၂၀၂၄ ကို ကမ်းလင့်ကြိုဖို့ ပြင်ဆင်ထားသင့်တဲ့ အချက်လေးများ

Posted in ကျန်းမာရေး, စိတ်ကျန်းမာရေး


စွန့်စားခန်းအသစ်တွေကို ဖွင့်လှစ်မယ့် ခရီးသွားလေးတွေအားလုံး မင်္ဂလာပါနော်။ အခုဆိုရင် ကုန်ဆုံးတော့မယ့် နှစ်ဟောင်းနဲ့အတူ နှစ်သစ်တစ်ခုရဲ့ အငွေ့အသက်ကိုလည်း ပတ်ဝန်းကျင်လေထုထဲမှာ စတင်ခံစားနေရပြီပေါ့။ အသစ်ကျပ်ချွတ် နှစ်သစ်တစ်ခုရဲ့ တံခါးပေါက်မှာ ရပ်တန့်ရင်း ရင်ခုန်စရာ ခရီးစဉ်သစ်တစ်ခုကို စတင်ဖို့ အားလုံးပဲ အဆင့်သင့်ဖြစ်နေမယ် မျှော်လင့်ပါတယ်။ ဒါကြောင့် ၂၀၂၄ ထဲကို စိတ်ပိုင်းရုပ်ပိုင်း ခွန်အားတွေ အပြည့်အ၀နဲ့ လှမ်းဝင်လိုက်ရအောင်။ အခုတော့ စိတ်လှုပ်ရှားမှုတွေ၊ မျှော်လင့်ချက်တွေ၊ စွန့်စားခန်းအသစ်တွေကို စိတ်ဓာတ်ခွန်အားအပြည့်အ၀နဲ့ ရင်ဆိုင်နိုင်ဖို့ အားလုံးသတိပြုသင့်တဲ့ အချက်လေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။ 

(၁) နှစ်ဟောင်းကို ပြည်လည်သုံးသပ်ခြင်း 

နှစ်သစ်တစ်ခုဆီ မလှမ်းခင် နှစ်ဟောင်းရဲ့ သင်ခန်းစာနဲ့ အနိမ့်အမြင့်အတက်အကျတွေကို ပြန်လည်ဆင်ခြင်သုံးသပ်ဖို့ အရင်ဆုံး အရေးကြီးပါတယ်။ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေ၊ မှားခဲ့တဲ့ အမှားတွေ၊ သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေ၊ အောင်မြင်မှုနဲ့ ဆုံးရှုံးမှုတွေ၊ ကျရှုံးမှုနဲ့ တိုးတက်မှုတွေ စတဲ့ ၂၀၂၃ ရဲ့ ပုံရိပ်တွေ အားလုံးကို ပြန်လည်စိစစ်သုံးသပ်ရမယ့် အချိန်ဖြစ်ပါတယ်။ ဒါမှပဲ ပိုမိုကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့အတူ နှစ်သစ်တစ်ခုကို စတင်နိုင်မှာပေါ့။ ဒီလို သုံးသပ်ပြီးရင်တော့ ယခင်ကမိမိကို လက်ပြနှုတ်ဆက်ပြီး မိမိအသစ်ကို ရယူဖို့အချိန်ကျပြီပေါ့။ အဆင်သင့်ဖြစ်နေတဲ့ နှလုံးသား၊ စိတ်ကူးအတွေးအမြင် အသစ်တွေနဲ့အတူ အခွင့်အလမ်းအသစ်တွေကို ဖန်တီးဖို့ အဆင်သင့်ပြင်လိုက်တော့နော်။ 

(၂) အပြုသဘောဆောင်တဲ့ ရည်ရွယ်ချက်တွေကို ချမှတ်ပါ 

ရည်ရွယ်ချက်တွေအကြောင်းကို အားလုံးလိုလို ပြောလေ့ရှိကြပေမယ့် အခုဆိုလိုတာကတော့ လက်တွေ့ကျတဲ့ ရည်ရွယ်ချက် စစ်စစ်တွေကို ဆိုလိုတာဖြစ်ပါတယ်။ မိမိရဲ့ ရင်တွင်းက စိတ်ဆန္ဒကို အမှန်တကယ်မီးထိုးပေးပြီး "ကဲ.. ဒါကိုတော့ ဖြစ်အောင်လုပ်မယ်" လို့ ရွတ်ဆိုပြီး တကယ်ထလုပ်ရမယ့် ရည်မှန်းချက်တွေကို ဆိုလိုတာ ဖြစ်ပါတယ်။ သင့်ကို စိတ်လှုပ်ရှားတက်ကြွစေပြီး Comfort Zone ထဲက တွန်းထုတ်နိုင်မယ့် ရည်မှန်းချက်မျိုးကို ချမှတ်ပါ။ တစ်ဖက်မှာတော့ မိမိအမှန်တကယ် ရရှိအောင်မြင်နိုင်မယ့် ရည်မှန်းချက်မျိုးလည်း ဖြစ်ဖို့လိုပါတယ်။ ပြီးရင်တော့ သင့်အိပ်မက်တွေကို စတင်အကောင်အထည်ဖော်လိုက်ပါ။ 

(၃) အောင်မြင်မှုများအတွက် အောင်ပွဲခံပါ 

အောင်မြင်မှုအသေးလေးတွေအစ အရေးပါကြောင်း အမြဲသိရှိနေပါစေ။ ဟင်းလျာအသစ်တစ်မျိုး အောင်မြင်စွာချက်လိုက်နိုင်တာကစ စစ်ဆေးလွှာတစ်ခု အောင်မြင်စွာဖြေဆိုလိုက်နိုင်တာအဆုံး အောင်မြင်မှုထဲ အကျုံးဝင်တာပေါ့။ ခက်ခဲတဲ့ အလုပ်ခွင်နေ့ရက်တစ်ရက်ကို အပြုံးလေးနဲ့ ဖြတ်သန်းနိုင်ခဲ့တယ်ဆိုရင်လည်း မိမိကိုယ်ကိုယ် ဂုဏ်ပြုသင့်တာပါပဲ။ ဒါကြောင့် ကြီးကြီးသေးသေး၊ အောင်မြင်မှုအားလုံးကို အချိန်ယူအောင်ပွဲခံပြီး မိမိကိုယ်ကိုယ် ဂုဏ်ပြုလို့ နောက်ထပ်လိုက်ပါလာမယ့် အောင်မြင်မှုများကို ကြိုဆိုဖို့ မမေ့ပါနဲ့နော်။

(၄) စွန့်စားခန်းအသစ်များကို စိတ်ကူးကြည့်ပါ

၂၀၂၄ အတွက် သင့်ရဲ့ စိတ်ကူးအိပ်မက်ထဲက အစီအစဉ်လေးက ဘာများဖြစ်မလဲ။ ဘာပဲဖြစ်ဖြစ်၊ ၂၀၂၄ ကို "ဘာဖြစ်ဖြစ် ဖြစ်တယ်" လို့ အမည်ပေးထားလိုက်နော်။ အမြဲတမ်းအိပ်မက်မက်နေခဲ့တဲ့ အကသင်တန်းလေးကို အချိန်ယူတက်ကြည့်မလား၊ ဘာသာစကားအသစ်တစ်ခုကို စတင်သင်ယူမလား၊ အားလုံးမျက်စိကျနေတဲ့ စိတ်လှုပ်ရှားစရာ တောင်တက်ခရီးစဉ်လေးအတွက် မိမိကိုယ်ကိုယ် အကောင်းဆုံးကြိုတင်ပြင်ဆင် လေ့ကျင့်မလား၊ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်တစ်ခုကို ရှာဖွေကြည့်မလား။ ၂၀၂၄ ကို "ဘာမဆိုဖြစ်နိုင်တယ်" ဆိုတဲ့ နှစ်တစ်နှစ်အဖြစ်သတ်မှတ်လို့ အတွေ့အကြုံအသစ်တွေအားလုံးကို ရင်ဖွင့်ကြိုဆိုလိုက်တော့နော်။ ဘာဖြစ်လို့ဆို တကယ်လည်း ဘာမဆိုဖြစ်နိုင်လို့ ဖြစ်ပါတယ်။ 

(၅) စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ပါ

နှစ်သစ်ဆိုတာ မိမိရဲ့ စိတ်ပိုင်းဆိုင်ရာကို အသစ်ပြန်လည်ပြင်ဆင်ဖို့ အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။ အခက်အခဲနဲ့ စိန်ခေါ်များစွာ ကြုံတွေ့ခဲ့ရသူတွေအတွက် အကောင်းမြင်သဘောထားမျိုးကို ပြန်လည်မွေးဖြူဖို့ အရေးကြီးပါတယ်။ ကျေးဇူးတင်စိတ်မွေးမြူခြင်း၊ မိမိကိုယ်ကိုယ် အချိန်ပေးစောင့်ရှောက်ခြင်း၊ တရားရှူမှတ်ခြင်း၊ စာပေရေးသားမှတ်တမ်းတင်ခြင်း၊ လမ်းလျှောက်ထွက်ခြင်း စတဲ့ နည်းလမ်းလေးတွေဟာလည်း သေးငယ်တယ်ထင်ရပေမယ့် အလွန်ထိရောက်တဲ့ အကျိုးရလဒ်တွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် အနာဂတ်ကို အကောင်းမြင်စိတ်ထားပြီး အကောင်းဆုံးအရာတွေ ရောက်လာတော့မှာဖြစ်တဲ့အကြောင်း ယုံကြည်စိတ်ထားလိုက်ပါနော်။ 

ကဲ.. ဒီလောက်ဆိုရင် ရင်ခုန်လှိုက်မောစရာတွေနဲ့ ပြည့်နက်နေတဲ့ နှစ်သစ်တစ်ခုကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်လောက်ပြီ ထင်တယ်နော်။ စွန့်စားခန်းနဲ့ အခွင့်အလမ်းတွေ ပြည့်နှက်နေတဲ့ နှစ်သစ်မှာ အကောင်းဆုံးအခိုက်အတန့်တွေ ဖန်တီးဖို့၊ အပျော်ရွှင်ဆုံး အတွေ့အကြုံတွေကို သိမ်းပိုက်ဖို့ ၊ အအောင်မြင်ဆုံး ရလဒ်တွေကို ဆွတ်ခူးဖို့အတွက် မိမိကိုယ်ကိုယ် အဆင်သင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်ထားလိုက်ကြပါစို့နော်။ 


Share

Comments

Shun Yati Nyein Htet

it's a great motivation and ready to start to my new life style

Related Posts