နာတာရှည်ရောဂါရှင်တွေအတွက် ကျန်းမာအသက်ရှည်စွာ နေနိုင်မယ့် နည်းလမ်းများ

Posted in ကျန်းမာရေး, အထွေထွေကျန်းမာရေး


ကမ္ဘာအနှံ့အပြားက လူသန်းပေါင်းများစွာဟာ နှလုံးရောဂါ၊ သွေးတိုးနဲ့ ဆီးချိုရောဂါတွေကဲ့သို့သော နာတာရှည်ရောဂါတွေကို နှစ်စဉ်ခံစားနေကြရပါတယ်။ မြန်မာနိုင်ငံမှာ အဖြစ်များဆုံး နာတာရှည်ရောဂါတစ်မျိုးကိုပြောပါဆိုရင်တော့ ဆီးချိုရောဂါပဲဖြစ်ပါတယ်။ ဒီရောဂါကို လုံးဝ အမြစ်ဖြတ် ကုသလို့ မရနိုင်ပေမယ့် အသက်ရှည်ရှည် ကျန်းကျန်းမာမာနေနိုင်ဖို့ နည်းလမ်းများစွာ ရှိပါတယ်။ ဒီ‌ဆောင်းပါးမှာဆိုရင် နာတာရှည်ရောဂါဝေဒနာရှင်တွေအတွက် ကျန်းကျန်းမာမာနဲ့ အသက်ရှည်စွာ နေထိုင်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးသွားမှာမို့ ဖတ်ကြည့်ပေးကြပါဦးနော်။

ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ 

ဆရာဝန်ဆီက ညွှန်ကြားချက်မပါပဲ သောက်ဆေးတွေကို မိမိဘာသာ ဝယ်မသောက်သင့်ပါဘူး။ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီးမှသာ မိမိရောဂါအခြေအနေနဲ့ ကိုက်ညီတဲ့ ဆေးကုသမှု ခံယူခြင်း၊ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းနှင့် ပုံမှန်‌ဆေးစစ်ခြင်းများကို လုပ်ဆောင်သင့်ပါတယ်။


ကျန်းမာရေးနဲ့ ညီညွတ်တာစားပါ 

နာတာရှည်ရောဂါရှင်တွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံစနစ်က အလွန် အရေးကြီးပါတယ်။ အသီးအနှံ၊ အရွက်၊ အစေ့အဆန်နဲ့ ပရိုတင်းပါဝင်မှုများတဲ့ အစားအစာတွေကို ရွေးချယ်စားသောက်ပေးပြီး ပြုပြင်ထားတဲ့ အစားအစာတွေ၊ သကြားဓာတ်များတဲ့ အချိုရည်တွေနဲ့ ပြည့်ဝဆီတွေ ပါဝင်တဲ့ အစားအစာတွေကို လုံးဝမစားတော့တဲ့အထိ လျှော့ချပေးပါ။

ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးပါ - နာတာရှည်ရောဂါရှင်တွေအနေနဲ့ ကျန်းမာရေးကောင်းမွန်စေဖို့ နေ့စဥ် ပုံမှန် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းမျိုးက ကိုယ့်ရောဂါအခြေအနေနဲ့ အသင့်တော်ဆုံးလဲဆိုတာကို  ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး တစ်ပတ်ကို  (၃) ရက်လောက်၊ အနည်းဆုံး မိနစ် (၃၀) စီ ပုံမှန် လေ့ကျင့်ခန်းလေးလုပ်ပေးသင့်ပါတယ်။


မိမိရောဂါအခြေအနေကို ဆန်းစစ်ပါ - ရောဂါအခြေအနေကို ပုံမှန် ဆန်းစစ်ပြီး ပြောင်းလဲမှုတိုင်းကို စောင့်ကြည့်ပေးပါ။ အဲဒါမှသာ ဖြစ်နိုင်ချေရှိတဲ့ ရောဂါတွေကို စောစောသိပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။


စိတ်ဖိစီးမှုကို လျှော့ချပါ - နာတာရှည်ရောဂါဝေဒနာခံစားရတာဟာ တကယ့်ကို စိတ်ဖိစီးစရာကောင်းလှပါတယ်။ဒါပေမယ့် အဲဒီစိတ်ဖိစီးမှုကပဲ ရောဂါကို ပိုမိုဆိုးရွားစေမှာမို့လို့ စိတ်ဖိစီးမှုလျှော့ချတဲ့ နည်းလမ်းတွေဖြစ်တဲ့ အသက်ရှုလေ့ကျင့်ခန်းလုပ်တာမျိုး၊ တရားထိုင်တာမျိုး ဒါမှမဟုတ် ယောဂဆော့တာမျိုးတွေ လုပ်ပြီး ကိုယ်ရောစိတ်ပါ ကျန်းမာအောင် နေသင့်ပါတယ်။


အိပ်ရေးဝဝ အိပ်ပါ - ကျန်းမာရေးကောင်းဖို့ဆို အိပ်ရေးဝဝအိပ်ပြီး ကောင်းကောင်းအနားယူဖို့လိုပါတယ်။ တစ်ညကို အနည်းဆုံး (၇) နာရီ (၈) နာရီလောက် အိပ်ပါ။ ကောင်းကောင်းအိပ်မပျော်ဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူပါ။

နာတာရှည်ရောဂါခံစားနေရပြီဆိုရင် အရင်ကထက် ကျန်းမာရေးကို ပိုပြီး သေချာလေးဂရုစိုက်ပေးဖို့လိုပါတယ်။ အပေါ်က အချက်တွေကို လိုက်လံလုပ်ဆောင်ကြည့်မယ်ဆိုရင် နာတာရှည်ရောဂါ ခံစားနေရပေမယ့်လည်း စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာစွာနဲ့ နေထိုင်နိုင်မှာပါ။



Share

Comments

Anonymous

Thank you