ကလေးငယ်နှင့် Screen Time အန္တရာယ်

Posted in မိဘအုပ်ထိန်းခြင်း, ကလေးငယ်ပညာရေး


တိုးတက်ဖွံ့ဖြိုးလာတဲ့ ယနေ့ခေတ်ရဲ့ ဒီဂျစ်တယ်လောကကြီးထဲမှာ ကလေးငယ်တွေကအစ လက်ကိုင်ဖုန်း၊ ကွန်ပျူတာ၊ TV, Tablet အစရှိသဖြင့် Digital Screen တွေနဲ့ လွယ်လွယ်ကူကူ ရင်းနှီးကျွမ်းဝင်နေကြပါပြီ။ နည်းပညာတွေက ပညာရေးဆိုင်ရောကောင်းကျိုးတွေ၊ ဖျော်ဖြေမှုတွေ ဘယ်လိုပဲ ပေးနိုင်တယ်ဆိုစေဦးတော့ ကလေးငယ်တွေ Screen Time အလွန်အကျွံဖြစ်လာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ၊ သင်ယူလေ့လာနိုင်စွမ်းတွေထိခိုက်လာာတာပေါ့။ ဒါကြောင့် ဒီဂျစ်တယ်ခေတ် ကလေးငယ်တွေရဲ့  Screen Time ကို ဘယ်လို ထိန်းချုပ်မလဲရမလဲဆိုတာ မိဘတွေအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်။

ကလေးငယ်တွေ Screen Time များခြင်းရဲ့ ဆိုးကျိုးများ 

က‌လေးငယ်တွေဆိုတာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အဘက်ဘက်မှာ ကြီးထွားဖွံ့ဖြိုးနေရမယ့် အရွယ်ပါ။ ဖုန်း၊ ကွန်ပျူတာ စသဖြင့် အကြည့်များတဲ့အခါ Screen ရှေ့မှာ နာရီပေါင်းများစွာထိုင်ပြီး  ကိုယ်လက်လှုပ်ရှားမှု နည်းလာတာကြောင့် အဝလွန်တာနဲ့ သူ့ရဲ့ နောက်ဆက်တွဲရောဂါတွေ၊ Screen ကို တစ်ချိန်လုံး အနီးကပ်ကြည့် နေတာကြောင့် အဝေးမှုန်တာ၊ Screen က ထွက်တဲ့အလင်းကြောင့် အိပ်ချိန်မမှန်တာ၊ ကောင်းကောင်း အိပ်မ ပျော်တာကနေ မှတ်ဉာဏ်ဆိုင်ရာ ပြဿနာတွေအထိ ဖြစ်ပွားနိုင်ပါတယ်။အထက်ပါ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအပြင် စိတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်မှုတွေလည်း ထပ်ရှိပါသေးတယ်။ Screen ကိုပဲ တစ်ချိန်လုံးကြည့်နေတဲ့ ကလေးဟာ ရွယ်တူကလေးတွေ(သို့) အခြားလူတွေနဲ့ မျက်နှာချင်းဆိုင် စကားပြောတာ နည်းလာတာကြောင့် သူ့အရွယ်နဲ့သူ တတ်ရမယ့် လူမှုဆက်ဆံရေးတွေမှာ အားနည်းလာနိုင်ပါ တယ်။ လေ့လာချက်တွေအရ ကလေးတွေမှာ ဆတ်ဆတ်ထိမခံဖြစ်တာ၊ ရန်လိုတာ၊ အာရုံစိုက်မှုအားနည်းတာ စတဲ့လက္ခဏာတွေဟာ Screen Time အလွန်အကျွံဖြစ်ခြင်းနဲ့ ဆက်စပ်နေကြောင်း တွေ့ရှိခဲ့ပါတယ်။

က‌လေးငယ်တွေရဲ့ Screen Time အလွန်အကျွံမဖြစ်စေဖို့ 

ခေတ်ရေစီးကြောင်းအရ ကလေးငယ်တွေ Screen နဲ့ လုံးဝမထိတွေ့ဖို့ဆိုတာ လွယ်ကူတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒီတော့ မိဘတွေအနေနဲ့ ကိုယ့်ကလေးဖုန်းသုံးတာလျော့အောင် ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ စဥ်းစားဖို့ လိုလာပါတယ်။ လွယ်ကူထိရောက်တဲ့ နည်းလမ်းလေးအချို့ကို မျှဝေပေးချင်ပါတယ်။

(၁) စည်းကမ်း တိတိကျကျသတ်မှတ်ပါ 

ကိုယ့်ကလေးကို ဘယ်အချိန်တွေမှာ ဘယ်လောက်ကြာကြာ Screen ကြည့်လို့ရမယ်၊ ဘယ်လိုအစီအစဥ်တွေ ကိုပဲ ကြည့်ရမယ် စတဲ့ စည်းမျဥ်းတွေကို တိတိကျကျ သတ်မှတ်ထားဖို့ လိုပါတယ်။ ကျောင်းစာနဲ့ ပြင်ပ လူမှု ဆက်ဆံရေးတွေမှာ ပိုအချိန်ပေးနိုင်အောင်၊ ကိုယ်လက်လှုပ်ရှား အားကစားတွေ လုပ်နိုင်အောင် Screen  Time ကို ‌လျော့ချဖို့လိုကြောင်း ကလေးတွေလက်ခံလာအောင် သေချာရှင်းပြမယ်ဆိုရင် စည်းကမ်းတွေလိုက်နာဖို့ ပို အထောက်အကူဖြစ်မှာပါ။ ကလေးငယ်တွေရဲ့ လက်ဦးဆရာက မိဘတွေဖြစ်တာကြောင့် မိဘတွေ ကိုယ်တိုင်က လည်း ဖုန်းအလွန်အကျွံ သုံး မနေဖို့ လိုပါတယ်။ ကလေးကိုတော့ စည်းကမ်းတွေထုတ်ထားပြီး ကိုယ်ကိုယ်တိုင် က ကလေးရှေ့မှာ ဖုန်းသုံးပြနေရင်လည်း အလုပ်မဖြစ်ပါဘူး။

(၂) ကလေးကို ပိုအချိန်ပေးပါ

မိဘတွေအနေနဲ့ ကလေးကို  Screen Time လျှော့ချစေချင်ရင် ကလေးကို ပိုအချိန်ပေးပြီး ကလေးနဲ့အတူ ဖက်လှဲတကင်း ဆော့ကစားသင့် ပါတယ်။ ပုံပြင်ပြောတာ၊ ဆေးရောင်အတူတူခြယ်တာ၊ မိုနိုပိုလီဆော့တာ စသဖြင့် အိမ်တွင်းကစားနည်းလေးတွေကို ကစားပေးသင့်ပါတယ်။ ကလေးတွေဆိုတာ ကစားဖော်မက်တာ ကြောင့် မိဘနဲ့အတူအချိန်ဖြုန်းပေး၊ ကစားပေးရင်  Screen ကြည့်ဖို့ မေ့နေမှာပါ။ ထမင်းစားတဲ့အချိန်တွေ၊ အိပ်ရာဝင်ချိန်တွေမှာတော့ ကလေးတွေသာမက လူကြီးတွေလည်း  Screen မကြည့် သင့်ပါဘူး။ ဒီလိုအချိန် လေးတွေမှာ မိသားစုကြားတစ်ယောက်နဲ့တစ်ယောက် ပိုအချိန်ပေး ပြောဆိုဆက်သွယ်သင့်ပါတယ်။ (၃) ပြင်ပပတ်ဝန်းကျင်နဲ့ ထိတွေ့ပေးပါ 

မြို့ပြလူနေမှုမှာ တိုက်ခန်းတွေပိုပိုများလာတာနဲ့အမျှ ကလေးငယ်တွေ ပြေးလွှားဆော့ကစားဖို့ မြေနေရာတွေ ရှားပါးလာပါတယ်။ ကျောင်းနဲ့ ကျူရှင်ကြားထဲမှာ အချိန်ကုန်နေရတဲ့ ကလေးတွေဖို့ အားလပ်ချိန်လည်း ရှားပါး လာပါတယ်။ ကစားစရာနေရာနဲ့  အားလပ်ချိန်ရှားပါးလာတဲ့ ကလေးငယ်တွေရဲ့ အပန်းဖြေနည်းက ဖုန်းသုံးတာ၊ ဂိမ်းကစားတာ စတဲ့ Screen Time တွေဖြစ်လာပါတယ်။ အခုလိုမျိုး ပညာရေးက Online Platform တွေပေါ် ရောက်လာတဲ့ အခါမျိုးမှာ ကလေးတွေဖို့ Screen ကြည့်ရချိန် ပိုများလာပါတယ်။  ဒါကြောင့် ကလေးငယ်တွေ ကို အားလပ်ချိန်ပေးပြီး သူတို့ပြေးလွှားဆော့ကစားနိုင်မယ့် နေရာမျိုးကို ခေါ်သွားပေးပါ။ ကလေးတွေကို တိုက်ခန်းထဲကနေ သဘာဝပတ်ဝန်းကျင်ဆီ ခေါ်ဆောင်သွားပေးဖို့လိုပါတယ်။

ကလေးတွေရဲ့ အသက်အရွယ်အလိုက် သင့်လျော်တဲ့ Screen Time 

ကလေးတွေရဲ့ အသက်အရွယ်ပေါ်လိုက်ပြီ သင့်လျော်တဲ့ Screen Time ကို American Academy of Pediatrics ရဲ့ စံညွှန်းတွေအရ ဖော်ပြလိုက်ပါတယ်။ ဒီစံညွှန်းတွေက ယေဘုယျယူဆချက်တွေဖြစ်ပြီး ကိုယ့်ကလေးရဲ့ အခြေအနေပေါ်လိုက်ပြီး သင့်တော်သလို ချိန်ညှိသင့်ကြောင်း အကြံပေးချင်ပါတယ်။ 

မွေးကင်းစမှ တစ်နှစ်ခွဲအထိ ကလေးများအတွက် အဝေးရောက်နေတဲ့ မိဘ၊ ဆွေမျိုးတွေနဲ့ Video Call ပေးပြောတာကလွဲပြီး Screen Time လုံးဝမရှိသင့်ပါဘူး။


တစ်နှစ်ခွဲက နှစ်နှစ်အထိ ကလေးငယ်တွေကတော့ သူတို့အတွက် အကျိုးရှိစေမယ့် အစီအစဥ်တွေကို မိဘကို စောင့်ကြည့်ပေးပြီး စတင်ထိတွေ့ပေးလို့ရပါပြီ။


နှစ်နှစ်ကနေ ငါးနှစ်အထိကလေးငယ်တွေကတော့ Education Program စတဲ့ ကလေးအတွက် သင့်လျော်တဲ့ အစီအစဥ်တွေကို တစ်နေ့ကို အများဆုံး (၁) နာရီသာ ကြည့်သင့်ပါတယ်။


ခြောက်နှစ်ကနေ တစ်ဆယ့်နှစ်နှစ်အထိ ကျောင်းနေအရွယ်ကလေးငယ်တွေကတော့ ကိုယ်လက်လှုပ် ရှားမှု၊ ‌ပေါင်းသင်းဆက်ဆံရေး၊ ကျောင်းစာ အစရှိတာတွေကို မထိခိုက်တဲ့ မမာဏသာ Screen Time ရှိသင့်ပါတယ်။ တစ်နေ့ကို (၂) နာရီထက်တော့ မပိုသင့်ပါဘူး။ 

ကလေးငယ်တွေဆိုတာ ရုပ်ပိုင်းဆိုင်ရာမှာကော၊ စိတ်ပိုင်းဆိုင်ရာမှာပါ အကောင်းဆုံးဖွံ့ဖြိုးကြီးထွားဖို့ အရေးကြီးဆုံး အသက်အရွယ်ဖြစ်ပါတယ်။ ဒီအရွယ်မှာ စာနာနားလည်ပြီး ချစ်ခင်ကြင်နာတတ်အောင်၊ မိဘတွေနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးရှိအောင်၊ ကိုယ်လက်ကြံ့ခိုင်အောင် စသဖြင့် ဂရုစိုက်ပေးဖို့လိုပါတယ်။ Digital Screen တွေက ကလေးတွေ နည်းပညာအသစ်၊ ဘာသာစကားအသစ်တွေ သင်ယူရလွယ်တာ၊ အပန်းပြေတာ စသဖြင့် ကောင်းကျိုးတွေလည်း ရှိသေးတာကြောင့် မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့ စိတ် ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကို မထိခိုက်မယ့် Screen Time မျှခြေကို သတ်မှတ်ချိန်ညှိပေးဖို့ လိုအပ်ပါတယ်။ 



Share

Comments

Hsu

သမီးလေးရဲ့ screen time ကိစ္စကို စိုးရိမ်နေတာ။ ခုလို အသက်အရွယ်အလိုက် ရှိသင့်တဲ့ screen time ကို ဝေမျှပေးတဲ့အတွက်ရော၊ screen time လျှော့ဖို့ suggestions လေးတွေပေးတာရော အရမ်းအသုံးဝင်ပါတယ်။ Digital age မှာ screen time က မရှိလို့လည်း မရဘူးဆိုတော့ အကျိုးရှိအောင် ဘယ်လို ကန့်သတ်ရမလဲဆိုတာ အရမ်းအရေးကြီးပါတယ်။

Nay Tun

တူမလေးရဲ့ Screen Time လျော့နည်းစေဖို့ အတတ်နိုင်ဆုံး ကြိုးစားကြည့်ပေမယ့် သိပ်မထိရောက်ဘူးဖြစ်နေခဲ့တာ။ ဒီဆောင်းပါးဖတ်မိမှ ကလေးရဲ့ Screen Time ကို လျော့နည်းနိုင်စေမယ့် နည်းလမ်းတွေကိုအလွယ်တကူ၊ စနစ်တကျလုပ်ဆောင်နိုင်မယ့် နည်းလမ်းလေးတွေကို အသေးစိတ်ပြောပြထားပေးလို့ သဘောကျတယ်။ အသုံးဝင်တယ်။ ကျေးဇူးတင်ပါတယ်။

Eaint Hmue Thakhin

ဆောင်းပါးတွင် မိဘများမှကလေးများscreen timeမများအောင်အချိန်သတ်မှတ်ပေးပြီးကလေးများနှင့်အတူကစားကာscreen timeကိုလျှော့ချသင့်ကြောင်းနှင့်မိဘကိုယ်တိုင်ကပင်စိတ်ထား​ပြည်ဝထက်မြက်တဲ့ကလေးများကို​ပြုစုပျိုးထောင်နိုင်​ကြောင်းသိရှိလိုက်ရသည်။အချိန်ပေးဖတ်ရှုလိုက်ရခြင်းကြောင့်အကျိုးများစွာရရှိလိုက်ပါတော့သည်။

Related Posts