တူနှစ်ကိုယ် တစ်အိပ်မက်

Posted in လူမှုဘဝ, လူမှုဆက်ဆံရေး


လူတွေမှာ ကိုယ်ဘာလိုအပ်နေလဲ၊ ဘာဖြစ်ချင်နေတာလဲ ဆိုတာ ကိုယ့်ဘာသာကိုယ်တောင် နားမလည်တဲ့ အခိုက် အတန့်တွေ ရှိတတ်ကြပါတယ်။ တစ်ကိုယ်တည်းနေတာတောင် ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် အဆင်မပြေတဲ့ အချိန် တွေရှိတာကြောင့် သွေးမတော်တဲ့ သူစိမ်းတစ်ယောက်နဲ့ တစ်သက်လုံးအတူနေပြီး ဘဝတစ်ခုကို တည်ဆောက်ဖို့ ဆိုတာ လွယ်ကူတဲ့ကိစ္စရပ်တော့မဟုတ်ပါဘူး။ နွေးထွေးကောင်းမွန်တဲ့ အိမ်ထောင်ရေးရပ်ဝန်းတစ်ခုဆီရောက် ဖို့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ဖြတ်သန်းရဦးမှာအသေအချာပါပဲ။

နှစ်ကိုယ်တူမက်နေကြတဲ့ အိပ်မက်တစ်ခုကို စတင်အကောင်အထည်ဖော်‌တော့မယ်ဆိုတဲ့အချိန်ဟာ အိပ်မက် ပြီးဆုံးလို့ လက်တွေ့ဘဝအစပြုတော့တာပါပဲ။ လက်တွေ့ဘဝဟာ အိပ်မက်မှာလို အရာရာ လှပပြည့်စုံမနေဘူး ဆိုတာ သတိပေးပါရစေ။ ဒီလိုတွေပြောလို့ မလန့်ပါနဲ့ ။ ဖြစ်လာနိုင်တဲ့ပြဿနာ၊ ကြုံတွေ့လာနိုင်တဲ့ အခက်အခဲ တွေကို တစ်ယောက်နဲ့တစ်ယောက် ကြိုတင်ညှိနှိုင်း၊ ဖြေရှင်းထားမှသာ ကောင်းမွန်ပြီး လက်တွေ့ကျတဲ့ အိမ် ထောင်ရေးဘဝကို ရရှိစေမှာပါ။ ဒီတော့ လက်တွေ့ဖြစ်လာတော့မယ့် တူနှစ်ကိုယ်တစ်အိပ်မက်ကို အဆင် ပြေ ချောမွေ့စေဖို့ သိထားရမယ့်၊ ဆောင်ရွက်ရမယ့်အချက် တွေကို ဖော်ပြပေးလိုက်ပါတယ်။ 

(၁) အယူအဆနဲ့ အမြင်တွေကို ညှိနှိုင်းပါ

လက်ထပ်ဖို့စီစဥ်နေကြတဲ့ လူနှစ်ယောက်ကြားက တန်ဖိုးထားမှု၊ စံနှုန်းတွေ၊ ယုံကြည်မှု၊ စိတ်ဝင်စားမှု စတာ တွေကို အချင်းချင်း နားလည်ပြီး လက်ခံပေးနိုင်တာ သေချာအောင် ညှိနှိုင်းတိုင်ပင်ထားမှ သာယာတဲ့ အိမ်ထောင် ရေးတစ်ခုကို တည်ဆောက်နိုင်မှာပါ။ ဥပမာ- ကိုယ့်လက်တွဲဖော်က မိသားစုကို တန်ဖိုးထားရဲ့လား၊ သစ္စာတရား နဲ့ ပတ်သက်ပြီး စံနှုန်းမြင့်မားလား စတဲ့ အရေးကြီးတဲ့ အချက်တွေကို သေချာဆွေးနွေးထားဖို့ လိုအပ်ပါတယ်။ လူတစ်ကိုယ်စိတ်တစ်မျိုးဖြစ်တာကြောင့် နှစ်ဦးရဲ့သဘောထားတွေ၊ အယူအဆတွေ ထပ်တူညီဖို့ ခဲယဥ်းပေမယ့် ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်းအားဖြင့် တစ်ဦးနဲ့တစ်ဦး ပိုမိုနားလည်အဆင်ပြေလာနိုင်ပါတယ်။

(၂) အနာဂတ်အစီအစဥ်ကို မျှဝေဆွေးနွေးပါ။ 

ဘဝနှစ်ခုကိုမျှဝေပြီး တစ်ခုတည်းအဖြစ် အတူဖြတ်သန်းရမယ့်လက်တွဲဖော်တွေမှာ အနာဂတ်အတွက် တူညီတဲ့ ရည်မှန်းချက်တွေ၊ အစီအစဥ်တွေ ရှိသင့်ပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒနဲ့ ရည်မှန်းချက်တွေကို အချင်းချင်း ကြို တင်ညှိနှိုင်းထားပါ။ ကိုယ့်ဘဝထဲမှာ အခြားလူတစ်ယောက်ကို ထည့်သွင်းရမှာဖြစ်လို့ ကိုယ်ဖြစ်ချင်တာတစ်ခု တည်း မကြည့်ဘဲနဲ့ လက်တွဲဖော်ရဲ့ ဆန္ဒကိုလည်း အလေးထားပေးရပါမယ်။ အနာဂတ်အစီအစဥ်တွေ____ ဥပမာအားဖြင့် ဘယ်ဒေသမှာ အခြေချကြမှာလဲ?... ကလေးယူမှာလား...မယူဘူးလား?.... စတာတွေကို လက်မထပ်ခင်ကတည်းက ပြောဆိုတိုင်ပင်ထားဖို့ လိုအပ်ပါတယ်။ တစ်ယောက်က ကလေးယူချင်ပြီး တစ်ယောက်က မယူချင်ဘူးဆိုတာကို လက်ထပ်ပြီးမှသိရင် ဆွေးနွေးရတာ ပိုဖိအားများတယ်လေ.... 

(၃) ရိုးသားပွင့်လင်းပါ။

သာယာအေးချမ်းတဲ့ အိမ်ထောင်ရေးဖြစ်ဖို့ တစ်ယောက်နဲ့တစ်ယောက် ရိုးသားပွင့်လင်းဖို့က အရေးအကြီးဆုံးပါ။ ကိုယ် ဘာဖြစ်ချင်တယ်၊ ဘာလိုချင်တယ်၊ ဘာကိုဖြင့် မကျေနပ်ဘူး စသဖြင့် ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုမှသာ တစ်ယောက်စိတ်ကို တစ်ယောက်နားလည်ဖို့လွယ်မှာပါ။ ကိုယ့်လက်တွဲဖော်က ကိုယ်ထုတ် မပြောဘဲ ဘာဖြစ်နေလဲဆိုတာ နားလည်မှာမဟုတ်ဘူးလေ။ အချင်းချင်း ကိုယ့်ခံစားချက်၊ အတွေးအမြင်တွေကို ရိုးရိုးသားသားနဲ့ လွတ်လွတ်လပ်လပ်ပြောဆိုမှသာ ရေရှည်ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်လက်တွဲဖော်ပြောနေတဲ့အကြောင်းအရာကို သေချာနားထောင်ပေးဖို့ကလည်း အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်တယ်ဆိုတာ မမေ့သင့်ဘူးနော်....  (၄) ငွေရေးကြေးရေး

ဘယ်လောက်ပဲရင်းနှီးတဲ့သူတွေဖြစ်ဖြစ် ငွေရေးကြေးရေးအကြောင်း မေးမြန်းပြောဆိုခြင်းဟာ မယဥ်ကျေးတဲ့ အပြုအမူလို့ ယူဆနိုင်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းတာကြာပြီး တစ်ဘဝလုံးစာရည်ရွယ်ထားကြတဲ့ စုံတွဲတွေ ကြားထဲမှာ တော့ ပြောကိုပြောသင့်တဲ့ ခေါင်းစဥ်တစ်ခု ဖြစ်ပါတယ်။ တကယ့်လက်တွေ့ဘဝမှာ ဘဏ္ဍာရေးက အိမ်ထောင်ရေးမှာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်နေ တယ်ဆိုတာ နားလည်ထားရပါမယ်။

တစ်ယောက်ကရှာပြီး တစ်ယောက်ကဖြုန်းနေရင် ဒီအိမ်ထောင်ရေးက အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ငွေကြေးကို ရေရှည်အတွက် ဘယ်လိုရင်းနှီးမြုပ်နှံထားသလဲ၊ ဒါမှမဟုတ် ရင်းနှီး မြုပ်နှံဖို့ ဘယ်လို အစီအစဥ် ရှိလဲ၊ စုဆောင်းငွေရှိ မရှိ၊ အကြွေးရှိ မရှိ၊ စုံတွဲနှစ်ယောက်ထဲက တစ်ယောက်မှာ အကြွေးတင်လာရင် ကိုယ်တိုင် တာဝန်ယူရမှာလား၊ အတူတူ ဖြေရှင်းမှာလား၊ အိမ်အသုံးစရိတ်မှာ ငွေကြေး ဘယ်လို ခွဲဝေထည့်သွင်းကြမှာလဲ .......... စတဲ့ စတဲ့ ငွေကြေးနဲ့ပတ်သက်တဲ့ ခေါင်းစဥ်များစွာကို လက်မထပ်ခင် သေချာ ဆွေးနွေးညှိနှိုင်းထား ရပါ မယ်။ 

(၅) မိသားစုနောက်ခံကိုလေ့လာပါ။

လူတစ်ယောက်ရဲ့ မိသားစုက သူ့ရဲ့ အတွေးအခေါ်၊ အယူအဆနဲ့ အပြုအမူတွေကို အနည်းနဲ့အများ လွှမ်းမိုးပါ တယ်။ လက်တွဲဖော်ရဲ့ ငယ်ဘဝကိုလွှမ်းမိုးခဲ့တဲ့ သူ့မိသားစုရဲ့ အလေ့အထတွေ၊ အကျင့်စရိုက်နဲ့ အယူအဆ တွေ က သူ့ကိုယ်ပိုင်မိသားစုဘဝကို တည်ဆောက်တဲ့နေရာမှာ သက်ရောက်မှုရှိနေမှာပါ။ တစ်ယောက်က ရှေးရိုးစွဲတဲ့ မိသားစုမှာ ကြီးပြင်းခဲ့ပြီး တစ်ယောက်က ပွင့်လင်းလွတ်လပ်စွာ ကြီးပြင်းခဲ့ရင် အချင်းချင်းရဲ့ အကျင့်စရိုက်ကွာ ခြား မှုတွေကို လက်ခံနိုင်လားဆိုတာ ထည့်စဥ်းစားရမယ့် အရေးကြီးအချက်တစ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် လက်မထပ်ခင် ကိုယ့်လက်တွဲဖော်ရဲ့ မိသားစုနောက်ခံ၊ သူတို့မိသားစုရဲ့ ဓလေ့စရိုက်နဲ့ အမူအကျင့်တွေကို လေ့လာထားဖို့ လိုအပ်ပါတယ်။

wh(၆) စည်းမျဥ်းတွေကို သေချာခွဲခြားထားပါ။ 

နှစ်ယောက်တစ်ဘဝဆိုတာ လူနှစ်ယောက်ကြားထဲက ကိုယ်ရေးကိုယ်တာစည်းမျဥ်းတွေ မရှိသင့်တော့ တာမဟုတ်ဘူးနော်။ ပွင့်ပွင့်လင်းလင်းပြောဆိုမယ်၊ တိုင်ပင်ညှိနှိုင်းကြမယ်၊ အားပေးနှစ်သိမ့်ပြီး ဘဝကို အတူ ဖြတ်သန်းကြတယ် ဆိုပေမယ့် သူနေရာနဲ့သူ လိုအပ်တဲ့ စည်းတွေဘောင်တွေဆိုတာ ရှိပါသေးတယ်။ စည်းမျဥ်း တွေဆိုတာကို မြင်သာအောင်ပြောရရင် တစ်ယောက်နဲ့ တစ်ယောက်ကြား လေးစားသမှုနဲ့ ပြောဆို ဆက်ဆံဖို့၊ ဆဲဆို အော်ဟစ်တာတွေမလုပ်ဖို့ အစတည်းက သေချာညှိနှိုင်းထားတာမျိုးပါ။ ဒါ့အပြင် ကိုယ်ပိုင်အချိန်ရဖို့၊ ကိုယ်ဝါသနာပါတာကို ဆက်လုပ်နိုင်ဖို့ အစရှိတဲ့ ကိုယ်လိုချင်တဲ့အကြောင်းအရာတွေကို သေချာပြောဆိုထားသင့် ပါတယ်။ အခြေနေနဲ့အချိန်အခါတွေပေါ်မူတည်ပြီး စည်းမျဥ်းတွေကို အတိုးအလျော့လုပ်ဖို့ လိုပါတယ်နော်။

(၇) ကိုးကွယ်မှုနဲ့ ဓလေ့ထုံးတမ်းများအကြောင်း ကြိုတင်ဆွေးနွေးပါ။

လူတစ်ယောက်ရဲ့ ဘဝမှာ ယုံကြည်ကိုးကွယ်မှုကလည်း အရေးကြီးတဲ့အခန်းကဏ္ဍဖြစ်ပါတယ်။ ဒါကြောင့် လူနှစ်ယောက်လက်မထပ်ခင် တစ်ယောက်ရဲ့ ဘာသာတရားကို တစ်ယောက်‌လေးစားနိုင်မလား.... ဓလေ့ထုံးတမ်း တွေကို လက်ခံနိုင်မလားဆိုတာတွေက ကြိုတင်ဆွေးနွေးထားရမယ့် အကြောင်းအရာတွေပါ။ အထူးအဖြင့် ဘာသာမတူတဲ့ လက်တွဲဖော်နှစ်ယောက်ကြားမှာ ဒီအကြောင်းအရာကို အလေးအနက်ထား ဆွေးနွေးသင့်ပါ တယ်။

သမီးရည်းစားပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကို ဘာအားထုတ်မှုမှမပါဘဲ မရရှိနိုင်ပါဘူး။ ခိုင်မာကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုဆိုတာ အချိန်ပေးပြီး တည်ဆောက်ယူရတာပါ။ အိမ်ထောင်ပြုတယ်ဆိုတာ လူနှစ်ယောက်၊ ဘဝနှစ်ခုကိုအတူပေါင်းစပ်ပြီး တစ်ခုတည်းအဖြစ်ဖန်တီးယူကြတာ ဖြစ်လို့ နှစ်ယောက်လုံး အဆင်ပြေပျော်ရွှင်နေဖို့ လိုအပ်ပါတယ်။ လက်တွဲဖော်နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာ၊ နားလည်မှုတွေ ကြိုတင်ဆွေးနွေးမှုတွေနဲ့ သာယာပျော်ရွှင်ပြီး ခိုင်မာတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်ကြပါစေ....


Share

Comments

Related Posts