ကိုယ်ဝန်ဆောင် မေမေတွေ ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ဖို့နည်းလမ်းကောင်းလေးတွေ

Posted in မိဘအုပ်ထိန်းခြင်း, ကိုယ်ဝန်ဆောင်မိခင်


ကိုယ်ဝန်ဆောင်မေမေတို့ရေ ညဘက်တွေမှာ အိပ်မပျော်တာကို ကြုံတွေ့နေရလား။ ညဖက်တွေ အိပ်ဖို့ခက်ခဲတာ ဒါမှမဟုတ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဘဲ မကြာမကြာနိုးလာတာမျိုးက တော်တော်များများ တွေ့ကြုံရလေ့ရှိတဲ့ ပြဿနာတွေထဲ တစ်ခုပဲ ဖြစ်ပါတယ်။  အထူးသဖြင့် မွေးဖွားခါနီးသုံးလအချိန်မှာ ဆိုရင် ခန္ဓာကိုယ်မှာ ‌ဟော်မုန်း အပြောင်းအလဲများစွာဖြစ်ပြီး ဗိုက်ထဲကကလေးက တဖြည်းဖြည်းပိုကြီးလာတဲ့အတွက် အိပ်မပျော်တဲ့ဝေဒနာကို ပိုပြီးတွေ့ကြုံခံစားကြရတတ်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာဟာ မေမေတို့ရဲ့  စိတ်ပိုင်းဆိုင်ရာကော ကိုယ်ခန္ဓာကျန်းမာရေး ရှု့ထောင့် အရပါ များစွာအကျိုးသက်ရောက်နိုင်ပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ ကိုယ်ဝန်ဆောင်နေစဥ်အတောအတွင်း ညစဉ်ညတိုင်း နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်စေမယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ရပါတယ်။ 

ပေါ့ပါးတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေကိုလုပ်ဆောင်ပါ။ 

လေ့ကျင့်ခန်းလုပ်ပေးတာဟာကိုယ်၀န်ဆောင်နေစဉ်အတွင်းမှာ မေမေတို့ရဲ့  စိတ်ခံစားချက်၊  ကျန်းမာရေးနဲ့အိပ်စက်အနားယူတာကိုပိုမိုကောင်းမွန်စေပါတယ်။တစ်နေ့ကိုအနည်းဆုံးမိနစ် (၃၀) ထားပြီး ပေါ့ပေါ့ပါးပါးရှိမယ့်လေ့ကျင့်ခန်းအချို့ကို မနက် ဒါမှမဟုတ် နေ့ခင်းဘက်မှာ လုပ်ပေးသင့်ပါတယ်။ အိပ်ရာဝင်ချိန်နဲ့ကပ်ပြီး လေ့ကျင့်ခန်းလုပ်တာမျိုးတွေကိုရှောင်ပါ။ ဘာလို့လဲဆိုတော့ လူကအရမ်း လန်းဆန်းနေတဲ့အခါ အိပ်ပျော်ရပိုပြီးခက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတို့ အတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်းတွေကတော့ လမ်းလျှောက်တာ၊ရေကူးတာ၊ ယောဂ ဒါမှမဟုတ် Pilates ကစားတာမျိုးပဲ ဖြစ်ပါတယ်။ မလုပ်ဖူးတဲ့ လေ့ကျင့်ခန်းအသစ်တစ်ခု စလုပ်တော့မယ်ဆိုရင်တော့ မစခင်မှာဆရာဝန် နဲ့အရင်တိုင်ပင်သင့်ပါတယ်။

ချင့်ချိန်စွာစားသောက်ပါ

အစာစားတဲ့အခါမှာ ပမာဏနည်းနည်း နဲ့  မကြာခဏ စားပေးသင့်ပါတယ်။ ဒါ့အပြင် အိပ်ရာမဝင်ခင်မှာပေါ့ပေါ့ပါးပါး ဖြစ်တဲ့ သရေစာလေးတွေကို သုံးဆာင်တာက အိပ်ပျော်ဖို့အတွက် အထောက်အကူပြုပါတယ်။ အစာကြေလွယ်ပြီးပရိုတင်းနဲ့ ကာဘိုဟိုက်ဒရိတ်တွေပါဝင်တဲ့ထမင်း၊ငှက်ပျောသီး၊ဒိန်ချဉ်၊ပေါင်မုန့်ဖြူ၊ကြက်သားနဲ့ဖရဲသီးစတာတွေကိုရွေးချယ်ပြီးစားပေးသင့်ပါတယ်။အစာကြေမလွယ်ဘဲရင်ပူစေတဲ့ အဆီအစိမ့်နဲ့ အစပ်တွေ၊ အက်ဆစ်ဓာတ်ပါတဲ့အစားအစာတွေကိုရှောင်ရှားသင့်ပါတယ်။

ကောင်းကောင်းအိပ်စက်အနားယူနိင်ဖို့လေ့ကျင့်ပါ

မိမိရဲ့အိပ်ရာပေါ်မှာ အိပ်တာနဲ့အနားယူတာကလွဲလို့အခြားအရာတွေမလုပ်ပါနဲ့။ ဦးနှောက်ထဲမှာကိုယ်အိပ်တဲ့နေရာနဲ့ပတ်သတ်ပြီး   အလုပ်နဲ့စိတ်ဖိစီးမှုတွေမရှိဘဲ

စိတ်ကိုပိုပြီးအပန်းပြေအနားယူတဲ့နေရာပဲဖြစ်သင့်ပါတယ်။ အိပ်ခါနီးမှာဖုန်းသုံးတာတို့တီဗီကြည့်တာတို့အစားစာအုပ်ဖတ်တာဖြစ်ဖြစ်၊စိတ်ကိုrelaxဖြစ်စေမယ့်သီချင်းမျိုးတွေကိုနားထောင်တာတို့တရားထိုင်တာတို့လုပ်ပေးသင့်ပါတယ်။

အိပ်ခန်း ပတ်ဝန်းကျင်ကို သက်တောင့်သက်သာဖြစ်အောင်ဖန်တီးပါ

ကိုယ်ရဲ့အိပ်ခန်းကို နွေးနွေးထွေးထွေးနဲ့ တိတ်ဆိတ်အနားယူနိုင်အောင် မီးရောင်မှိန်မှိန်လေးထားပြီး အခန်းအပူချိန်မျှတအောင်လုပ်ပါ။ အပြင်နေရောင်မဝင်နိုင်အောင်  ခန်းဆီးလိုက်ကာ ဒါမှမဟုတ် အလင်းရောင်ကို ကာကွယ်ပေးမဲ့ မျက်လုံးအကာလေးတွေ အသုံးပြုသင့်ပါတယ်။ အပြင်ကဆူညံသံတွေကို မကြားရအောင် အသံလုံစေတဲ့ နားပိတ်ကိရိယာ ဒါမှမဟုတ် white noise machine၊ လေဝင်လေထွက်ကောင်းအောင် ပန်ကာနဲ့ humidifier တို့ကိုအိပ်ခန်း ထဲမှာထားသင့်ပါတယ်။ အိပ်ယာကိုအပူအအေးမျှပြီး သက်တောင့်သက်သာဖြစ်ဖို့မိမိအဆင်ပြေမယ့်အနေအထားကိုပြောင်းရွှေ့ပြီးထားသင့်ပါတယ်။ကိုယ်ရဲ့နောက်ကျော၊ ဗိုက်၊ ခြေထောက်နှင့် ဦးခေါင်းတို့ကို ထောက်ပံ့ပေးမယ့် ခေါင်းအုံးလေးတွေကိုလည်းဘေးနားမှာထားပေးထားပါ။

စိုးရိမ်ပူပန်မှုတွေရှိရင် ရင်ဖွင့်ဆွေးနွေးပါ

ကိုယ်ဝန်ဆောင်ချိန်ကာလဟာ ပျော်ဖို့ကောင်းပြီး စိတ်လှုပ်ရှားစရာအချိန်ဖြစ်ပေမယ့်လည်း စိုးရိမ်ပူပန်မှုနဲ့စိတ်ဖိစီးမှုတွေအများဆုံးဖြစ်နိုင်တဲ့အချိန်လည်းဖြစ်ပါတယ်။ မိခင်ရဲ့ကျန်းမာရေး၊ ကလေးရဲ့ ဖွံဖြိုးမှု၊ ငွေကြေးကိစ္စ၊ အိမ်ထောင်ရေး၊ အခြားအရာတွေနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများစွာရှိနိုင်ပါတယ်။ 

ဒီအကူးအပြောင်းကာလမှာ စိုးရိမ်ပူပန်တယ်ဆိုတာ ပုံမှန်ဖြစ်ပေမယ့်လည်း ကိုယ့်တစ်ယောက်တည်း ရင်ဆိုင်ဖို့မလိုပါဘူး။ ကိုယ့်ရဲ့ခံစားချက်နဲ့ စိုးရိမ်ပူပန်မှုတွေကို ကိုယ်ချစ်ရတဲ့ခင်ပွန်းနဲ့ ရင်ဖွင့်တိုင်ပင်မယ်ဆိုရင် သူကလည်းကိုယ့်ကို နှစ်သိမ့်ပေးနိုင်ပြီး နှစ်ယောက်ကြား နားလည်ရင်းနှီးမူပိုရှိလာစေပြီး စိုးရိမ်ကြောင့်ကြမူတွေကိုလည်းလျော့နည်းစေနိုင်ပါတယ်။

အမျိုးသမီးတစ်ဦးနဲ့တစ်ဦးရဲ့ ကိုယ်ဝန်ဆောင်တဲ့အခါ တစ်‌ယောက်နဲ့တစ်ယောက် မတူညီတဲ့ အခက်အခဲလေးတွေ ကြုံတွေ့ ရတတ်ပါတယ် ။ ကိုယ်ဝန်ဆောင်မေမေ တစ်ဦးအတွက် အဆင်ပြေနိုင်တဲ့တချှို့နည်းလမ်းတွေက အခြားမေမေ တစ်ယောက်အတွက်တော့အဆင်ပြေချင်မှပြေမှာပါ။တကယ်လို့အိပ်မရတာက ရက်ဆက်လာပြီး ပိုစိုးလာတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဆွေးနွေးသင့်ပါတယ်။ ဒါမှာသာ အိပ်မပျော်ရတဲ့အကြောင်းအရင်းကိုတိတိကျကျ ရှာဖွေ နိင်ပြီး သင့်လျော်တဲ့ကုသမှုနဲ့ဘာလုပ်သင့်လဲဆိုတာကိုအကြံပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်မိခင်နဲ့ကလေးကျန်းမာရေးကိုလည်းစောင့်ကြည့်နိုင်ပြီးနောက်ဆက်တွဲဖြစ်လာနိုင်တဲ့ရောဂါတွေအတွက်လည်း ကြိုတင်ကာကွယ်မှုတွေပြုလုပ်နိုင်ပါတယ်။


Share

Comments

You must be logged-in to comment on this post.

Related Posts