ဂျင်း၊ နနွင်း နဲ့ ပျားရည်တို့ကို အိမ်တွင်းကုထုံးနည်းအနေနဲ့ဘယ်လိုသုံးကြမလဲ

Posted in ကျန်းမာရေး, အိမ်တွင်းကုထုံးများ


ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ အစာမကြေတာနဲ့ ဝမ်းချုပ်တာလိုမျိုး အစာခြေစနစ်ဆိုင်ရာ ပြဿနာတွေက နာတာရှည်ရောဂါအပြင်းစားတွေမဟုတ်ပေမယ့်လည်း ခံစားရခက်ပြီးပျောက်ဖို့မလွယ်တာမို့ လူကို နေရထိုင်ရခက်စေပါတယ်။ ဒီလိုမျိုးဖြစ်လာတဲ့အခါ ဘာဆေးပြေးသောက်ရမှန်းမသိဖြစ်နေတယ်ဆိုရင်တော့ အောက်ပါ သဘာဝဆေးနည်းလေးတွေကို သုံးဖို့အကြံပေးပါရစေ။ 

ဟုတ်ပါတယ်၊ ဒီဆောင်းပါးထဲမှာဆိုရင်တော့ အိမ်မှာ လွယ်လွယ်ကူကူနဲ့ရနိုင်မယ့် ဂျင်း၊ နနွင်း နဲ့ ပျားရည် စတာတွေကိုသုံးပြီး ပြုလုပ်နိုင်တဲ့ အိမ်တွင်းကုထုံးလေးတွေကို  ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ 

ပျားရည်ကို အခုလိုမျိူး အစာခြေစနစ်ဆိုင်ရာ ပြဿနာတွေအပါအဝင် အပယိကဖျားနာတာ‌တွေအတွက် သဘာဝဆေးနည်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြတာ ကြာလှပါပြီ။ ပျားရည်မှာဆိုရင် အစာတွေကို ခြေဖျက်ရာမှာ အထောက်အကူဖြစ်စေတဲ့ အင်ဇိုင်းဓာတ်တွေပါဝင်ပြီး လေလာမှုတွေအရ အစာခြေလမ်းကြောင်းအတွင်းက နာကျင်ရောင်ရမ်းတာတွေကိုလည်း သက်သာစေနိုင်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် antioxidant ဓာတ်တွေကြွယ်ဝစွာပါဝင်နေတဲ့အတွက် အစာခြေစနစ်ကို free radicals (လို့ခေါ်တဲ့ မတည်ငြိမ်တဲ့ အက်တမ်)တွေကြောင့်ဖြစ်မယ့် ထိခိုက်မှုတွေကနေလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ချင်း (ဂျင်း) ဟာဆိုရင်လည်း အစာခြေစနစ်ဆိုင်ရာ ပြဿနာတွေကို ကုသရာမှာ အသုံးများတဲ့ သဘာဝဆေးနည်းတစ်မျိုးပဲဖြစ်ပါတယ်။ သူ့ဆီမှာဆိုရင် ရောင်ရမ်းတာတွေကို သက်သာစေတဲ့ ဂုဏ်သတ္တိရှိတဲ့ (အပင်တွေရဲ့ ဇီဝဖြစ်စဉ်အတွင်းမှာထွက်တဲ့) ဂျင်ဂျာရိုလ်လို့ခေါ်တဲ့ ဒြပ်ပေါင်းနဲ့ ရှာဂယ်လ်လို့ခေါ်တဲ့ ( ဂျင်းကိုအခြောက်ခံရာ၊ ချက်ပြုတ်ရာမှာထွက်တဲ့) ဒြပ်ပေါင်းတွေပါဝင်နေတာဖြစ်ပြီး လေ့လာချက်တွေအရဆိုရင် အဲ့ဒီဒြပ်ပေါင်းတွေက မူးဝေတာတွေ၊ အော့အန်တာတွေကို သက်သာအောင်လည်း ကူညီပေးနိုင်ပါသေးတယ်။ ဒါတင်မကဘဲ ချင်း (ဂျင်း)က အစာခြေရည်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးခြင်းအားဖြင့်လည်း အစာခြေဖျက်ခြင်းကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ 

နနွင်း ကတော့ ရိုးရာဆေးနည်းတွေမှာ နှစ်ပေါင်းထောင်နဲ့ချီအောင် ထည့်သုံးလာတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးပဲဖြစ်ပါတယ်။ သူ့ဆီမှာဆိုရင်တော့ နာကျင်ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့ ဂုဏ်သတ္တိရှိတဲ့  curcumin လို့ခေါ်တဲ့ အဝါရောင်ခြယ်ဓာတ်တစ်မျိုးပါဝင်နေတာဖြစ်ပြီး အဲ့ဒီဓာတ်ကြောင့် နနွင်းသောက်သုံးတဲ့အခါမှာ အစာခြေလမ်းကြောင်းအတွင်းက နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေမှာပဲဖြစ်ပါတယ်။ ချင်း(ဂျင်း)လိုပဲ နနွင်းကလည်း အစာခြေဖျက်ခြင်းကို အထောက်အကူဖြစ်စေတဲ့ သည်းခြေရည် ထုတ်လုပ်မှုကို လှုံဆော်ပေးနိုင်ပါသေးတယ်။ 

ပျားရည်၊ ချင်း(ဂျင်း)နဲ့ နနွင်းတွေကို ကိုယ့်ရဲ့ နေ့စဉ်စားသောက်မှုပုံစံထဲမှာ ထပ်ပေါင်းထည့်လိုက်တာက ကျန်းမာတဲ့ အစာခြေစနစ်ကို ပိုင်ဆိုင်နိုင်စေပြီး အစာခြေစနစ်ဆိုင်ရာ ပြဿနာတွေကို သက်သာစေမယ့် ရိုးရှင်းထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်စေမှာပါ။ နေ့စဉ်သောက်နေကြ လက်ဖက်ရည် ဒါမှမဟုတ် ဒိန်ချဉ်ထဲကို ပဲဖြစ်ဖြစ် ပျားရည်တစ်ဇွန်းလောက်ထည့်သောက်တာမျိုး၊ ဒါမှမဟုတ် ချင်း(ဂျင်း)လက်ဖက်ရည်ကြိုသောက်တာမျိုး၊ ဟင်းတွေထဲကို ချင်း(ဂျင်း) နဲ့ နနွင်း ထည့်ချက်တာမျိုးတွေက ရိုးရိုးရှင်းရှင်းနဲ့ အလွယ်တကူလုပ်လို့ရတဲ့ ထိရောက်တဲ့ နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။

ဒီပစ္စည်းတွေက ထိရောက်တဲ့ အိမ်တွင်းသဘာဝကုထုံးနည်းတွေဖြစ်ပေမယ့်လည်း ပုံမှန် ဆေးကုသမှုကိုတော့ အစားထိုးလို့မရဘူးဆိုတာကို သတိချပ်စေချင်ပါတယ်။ နာတာရှည်ရောဂါ ဒါမှမဟုတ် အစာခြေစနစ်မှာ  ပြင်းပြင်းထန်ထန် ဝေဒနာတွေခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး၊ ရောဂါရဲ့ ဇစ်မြစ်ကို ရှာပြီး တိကျတဲ့ ကုသမှု plan တစ်ခုကို ရယူသင့်ပါတယ်။ 

အစာခြေစနစ်ဆိုင်ရာ ပြဿနာတွေကို သက်သာစေဖို့နဲ့ ထပ်မဖြစ်အောင်ကာကွယ်ဖို့ဆိုရင်တော့ ဒီသဘာဝဆေးနည်းတွေသုံးရုံတင်မကဘဲ ကိုယ့်ရဲ့နေထိုင်မှုပုံစံကိုပါ ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။ မကျက်တကျက်အကင်တွေ၊ အလွန်အမင်းပူစပ်တာတွေကို ခဏခဏစားမယ့်အစား ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေစားမယ် ၊ အမျှင်ဓာတ်ကြွယ်ဝပြီး ညီညွတ်မျှတတဲ့ စားသောက်မှုပုံစံတစ်ခုကို တည်ဆောက်မယ်၊ တစ်နေ့ကို ရေ အနည်းဆုံး ၃ လီတာလောက်ပုံမှန်သောက်ပြီး လေ့ကျင်ခန်းမှန်မှန်လုပ်ရင်းနဲ့မှ သင့်ရဲ့ နေ့စဉ်စားသောက်မှုပုံစံထဲကို တစ်နေ့ပျားရည်တစ်ဇွန်းပုံမှန်သောက်တာလိုမျိုးကို  ပေါင်းထည့်လိုက်မယ်ဆိုရင်တော့ ကျန်းမာတဲ့ အစာအိမ်နဲ့ အစာခြေစနစ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ။


Share

Comments

Yoon Wadi Oo

ပျားရည်နဲ့ ဆနွင်းကိုလုံးပြီးတော့ ထမင်းစားပြီးတိုင်းသောက်တာ အစာလည်း ကျေနေရော။ မိန်းကလေးတွေ အတွက်လည်းအဆင်ပြေတယ်။ အစာအိမ်ပြဿနာတွေအတွက်လည်း ဆေးကောင်းတစ်လက်အိမ်သုံးပစ္စည်းလေးတွေ ဆေးဝါးအဖြစ်သုံးလို့ ရတာတွေကို websiteတွေမှာတွေ့တော့ ဝမ်းသာတယ်။ စာဖတ်တဲ့ သူတွေက စာတွေ့ဆိုပြီး အသုံးပြုလာနိုင်တယ်။

Yair Thway Naung

အိမ်မှာအလွယ်တကူရနိုင်တဲ့ပျားရည် ချင်း(ဂျင်း) နနွင်းတွေနဲ့ အိမ်တွင်းကုထုံးလုပ်ပြီးမိသားစုကျန်းမာရေးအတွက်တဖက်တလမ်းကအထောက်အကူဖြစ်စေလို့အကျိုးရှိတဲ့ဆောင်းပါးလေးပါပဲ

Related Posts