သားသားမီးမီးတွေနဲ့အတူ ချက်ပြုတ်ခြင်းရဲ့ကောင်းကျိုးတစ်ချို့

Posted in အစားအစာ


မိဘတွေမှာ အထူးသဖြင့် အမေတွေအနေနဲ့ ဒီလိုအခြေအနေမျိုးတွေ ကြုံဖူးကြမယ်လို့ ထင်ပါတယ်။ ကိုယ်အလုပ်လုပ်နေတဲ့နေရာ မီးဖိုချောင်ထဲ ကလေးတွေဝင်လာပြီဆို အိမ်ရှေ့မှာမနေပဲ အိမ်နောက်ဖေး ဘာလုပ်ပြန်ပြီလဲ။ ဘာတွေဝင်ရှုပ်အုံးမလို့လဲ။ အိမ်ရှေ့သွား ဆိုပြီး ငြူစူလေ့ရှိကြတယ်မလား။ တကယ်တော့ ကလေးတွေက စူးစမ်းလိုစိတ်ရှိတတ်ကြတဲ့အရွယ်‌ငွေမို့လို့ မိဘတွေလုပ်နေတဲ့နေရာ သူတို့ဘာမှန်း မသိတောင် လာရောက် စူးစမ်းချင်ကြတာ ဖြစ်ပါတယ်။

သဘာဝအားဖြင့်ကလေးတွေက စူးစမ်းတတ်ကြပြီး သူတို့ရဲ့ စူးစမ်းလိုစိတ်ကို ဖွံ့ဖြိုးအောင် ပျိုးထောင်ပေးဖို့က မိဘတွေ၊ ထိန်းကျောင်းစောင့်ရှောက်သူတွေပေါ် မူတည်နေပါတယ်။ မြန်မာနိုင်ငံမှာ တွေ့လေ့တွေ့ထမရှိတဲ့ ကလေးတွေကို မီးဖိုချောင်မှာ ပါဝင်ချက်ပြုတ်စေတယ်ဆိုတာ ကလေးတွေကို လက်တွေ့သင်ကြားပေးနိုင်တဲ့ နည်းလမ်းကောင်းလေးဖြစ်ပါတယ်။ ကလေးတွေနဲ့အတူ ချက်ပြုတ်ခြင်းရဲ့ အကျိုးကျေးဇူးလေးတွေကို ဒီဆောင်းပါးမှာ ဖတ်ကြည့်ကြရအောင်။

ပထမတန်းစား စာသင်ခန်းလို့ တင်စားရမယ့် မီးဖိုချောင် 

“ပဲငံပြာရည်တစ်ဇွန်းနဲ့ ဆားနည်းနည်းထည့်လိုက်ပါ”  သင်္ချာနဲ့ ဘာသာစကားက ချက်ပြုတ်ခြင်းရဲ့ အခြေခံအပိုင်းဖြစ်ပြီး ချက်ပြုတ်ခြင်းလမ်းညွှန်မှုတွေကနေ ကလေးတွေက ချိန်ဆမှုတွေ၊ စကားလုံးတွေကို လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ကလေးတွေကို မုန့်သားနယ်တာ၊ ကြက်သွန်ခွာခိုင်းတာ၊ ကြက်ဥခွဲခိုင်းတာမျိုးလို ရိုးရှင်းတဲ့ တာဝန်လေးတွေမှာ ကူညီပေးခိုင်းတာကလည်း အရာဝတ္ထုတွေရဲ့ မတူညီတဲ့အထိအတွေ့ကို သင်ယူဖို့ အထောက်အကူဖြစ်ပြီး ကြွက်သားတွေသန်မာစေဖို့လည်း ပံ့ပိုးပေးပါတယ်။

ဖန်တီးနိုင်စွမ်းတိုးတက်စေတယ် 

ချက်ပြုတ်ခြင်းက အနုပညာတစ်ရပ် ဖြစ်ပါတယ်။ ဘယ်လိုဟင်းလျာ ချက်မလဲဆိုတာ စဥ်းစားပြင်ဆင်တာ၊ ကြိုက်နှစ်သက်သလို ဟင်းချက်နည်းတွေကို ပြုပြင်ပြောင်းလဲတာ၊ ဟင်းပွဲကို ကိုယ်သဘောကျနှစ်သက်သလို ဘယ်လို အလှဆင်မလဲစတဲ့ ဖန်တီးနိုင်စွမ်းကို တိုးတက်အောင် အားပေးတဲ့ နည်းလမ်းတွေကို မီးဖိုချောင်ကနေ အများကြီးသင်ယူနိုင်ပါတယ်။ ကလေးတွေကို မီးဖိုချောင်မှာ လေ့လာစူးစမ်းပြီး တီထွင်ဖန်တီးမှုတွေ လွတ်လွတ်လပ်လပ်ဆောင်ရွက်ခွင့်ပေးထားပါ။

အာရုံစူးစိုက်မှုတိုးတက်စေတယ် 

အမေရိကန် ဆေးပညာဆိုင်ရာ အမျိုးသားစာကြည့်တိုက်ရဲ့ သုတေသနအရ ဆိုရှယ်မီဒီယာ အသုံးပြုတာတွေများလာတာကြောင့် ကျွန်တော်တို့ရဲ့ ဘေဘုယျ အာရုံစိုက်နိုင်စွမ်းက ၂၀၀၀ ပြည့်နှစ်မှာ ၁၂စက္ကန့်ရှိရာကနေ ၂၀၁၅ခုနှစ်မှာတော့ ၈. ၂၅စက္ကန့်ကိုလျော့ကျလာတယ်လို့ ဆိုထားပါတယ်။ ကလေးတွေကို ချက်ပြုတ်ခြင်းလို ကိစ္စတွေမှာ ပါဝင်စေတာက screen ကြည့်ချိန်တွေကို ကန့်သတ်နိုင်ရုံမကပဲ အချိန်ကြာကြာအာရုံစိုက်နိုင်စွမ်းတွေ ပိုမိုကောင်းမွန်လာဖို့ ကူညီပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ အာရုံစူးစိုက်နိုင်တဲ့ ကာလအပိုင်းအခြားအပါ်မှာလည်း ကိုယ့်အနေနဲ့ သတိပြုအလေးထားပေးဖို့ မမေ့ပါနဲ့။ အတင်းအကျပ် အာရုံစိုက်ဖို့ ဖိအားပေးတာက သူတို့လုပ်ဆောင်နေတဲ့ အလုပ်တွေပေါ်မှာ မနှစ်သက်တော့တာ နဲ့ လုပ်ကိုင်နိုင်စွမ်းကျဆင်တာမျိုးလို အကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။

မိမိကိုယ်ကို ယုံကြည်မှုကို မြှင့်တင်ပေးတယ်

အစားအစာတွေကို ပြင်ဆင်နေစဥ်မှာ ကလေးတွေကို ကြက်သွန်ခွာခိုင်းတာ၊ ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်ခိုင်းတာ၊ အသီးအရွက်တွေ ဆေးကြောတာ စတာတွေနဲ့ ဟင်းပွဲတစ်ခု ချက်ပြုတ်ပြီးသည်အထိ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခိုင်းတာမျိုးတွေ လုပ်ဆောင်နိင်ဖို့ ကူညီပေးပါ။ သူတို့ကို ပေးအပ်ထားတဲ့တာဝန်တွေကို ကောင်းမွန်စွာလုပ်ဆောင်ပြီးချိန်မှာတော့ သူတို့ရဲ့ကြိုးပမ်းမှုကို ရိုးရှင်းစွာနဲ့ အသိအမှတ်ပြုပေးတာက ကလေးတွေယုံကြည်မှုရှိလာအောင် မြှင့်တင်ပေးနေတာဖြစ်ပါတယ်။

ဘဝတွက်တာ ကျွမ်းကျင်စရာပညာရပ်တစ်ခုကို တတ်မြောက်စေတယ်  

အစားအစာချက်ပြုတ်တတ်တယ်ဆိုတာ လူတွေက သူတို့စားသုံးမယ့်အစားအစာကို ကိုယ်တိုင်ချက်ပြုတ် ပြင်ဆင်နိုင်တဲ့အပြင် ကိုယ်ပိုင်ရပ်တည်နိင်တဲ့ ကိုယ်ကိုယ့်ကိုယ်ယုံကြည်စိတ်ချစိတ်တွေကိုလည်း မြှင့်တင်ပေးတာဖြစ်လို့ ဘဝတွက်တာ ကျွမ်းကျင်စရာ ပညာရပ်တစ်ခုလို့ ပြောလို့ရပါတယ်။ ငယ်ရွယ်ချိန်မှာကလေးတွေ ချက်ပြုတ်တတ်အောင် သင်ကြားပေးခြင်းက ကျန်းမာတဲ့စားသောက်နေထိုင်မှု ပုံစံတွေကို ပုံဖော်ပေးပြီး သူတို့အရွယ်ရောက် လာတဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုယ်တာဝန်ယူစိတ်တွေကို မွေးမြူသွားနိုင်တဲ့ အရေးပါတဲ့ ပညာရပ်တွေကို တတ်မြောက်အောင်ကူညီပေးနိုင်မို့လို့ အကျိုးကျေးဇူးအများကြီး ရှိပါတယ်။

မိသားစု သိုက်သိုက်ဝန်းဝန်းဖြစ်စေတယ် 

 ကလေးငယ်တွေနဲ့အတူ ချက်ပြုတ်ခြင်းက တစ်ချို့သော အစားအစာတွေနဲ့ဆက်စပ်တဲ့ အမှတ်ရစရာလေးတွေကို သူတို့နဲ့အတူတကွ ဝေမျှနိုင်ပါသေးတယ်။ အဲ့အရာတွေအပြင် တစ်စုံတစ်ခုကို ပြီးမြောက်အောင်မြင်အောင် အတူတစ်ကွလုပ်ဆောင်ခြင်းက ဆက်လက်ရှင်သန်ရမယ့် အနာဂတ်မှာ အများကြီးထောက်အကူဖြစ်စေနိုင်တဲ့ အဖွဲ့အစည်းနဲ့ လုပ်ဆောင်တတ်ခြင်းရဲ့အရေးပါမှုတွေကိုပါ နားလည်သဘောပေါက်လာနိုင်စေပါတယ်။

မီးဖိုချောင်ထဲမှာ ကလေးများကို ပါဝင်ချက်ပြုတ်စေခြင်းက အတူတူစားသောက်ခြင်းကရရှိတဲ့အကျိုးရလဒ် အပြင် တစ်ခြား အကျိုးကျေးဇူးတွေအများကြီးရှိနေပါတာကို တွေ့ရပါတယ်။ ဘဝတွက်တာ ကျွမ်းကျင်စရာ အတတ်ပညာတစ်ခုကို လေ့လာခြင်းကနေ ဖန်းတီးမှုစွမ်းရည်တွေကို မြှင့်တင်ပေးခြင်းကနေ မီးဖိုချောင်ဆိုတာ သင်ယူလေ့လာစရာနေရာတစ်ခုဖြစ်လာသလို ပျော်ရွှင်စရာတွေနဲ့ အတွေ့အကြုံတွေကောင်းတွေကို အတူတူဝေမျှရာနေရာလည်း ဖြစ်ပါတယ်။ ကလေးငယ်တွေနဲ့အတူ ချက်ပြုတ်ခြင်း စတင်ဖို့အတွက် အိမ်အနီးနားကစျေးကို အတူသွားပြီး လိုအပ်သမျှတွေကို ဝယ်ယူလိုက်ပါ။


Share

Comments

Related Posts