမဖြစ်အောင် သတိထားရပါမယ်။

(၄) ကိုယ့်ကိုယ်ကိုယ် လေးစားပါ။

ကိုယ်ကျင့်တရားစံနှုန်းတွေအရရော၊ ပေါင်းသင်းဆက်ဆံရေးတွေအရပါ ပေးထားတဲ့ ကတိတွေကို တည်ဖို့လိုပါ တယ်။  အခြားသူတွေကို ပေးထားတဲ့ကတိတွေကိုတောင် တည်ဖို့လိုရင် ကိုယ့်ကိုယ်ကိုယ်ပေးထားတဲ့ ကတိ ကဝတ်တွေဆိုတာ ဖြစ်အောင်လုပ်ရမယ့်အရာတွေပါ။ ကိုယ့်ကိုယ်ကို လေးစားခြင်း၊ ချစ်ခြင်းကလည်း အကျင့် ဆိုးတွေကို အလေ့အကျင့်ကောင်းတွေနဲ့ အစားထိုးနိုင်ဖို့ အဓိက အချက်တစ်ခုပါပဲ။ အကျင့်ဆိုးတွေကို ဖြတ် တောက်နိုင်ပြီး၊ အလေ့အကျင့်ကောင်းတွေကို မွေးမြူနိုင်ပြီဆိုရင် အဓိကအကျိုးရှိတာ မိမိကိုယ်တိုင်ပါ။ ဒါကြောင့် ကိုယ့်အနာဂတ်ကိုဖျက်စီးနေတဲ့ အကျင့်ဆိုးတွေကို ဖြတ်တောက်ဖို့ ကိုယ့်ကိုယ်ကို ကတိပေးပြီး လက်တွေ့လုပ်ဆောင်လိုက်ပါ။

လူတိုင်းအမှားနဲ့မကင်းကြတာမို့ မကောင်းတဲ့အကျင့်တွေကို စွဲလမ်းနေတာ အပြစ်ကြီးတစ်ခုလို့ မပြောချင်ပါဘူး။ ဒါပေမယ့် မကောင်းတဲ့အကျင့်ကို ဖြတ်ရမယ်လို့သိသိကြီးနဲ့ ဆက်တိုက်လုပ်နေတာ၊ အကျင့်ဆိုးတွေကို ဖြတ် မယ်လို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးပြီးမှ နေ့ရွှေ့ညရွှေ့လုပ်နေတယ်ဆိုရင်တော့ ဒီအကျင့်ဆိုးတွေရဲ့ နောက်ဆက် တွဲ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေ၊ လူမှုဘဝထိခိုက်မှုတွေကို ခံစားရမှာ သင်ကိုယ်တိုင်ပဲဆိုတာ သတိချပ်စေချင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အခြေအနေတွေမတူကြတာမို့ စွဲလမ်းမှုတွေကို ဖြတ် တောက်ဖို့ ထိရောက်တဲ့ နည်းလမ်းတွေ၊ ကြာချိန်‌တွေလည်း မတူညီနိုင်ပါဘူး။ ဒါကြောင့် ကိုယ်နဲ့သင့်တော်တဲ့ နည်းလမ်းတွေကို ရှာဖွေပြီး မကောင်းတဲ့အကျင့်ဆိုးတွေကို ဖြတ်တောက်ပစ်လိုက်ကြရအောင်။


Share

Related Posts