နွေပိတ်ရက်မှာ ဘော်ဒါတွေနဲ့အတူ စာဖတ်Challengeလေးတစ်ခု လုပ်ကြည့်ရအောင်

Posted in လူမှုဘဝ, ဖျော်ဖြေရေး


နှစ်သစ်မှာ စာများများဖတ်မယ်ဆိုပြီး ရည်ရွယ်ထားကြပေမယ့် တကယ်တမ်းကျ မဖတ်ဖြစ်တာမျိုး ဖြစ်နေကြပြီလား ။ ဒါဆိုရင်တော့ သူငယ်ချင်းတွေနဲ့ နွေရာသီစာဖတ် challenge လေးတစ်ခု လုပ်ကြည့်လိုက်ရအောင်နော်။ ဒီစာကနေတစ်ဆင့် ကိုယ့်ရဲ့ နွေရာသီစာဖတ် challenge လေးကို အကောင်းဆုံးပြင်ဆင်နိုင်ဖို့ နည်းလမ်းလေးတွေမျှဝေပေးပါရစေ။ 

ရည်မှန်းချက်တစ်ခု ချမှတ်ပါ

ဒီနွေရာသီမှာ စာအုပ်ဘယ်နှစ်အုပ်ပြီးအောင် ဖတ်မယ်ဆိုပြီး အရေအတွက်တစ်ခု သတ်မှတ်လိုက်ပါ။ ပါဝင်မယ့်လူတိုင်း တကယ် လိုက်ဖတ်နိုင်မယ့် လက်တွေ့ကျတဲ့ အရေအတွက်မျိုးတော့ ဖြစ်ရပါမယ်နော်။ စာအုပ်တွေအများကြီးဖတ်ချင်ဇောနဲ့ အရေအတွက်အများကြီးသတ်မှတ်ပြီး နောက်ပိုင်း မဖတ်ဖြစ်တော့မှာထက်စာရင် ကိုယ်ဖတ်နိုင်သလောက် စာအုပ်အရေအတွက်နည်းနည်းကို သတ်မှတ်ပြီး အကုန်လုံးကို တကယ်ဖတ်ဖြစ်သွားတာက ပိုအဆင်ပြေစေမှာပါ ။စာအုပ်အရေအတွက် သတ်မှတ်ပြီးပြီဆိုရင်တော့ တစ်ပတ်မှာ အခန်း ငါးခန်းတော့ ပြီးအောင်ဖတ်မယ် ဆိုတာမျိုး ရည်မှန်းချက်ပန်းတိုင် အသေးလေးတွေ ပြန်ပြီး သတ်မှတ်လို့ရပါတယ်။ 

စာဖတ်ဖို့ အချိန်ဇယားဆွဲပါ

ကိုယ့်ရဲ့ တစ်နေ့တာလုပ်ရိုးလုပ်စဉ်တွေထဲမှာ စာဖတ်ဖို့ အချိန်လေးတစ်ခု ဖယ်ထားပေးပါ။ အိပ်ရာမဝင်ခင်ဖြစ်ဖြစ် နေ့လည်ခင်း နားတဲ့အချိန်ဖြစ်ဖြစ် ဒါမှမဟုတ် ကော်ဖီဆိုင်ထိုင်တဲ့ အချိန်မျိုးမှာ ကိုယ်အချိန်ရရင် ရသလို (၁၅) မိနစ်ကနေ မိနစ် (၂၀) လောက် စာဖတ်ဖို့ အသုံးချတာမျိုးပေါ့။ ကိုယ့်လက်တစ်ကမ်းမှာ ဖတ်ဖို့  စာအုပ်တစ်အုပ် အမြဲထားမယ်ဆိုရင် အချိန်ပိုလေး နည်းနည်းလောက်ရတာနဲ့ စာဖတ်ဖို့ အချိန်ပေးဖြစ်မှာဖြစ်ပါတယ်။  

ကိုယ့်ကိုယ်ကို ဆုချပါ

ကိုယ့်ရည်မှန်းချက်တစ်ခု ပြည့်သွားတိုင်း ကိုယ်တိုင် နဲ့ သူငယ်ချင်းတွေကို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဆုတွေ ပြန်ပေးဖို မမေ့ပါနဲ့နော်။ ဘယ်လိုမျိုး ဆုချလို့ရမလဲဆိုရင် မုန့်အတူတူထွက်စားတာပဲဖြစ်ဖြစ်၊ ကိုယ်အရမ်းလိုချင်နေတဲ့အရာကို ဝယ်လိုက်တာမျိုး၊ ညဘက် ရုပ်ရှင် တူတူကြည့်တာမျိုးဖြစ်ဖြစ်ပေါ့။ ဒီလိုဆုချတာမျိုးက လုပ်မယ်ဆိုရင် စာဆက်ဖတ်ဖို့လှုံ့ဆော်နိုင်မှာဖြစ်လို့ ကိုယ့်ရည်မှန်းချက် မြန်မြန် ပြည့်အောင် လုပ်သွားနိုင်မှာပါ။ 

စိတ်လှုပ်ရှားဖို့ ကောင်းအောင် လုပ်ပါ

ဒီစိန်ခေါ်မှုလေးကို ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းအောင်လုပ်ဖို့ဆိုရင် ဘင်ဂိုဘုတ်ပြားလေးတစ်ခု ဖန်တီးပြီး ဇယားကွက်တစ်ခုချင်းစီမှာ မတူညီတဲ့ စာဖတ်စိန်ခေါ်မှုလေးတွေကို ထည့်ထားလိုက်ပါ။ “သုံးရက်ဆက်တိုက် စာအုပ်ဖတ်ပြီး”၊ “မတူညီတဲ့ စာရေးသူရေးထားတဲ့ စာအုပ်ကို ဖတ်ပြီး” ဒါမှမဟုတ် “သူငယ်ချင်းတွေနဲ့ချိန်းပြီး စာအုပ်ဖတ်ဖြစ်ခဲ့” စတဲ့ စိန်ခေါ်မှုလေးတွေပေါ့။ ပထမဆုံး ဘင်ဂိုဖြစ်သွားတဲ့သူကို ကျန်တဲ့ သူငယ်ချင်းတွေက နေ့လည်စာဖြစ်ဖြစ် လိုက်ကျွေးရတာမျိုးဆိုရင် ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းမယ် မထင်ဘူးလား။ 

ဘယ် စာအုပ်တွေ ဖတ်ရမလဲဆိုတာကို ဝေခွဲမရဖြစ်နေရင် နွေရာသီအငွေ့အသက် လွှမ်းခြုံနေတဲ့ စာအုပ်တစ်ချို့ကို ဖတ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

နွေကန္တာဦး - တက္ကသိုလ်ဘုန်းနိုင်

တောင်တန်းတွေနဲ့အလွန် - ပုညခင်

ကျွန်မချစ်သောကမ္ဘာမြေ - ဂျူး

ဝသန်လေချိန်မှန်ကူး - တက္ကသိုလ်ဘုန်းနိုင်

မြစိမ်းပြာကမာရွတ် - နုနုရည်အင်းဝ

လေရူးသုန်သုန် - မြသန်းတင့် (ဘာသာပြန်)

ဒီစာအုပ်တွေကို City Books and Music ဆိုင်တိုင်းမှာ ဝယ်လို့ရနိုင်တာမို့လို့ ကိုယ့်သူငယ်ချင်းတွေကို ခေါ်၊ အနီးဆုံးဆိုင်မှာ စာအုပ်တွေ အပြေးဝယ်လိုက်ပြီး နွေရာသီစာဖတ်စိန်ခေါ်မှုလေးကို စတင်လိုက်ကြရအောင်။


Share

Comments

@thszm29@gmail.com

စာအုပ်ဖတ်ရတဲ့ကြိုက်တဲ့ကိုယ့်အတွက်ခု challenge လေးကိုသဘောကျသွားပြီ 2024 မှာ ကိုယ့်ကိုယ်ကိုယ် challenge လုပ်ပါရစေ စာအုပ်တွေလာဝယ်မယ်နော်

skymsgj@gmail.com

စာဖတ်ခြင်းဟာလူမျိုးတစ်မျိုးတိုးတက်ဖို့အရေးပါဆုံးသောအရာမို့ အားလုံးကိုစာအုပ်ဖတ်စေချင်ပါတယ် ခုလို challenge လေးလုပ်ခြင်းအားဖြင့်စာဖတ်ဖို့အတင်းတိုက်တွန်းစရာမလိုဘဲပျော်ရွှင်စွာနဲ့ challenge ကို လက်ခံနိုင်မှာပါ ကိုယ်တိုင် challenge လုပ်ပါရစေ

khinzawmyo

ရည်ရွယ်ချက်နဲ့စာပေကိုတန်ဖိုးထားနိုင် အောင်လုပ်ပါ မိမိဖတ်လိုက်တဲ့စာပေရဲ့အဓိ ပါယ်ကိုနားလည်မှစာဖတ်ခြင်းကိုနားလည် လာမှာပါ လိုချင်စိတ်နဲ့မဖတ်ဘဲ ခံယူချင်စိတ်နဲ့ဖတ်ပါ ဘယ်အရာမှအဓိပါယ်မဲ့မသွား ပါဘူး ဒါပေမယ့်ကိုယ်ဖတ်လိုက်ရတဲ့အရာရာတိုင်းမှာတန်ဖိုးကိုယ်စီရှိကြပါတယ် တန်ဖိုးထားတတ်နိုင်ကြပါစေ

Related Posts