ဝက်ခြံ နဲ့ အဆီပြန်တဲ့ အသားအရေ ပိုင်ဆိုင်ထားတဲ့ ကိုယ့်ကောင်လေးကို ဘယ်လိုကူညီမလဲ

Posted in ကျန်းမာရေး, အလှအပရေးရာ

အမျိုးသားတွေမှာ မျက်နှာအဆီပြန်တာနဲ့ ချွေးပေါက်ကျယ်တာတွေဟာ အမျိုးသမီးတွေထက် ပိုဖြစ်လေ့ရှိပြီး အခန့်မသင့် ဂရုမစိုက်မိရင် အရေပြား မှာဝက်ခြံပေါက်တာမျိုးအထိဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာ ရှိတဲ့ Testosterone လို့ခေါ်တဲ့ ဟော်မုန်းဟာ မျက်နှာမှာ အဆီဖန်တီးပေးတဲ့အတွက် ဘက်တီးရီးယားတွေပေါက်ပွား စေပါတယ်။ အဲ့ကနေမှတစ်ဆင့်  မျက်နှာမှာချွေးပေါက်တွေ ပိတ်ဆို့ပြီး ဝက်ခြံအစုလိုက် ကွဲထွက်ခြင်းကို ဖြစ်စေပါတယ်။ ဒီလိုတွေ ဖြစ်နိုင်ပေမဲ့လည်း အချို့အမျိုးသားတွေဟာ မျက်နှာကိုဂရုစိုက်ဖို့နဲ့ skin care ပစ္စည်းတွေ သုံးဖို့ ဦးစားမပေးကြပါဘူး။

ဟိုးအရင်ထဲက အလှကုန်ပစ္စည်းလုပ်ငန်းတွေက  skincare ထုတ်ကုန်တွေကို အမျိုးသမီးတွေအတွက်သာ အဓိကထားဦးတည်ပြီး ထုတ်လုပ်ခဲ့ကြတာဖြစ်ပါတယ်။  အမျိုးသားတွေအတွက်တော့ သူတိုရဲ့ မျက်နှာနဲ့ အသားအရေကို ဂရုစိုက်တာဟာ    ယောင်္ကျားဆန်တဲ့ အပြုအမူလို မမြင်ကြပါဘူး။ အဲ့ဒါကြောင့် ယောင်္ကျားလေးတွေ အနေနဲ့ အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေသုံးဖို့ ပိုပြီး တွန့်ဆုတ်ကြပါတယ်။ 

ဒါ့အပြင် အမျိုးသားတော်တော်များများဟာ မျက်နှာအသားအရေထိန်းသိမ်း ခြင်းရဲ့ အရေးပါမှု နဲ့ skincare ဆိုင်ရာ အသိပညာလည်း အားနည်းကြပါတယ်။ ကိုယ်နဲ့ ဘယ် skincare ထုတ်ကုန်က တည့်လဲ ဘယ်အမျိုးအစား သုံးသင့်လဲဆိုတာ မသိကြပါဘူး။

အဲ့ဒါကြောင့် ဒီတစ်ခေါက် ဆောင်းပါးထဲမှာ skincare အကြောင်း နားမလည်တဲ့ ချစ်သူကောင်လေး ရှိရင် သူ့အတွက် ကြည်လင်ပြီး ကျန်းမာတဲ့ မျက်နှာအသားအရေ ရရှိရုံတင်မကဘဲ ဝက်ခြံ နဲ့ အဆီပြန်တာ အတွက်ကူညီပေးနိုင်မယ့် အကြုံပြုချက်တွေကိုမျှဝေပေးလိုက်ပါတယ်။


အသားအရေကို ပုံမှန်ထိန်းသိမ်းဖို့ အားပေးပါ။

အသားအရေထိန်းသိမ်းဂရုစိုက်တဲ့အခါအရေးအကြီးဆုံးအချက်ကတော့ မျက်နှာကို သေချာသန့်စင်ဖို့ပါပဲ။ ယောင်္ကျားလေးတွေရဲ့ မျက်နှာပေါ်မှာ ရှိတတ်တဲ့ အညစ်အကြေး၊အဆီနဲ့ ချွေးတွေကို ဖယ်ရှားဖို့ဆို သူတို့ရဲ့ အသားအရေနဲ့တည့်ပြီး အရည်အသွေးကောင်းတဲ့ မျက်နှာသစ်ဆေးနဲ့ တစ်နေ့ကို အနည်းဆုံး နှစ်ကြိမ်လောက် သစ်ဖို့လိုအပ်ပါတယ်။ အဲ့လိုပြုလုပ်ပေးမယ်ဆိုရင် ချွေးပေါက်ပိတ်ဆို့တာတွေ ဝက်ခြံထွက်တာတွေကိုလည်း လျော့ကျစေပါတယ်။ သူ့အသားအရေက အဆီပြန်တတ်တဲ့ အသားအရေ ဒါမှမဟုတ် ဝက်ခြံထွက်တတ်တယ်ဆို အဲ့ဒါတွေအတွက် အထူးသီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေးတွေကိုပဲ သုံးပေးသင့်ပါတယ်။

မျက်နှာအဆီပြန်တတ်တဲ့ ယောင်္ကျားလေး တော်တော်များများဟာ Moisturizer သုံးရင် ပိုပြီးအဆီပြန်တတ်တယ် လိုထင်ကြပြီး မလိမ်းတတ်ကြပါဘူး။ ဒါပေမယ့် ဘယ်လိုပဲ အဆီပြန်တဲ့မျက်နှာဖြစ်ပါစေ Moisturizer ကအသားအရေကို အစိုဓာတ်ပေးပြီး ထိန်းသိမ်းဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အမျိုးအစားရှာတဲ့အခါ ချွေးပေါက်တွေကို မပိတ်ဆို့စေဘဲ အဆီမပါတဲ့ lightweight moisturizer ကို ရှာဖွေပြီးသုံးပါ။

မျက်နှာချေးချွတ်ပေး ခြင်းဟာလည်း အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့အပြင် ချွေးပေါက်တွေကို မပိတ်ဆို့စေဘဲ အသားအရေကိုပိုပြီး ကောင်းစေတဲ့နည်းတစ်မျိုးပါ။ အဆီပြန်တတ်တဲ့အသားအရေရှိတဲ့ အမျိုးသားတွေဆို နူးညံ့တဲ့ scrub ဒါမှမဟုတ် exfoliating tool ကိုသုံးပြီး တစ်ပတ်ကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် ချေးချွတ်ပေးသင့်ပါတယ်။ အလွန်အကျွံ လုပ်မိရင်တော့ အရေပြားကို ထိခိုက်စေနိုင်တဲ့အတွက် သတိထားပေးဖို့အကြံပြုလိုက်ပါတယ်။ 

မှန်ကန်တဲ့ အမျိုးအစားတွေကို ရွေးချယ်ဖို ကူညီပေးပါ။ 

အသားအရေထိန်းသိမ်းပေးတဲ့ ထုတ်ကုန် တွေ စျေးကွက်ထဲမှာ အမျိုးအစားအများကြီးရှိတာကြောင့် ဘယ်ဟာကိုသုံးရမှန်းမသိဖြစ်တတ်ကြပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ရဲ့ ကောင်လေးရဲ့အသားအရေနဲ့ ဘယ်ထုတ်ကုန်တွေ တည့်မလဲဆိုတာကို နားလည်တဲ့သူတွေနဲ့ တိုင်ပင် research လုပ်ပြီးမှ သုံးစွဲသင့်ပါတယ်။ salicylic acid၊ benzoyl peroxide နဲ့ tea tree oil တို ပါတဲ့ ထုတ်ကုန်တွေဆို အဆီပြန်ပြီး ဝက်ခြံထွက်လွယ်တဲ့ အသားအရေအတွက် ထိရောက်မှုရှိပါတယ်။

မျက်နှာကို ခဏခဏလက်နဲ့ ထိတာမျိုးရှောင်ဖို့ပြောပါ။

မျက်နှာကို လက်နဲ့ထိလိုက်ခြင်းဖြင့် ကိုယ့်လက်က အဆီ၊ အညစ်အကြေးနဲ့ ဘက်တီးရီးယားများ အရေပြားကိုရောက်သွားပြီး ဝက်ခြံအစုလိုက် ထွက်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ရင် ကိုယ့် ကောင်လေးကို လက်နဲ့ မျက်နှာကို ခဏခဏမထိဖို့ သတိပေးပါ။

အစားအသောက်ကိုဂရုစိုက်ပြီး ရေများများသောက်ခိုင်းပါ။ 

ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာ စားပြီး ရေများများ သောက်ပေးတာဟာလည်း အသားအရေကို ပိုပြီးကောင်းစေပါတယ်။ စားတဲ့အခါမှာ မျှမျှတတစားပြီး သစ်သီးနှင့်ဟင်းသီးဟင်းရွက်များများစားဖို့ အားပေးပါ။ ရေအလုံအလောက် သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့အဆိပ်အတောက် များကိုဆေးကြောပေးပြီး အသားအရေကိုရေဓာတ်ပေးလို့ ကြည်လင်စေပါတယ်။

အရေပြားဆရာဝန်နဲ့ ပြဖို့ အကြုံပေးပါ။ 

ကိုယ့်ရဲ့ကောင်လေးက ဝက်ခြံတွေအရမ်းအထွက်လွန်ပြီး မျက်နှာလည်း အမြဲအဆီပြန်နေတယ် ဆို skincare ကျွမ်းကျင်သူ ဒါမှမဟုတ် အရေပြားဆရာဝန် နဲ့ တိုင်ပင်ပြီး ပြသင့်ပါတယ်။ အဲ့လိုဆို သူ့ရဲ့ အသားအရေကို skincare specialist က အသေးစိတ် လေ့လာပြီး ကုသအကြုံပေးနိုင်ပါတယ်။

အမြဲ အားပေးပါ။ 

နောက်ဆုံးအနေနဲ့ သူ့ရဲ့အသားအရေ ပိုကောင်းလာအောင် လုပ်နေတဲ့ တစ်လျှောက်လုံးမှာ အမြဲကူညီပံ့ပိုးပေးပါ။ skincare routine ပုံမှန် လုပ်ဖို့ အားပေးပြီး အသားအရေပိုကောင်းလာတာကို လည်း သတိထားမိအောင်ပြောပေးပါ။ သူ့ရဲ့ကြိုးစားအားထုတ်မှုကြောင့် ရလာတဲ့ရလဒ်တွေကို ကိုယ်ကတန်ဖိုးထားတယ်ဆိုတာကိုလည်း ပြပေးပါ။ 

အချက်တွေကို လိုက်နာပြီး ကိုယ့်ကောင်လေးရဲ့ ဝက်ခြံနဲ့ အဆီပြန်တဲ့အသားအရေကနေ ကျန်းမာပြီး ကြည်လင်တဲ့အသားအရေကို ရရှိဖို့ ကူညီပေးနိုင်ဖို့ တိုက်တွန်းလိုက်ပါတယ်


Share

Comments

Nang MarLar Win

ရည်စားရှိမှမဟုတ်ပါဘူး မောင်လေး အစ်ကိုတွေ ရဲ့အသားအရေ တွေ ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ သေချာအသေးစိတ်လေးရှင်းပြထားလို့ ဖတ်သင့်တဲ့ ဆောင်းပါးလေးပါ။

Si Zin Zaw

ဝက်ခြံဆိုတာအမျိုးသားအမျိုးသမီးမရွေးဖြစ်တတ်တာမို့ ကိုယ့်ရဲ့မိသားစု ကိုယ်ရဲ့ကောင်လေးအတွက်ပါအသားအရေထိန်းသိမ်းခြင်းနဲ့ ဝက်ခြံနဲ့အဆီပြန်တာတွေအတွက်ဆောင်ရန်ရှောင်ရန်အတွက်ပါသိခွင့်ရလို့ကျေးဇူးတင်မိတယ် ကျန်းမာတဲ့ အသားအရေကိုပိုင်ဆိုင်ခြင်းကလည်းအားလုံးအတွက် The Good Life ပဲပေါ့ရှင်

Anonymous

ကောင်လေးက ဝက်ခြံမပေါက်၊ အဆီမပြန်ဘဲ အသားအရေ အရမ်းကောင်းနေတယ်