ကျန်းမာတက်ကြွတဲ့ လူနေမှုဘဝကို အားဖြည့်ပေးမယ့် ဟင်းလျာလေးတွေ ဒီလိုကြိုတင်ပြင်ဆင်ကြည့်ကြမယ်

Posted in အစားအစာ


အားကစားသမားပဲဖြစ်ဖြစ်၊ ကျန်းမာရေးလိုက်စားတဲ့  fitness ဝါသနာအိုးပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အရမ်းကိုအလုပ်များတဲ့သူအတွက်ပဲဖြစ်ဖြစ် ဟင်းလျာတွေကို ကြိုတင်ပြင်ဆင် ချက်ပြုတ်ထားဖို့က အလွန်ပဲ အရေးပါလှပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ ဟင်းတစ်ခွက် အရန်သင့် ရှိနေတဲ့အခါကျ အသင့်စားတွေ၊ အပြင်စာတွေမစားဖြစ်တော့လို့ ကိုယ်ရဲ့ diet plan ကို စွဲစွဲမြဲမြဲစားဖြစ်ဖို့လည်း ပိုလွယ်သလို ၊ ခန္ဓာကိုယ်ကို အားဖြည့်တဲ့နေရာမှာလည်း အထောက်အကူဖြစ်စေမှာပါ။ အဲ့ဒါကြောင့် လွယ်လွယ်ကူကူနဲ့ ကြိုတင်ချက်လို့ရမယ့် ဟင်းအမယ်လေးတွေကို မျှဝေပေးလိုက်ရပါတယ်။

ကြက်ကင်နဲ့ အသီးအရွက်တွေ 

ကြက်ရင်ပုံကို ကြိုက်နှစ်သက်ရာ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ တစ်ညနှပ်ထားပြီး မနက်ရုံးမသွားခင် oven ဒါမှမဟုတ် air-fryer ထဲမှာ ထည့်ပြီး ကင်လိုက်ပါ။ အချိန်ကိုချွေတာချင်ရင်တော့ ကိုယ်ကြိုက်တဲ့ အသီးအရွက်တွေကိုပါ တစ်ပါတည်း ထည့်ကင်လိုက်ပေါ့။ ရိုးရိုးရှင်းရှင်းပဲ ပန်းဂေါ်ဖီစိမ်းလို၊ မုန်လာဉနီလို ကြိုက်နှစ်သက်ရာ အသီးအရွက်တွေကို လှီးချွတ်ပြီး သံလွင်ဆီလေးစမ်း၊ ဟင်းခတ်အမွှေးအကြိုင်လေးဖြူးပြီး  oven ထဲမှာ ကြက်သားနဲ့အတူ နူးတဲ့အထိကင်လိုက်ပါ။ကဲ ဒါဆိုရင်တော့ အရသာရှိပြီး အသားနဲ့ အသီးအရွက် ဟန်ချက်ညီတဲ့ ဟင်းတစ်ခွက်ကို ရရှိမှာပဲဖြစ်ပါတယ်။ 

ထမင်းပေါင်းအိုးနဲ့ချက်တဲ့ဟင်းပွဲတွေ

ဘာစားစား ထမင်းနဲ့ပဲတွဲစားချင်သူ တစ်ယောက်ဆိုရင်တော့ အခုပြောပြပေးမယ့် ထမင်းပေါင်းအိုးတစ်အိုးထဲနဲ့ အပြီး လွယ်လွယ်ကူကူ ချက်လို့ရတဲ့ ဟင်းပွဲလေးတွေကို စမ်းချက်ကြည့်ချင်မယ်လို့ ထင်ပါတယ်။ ဒီဟင်းပွဲမှာဆိုရင် ကိုယ့်အကြိုက် အသားတွေနဲ့အတူ ဂေါ်ဖီလို၊ မုန်လာဉနီလို၊ ပဲတောင့်ရှည်လိုမျိုး ကြိုက်နှစ်သက်ရာ အသီးအရွက်တွေကို သုံးနိုင်တာပဲဖြစ်ပါတယ်။ ပါဝင်ပစ္စည်းအားလုံးကို တုံးတစ်ပြီး၊  ဆန်နဲ့ရေဖြည့်ထားတဲ့ ထမင်းပေါင်းအိုးထဲကို ထည့်၊ ပြီးတာနဲ့ ပဲငံပြာရည်၊ နှမ်းဆီ၊ ဆားထည့်ပြီး အရသာသွင်း ၊ ရေအနေတော်ထည့်၊ အဖုံးအုပ်လိုက်ပြီး ထမင်းစချက်လို့ ရပါပြီ။ ထမင်းကျက်သွားတာနဲ့ အသားတွေရော၊ အသီးအရွက်တွေရော အားလုံးကို ရောမွှေပြီး  အရသာလည်းရှိ၊ လွယ်လည်းလွယ်ကူတဲ့ နေ့လည်စာထမင်းဘူးလေး က အဆင်သင့်ပါပဲနော်။ 

ပန်းဂေါ်ဖီထမင်းကြော် 

ကိုယ့်ရဲ့   fitness goals အတွက် လွယ်ကူရိုးရှင်းပြီး ကစီဓာတ်နည်းတဲ့ ဟင်းချက်နည်းကိုရှာနေတာလား။ ဒါဆိုရင်တော့ ဒီပန်းဂေါ်ဖီထမင်းကြော်ကို စမ်းကြော်ကြည့်လိုက်ပါ၊ ပန်းဂေါ်ဖီတွေကို အတုံးကြီးကြီးလေးတွေ ထမင်းနဲ့‌ရောပြီး ပုံမှန်ထမင်းကြော်ကြော်သလို  ရိုးရိုးရှင်းရှင်းပဲ ကြော်နိုင်ပါတယ်။ကျက်တဲ့အခါ အဲ့ဒီအပေါ်က ကြက်ဉကြော်နဲ့ ကြက်သွန်မြိတ်နုတ်နုတ်စဉ်းထားတာကို အုပ်လိုက်တာနဲ့  အရသာတစ်မူထူးတဲ့ ပန်းဂေါ်ဖီထမင်းကြော်လေး ရပါပြီ။

အစဉ်အလာမပျက် ထမင်းဆီဆမ်း

အတိတ်ကအကြောင်းတွေပြန်စဉ်းစားကြည့်တဲ့အခါ ကလေးဘဝတုန်းက အမေပြင်ဆင်ပေးတဲ့ လွယ်ကူမြန်ဆန်ပြီး အာဟာရအပြည့်ရှိတဲ့ ထမင်းတစ်ပွဲကို မြင်ယောင်မိမှာပါ။ ထမင်းပေါ်ကို ပဲဆီတစ်ဇွန်းဆမ်းပြီး ကြွပ်ရွနေတဲ့‌ မြေပဲကြော် ၃၊ ၄ ဇွန်းလောက်ဖြူးလိုက်တာနဲ့တင် အလွယ်တကူစားလို့ရပြီမို့လို့ အလုပ်များတဲ့နေ့တွေအတွက် အချိန်ကုန်သက်သာစေပြီး လွယ်ကူမြန်ဆန်တဲ့ ဟင်းတစ်ခွက်ဖြစ်စေမှာပါ။ ပိုပြီးအရသာရှိချင်တယ်ဆိုရင်တော့ ငါးကြော်စပ်စပ်လေး တစ်ကောင်၊ နှစ်ကောင်လောက် ထပ်ထည့်လိုက်ပေါ့။

ဟင်းပွဲတွေကို ကြိုတင်ပြင်ဆင်ထားတဲ့အခါကျ အလုပ်များတဲ့နေ့တွေမှာတောင် ထမင်းဘူးလေးက အဆင်သင့်ပါလာမှာမို့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အပြင်စာတွေ မှာမစားဖြစ်တော့ပဲ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ အိမ်ချက်လက်ရာကိုပဲ စားဖြစ်စေမှာပါ။ ဒီချက်နည်းတွေထဲမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကို  နီးစပ်ရာ မားကတ်ပလေ့စ် ဆိုင်ခွဲတိုင်းမှာ လွယ်လွယ်ကူကူ ဝယ်ယူရရှိနိုင်တာမို့လို့ ချက်နည်း တစ်မျိူးလောက်ကို စမ်းချက်ကြည့်ဖို့ အကြံပြုပါရစေနော်။


Share

Comments