မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ

Posted in အိမ်မှုရေးရာ


တိုးတက်လာတတ်တဲ့ ခေတ်ကြီးမှာ အိမ်သုံးပစ္စည်းတွေ၊ အလှအပဆိုင်ရာ ပစ္စည်းတွေ စတဲ့ အသစ်အဆန်းတွေက ဝယ်ချင်ခြမ်းချင်စရာတွေ ဖြစ်လာလို့ ဝယ်ယူအသုံးပြုတတ်ကြပေမဲ့ ဒီပစ္စည်းတွေကို ထိန်းသိမ်းမှုနဲ့ ပြန်လည်အသုံးချနိုင်မှုမှာတော့ အားနည်းလာကြပါတယ်။ ကြာလာတာနဲ့ ဒီပစ္စည်းတွေက အိမ်နဲ့ ပတ်ဝန်းကျင်မှာ အသုံးမလိုတော့တဲ့ ပစ္စည်းတွေအဖြစ် မျိုးစုံ စုပုံလာပြီး နောက်ဆုံးမှ ပစ်ထုတ်လိုက်တဲ့အခါ တကယ်အသုံးဝင်နိုင်သေးတဲ့ ပစ္စည်းတွေ ကျန်ရှိနေနိုင်တာပါ။ ဒီဆောင်းပါးလေးမှာတော့ သတိမထားမိဘဲ ပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းတွေအကြောင်း ပြောပြသွားမှာဖြစ်လို့ ဒါတွေကို သတိပြုပြီး ပြန်လည်အသုံးချရင်း အပိုငွေကြေးသုံးစွဲမှုလည်း လျော့ချပြီး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလိုက်ကြရအောင်ပါ။

သွားတိုက်တံ

ပလတ်စတစ်နဲ့ အများဆုံးပြုလုပ်ကြတဲ့ သွားတိုက်တံတွေက မြေကမ္ဘာမှာ ပျက်စီးဖို့ဆို နှစ် ရာနဲ့ချီကြာနိုင်ပါတယ်။ ဒါကြောင့် သွားတိုက်တံဟောင်းတွေကို မပစ်လိုက်ဘဲ တခြားနေရာမှာ ပြန်လည်အသုံးချတဲ့အခါ စွမ်းအင်‌ချွေတာရာရောက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အထောက်အကူပြုနိုင်ပါတယ်။ မသုံးတော့တဲ့ သွားတိုက်တံအဟောင်းတွေကို အိမ်သန့်ရှင်းရေးလုပ်တဲ့အခါဖြစ်ဖြစ် သန့်ရှင်းရခက်တဲ့ ပြတင်းပေါက်ဘောင်တွေ၊ ချောင်ဂျိုချောင်ခြားတွေ သန့်ရှင်းတဲ့အခါ အသုံးဝင်စေမှာပါ။ ဒီ့အပြင် အသစ်ဝယ်မယ်ဆိုရင်လည်း သစ်သားနဲ့ပြုလုပ်ထားတာ သို့ အပင်ကနေ ထုတ်လုပ်ထားတဲ့ သွားတိုက်တံ စတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာရောက်တဲ့ ပစ္စည်းတွေကို ဦးစားပေးဝယ်ယူသင့်ပါတယ်။  

ဖုန်း သို့  ကွန်ပြူတာ

နေ့စဥ်အသုံးပြုနေကျဖြစ်တဲ့ အီလက်ထ‌ရောနစ်ပစ္စည်းက အသုံးပြုတာကြာသွားလို့ ပျက်သွားလို့ဖြစ်ဖြစ်၊ နည်းပညာအသစ်တွေ ထွက်လာလို့ပဲ ဖြစ်ဖြစ် ခေတ်ရေစီးကြောင်းအလိုက် အသစ်အသစ်တွေသုံး လာတတ်ကြပါပြီ။ အဲ့ကနေ အဟောင်းတွေကိုလည်း မပစ်ရက်၊ ပြန်သုံးလို့လည်း မရတော့တာမို့ ဒီတိုင်းပဲ အိမ်မှာပဲ သိမ်းထား၊ ပစ်ထားမိလိုက်ကြပါတယ်။ ဒီလို အီလက်ထရောနစ်ပစ္စည်းတွေ၊ ခေတ်ပေါ်နည်းပညာသုံး ပစ္စည်းတွေက ပြန်လည်အသုံးပြုလို့ရတဲ့ ကုန်ကြမ်းတွေနဲ့ပဲ ပြုလုပ်ထားတာမို့ အသုံးပြုလို့မရတော့သည့်တိုင် သူတို့ရဲ့ သတ္တုအကာအရံတွေက တခြားနေရာတွေမှာ ပြန်လည်အသုံးချပစ္စည်းတွေအဖြစ် အသုံးဝင်နေသေးပါတယ်။ ဒါကြောင့်မို့ အဟောင်းဆိုင်မှာ ပြန်ရောင်းလိုက်တာဖြစ်ဖြစ်၊ ကုန်ကြမ်းကို အသုံးချလို့ရတဲ့နေရာမျိုးတွေမှာ ပေးလိုက်တာမျိုး ဖြစ်ဖြစ် တနည်းနည်းနဲ့အသုံးဝင်အောင် ဖန်တီးလို့ရပါတယ်။

အလှဆင်မီးကြိုး

သီတင်းကျွတ်၊ တန်ဆောင်တိုင် စတဲ့ပွဲတော်တွေမှာ အိမ်အလှဆင်ဖို့ ဖြစ်ဖြစ်၊ ကိုယ်ပိုင်အခန်းလေးထဲ အလှဆင်ဖို့ဖြစ်ဖြစ် မီးကြိုးလေးတွေ ဝယ်ထားတတ်ကြမှာပါ။ ဒီမီးကြိုးတွေက အချိန်ကြာလာတော့ လင်းတဲ့နေရာက လင်း၊ မလင်းတဲ့နေရာ မလင်းဖြစ်လာတဲ့အခါ အိမ်မှာ ချိတ်ဆွဲဖို့ အလှဆင်ပစ္စည်း မဖြစ်နိုင်တော့ပါဘူး။ ကြေးနီနဲ့ ပလတ်စတစ်နဲ့ ပြုလုပ်တတ်ကြတဲ့ ဒီလို မီးသီး/မီးကြိုးတွေက အသုံးမပြုဘဲ ဒီတိုင်းပစ်လိုက်မယ်ဆို ပျက်စီးဖို့ မလွယ်ကူတာမို့ ပတ်ဝန်းကျင်အတွက်လည်း ဆိုးကျိုးတွေရှိနိုင်ပါတယ်။ ဒါကြောင့် ပြန်လည်ပြုပြင်လို့ရရင် ပြင်ဆင်ပြီး၊ ပြင်မရ‌တော့ဘူးဆိုရင် မီးသီး၊မီးကြိုးတွေထဲ ပါဝင်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ပြန်လည်အသုံးချနိုင်တဲ့ နေရာမျိုးတွေမှာ လှူဒါန်းလိုက်သင့်တာပါ။

အလှပြင်ပစ္စည်းများ

တိုးတက်လာတဲ့ ‌ခုလိုအချိန်မှာ အလှအပနဲ့ ပြင်ဆင်ခြယ်သမှုတွေအတွက် တံဆိပ်မျိုးစုံနဲ့ ပစ္စည်းမျိုးစုံရှိနေတဲ့အတွက် ဒီပစ္စည်းတွေ အသုံးပြုတာကနေ ထွက်လာတဲ့ဗူးခွံတွေကလည်း ဖျက်ဆီးမကုန်နိုင်အောင် ပေါများနေပါပြီ။ ဒါကြောင့်မို့ အသုံးပြုပြီးသား အလှပြင်ပစ္စည်းတွေကို ပြန်လည်အသုံးချနိုင်ဖို့၊ ပလတ်စတစ်လျော့ချနိုင်ဖို့နဲ့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်အောင် သဘာဝပစ္စည်းပါဝင်တဲ့ အလှကုန်တွေ၊ ထုပ်ပိုးမှုတွေကို ထုတ်လုပ်လာကြပါတယ်။ မိတ်ကပ်နဲ့ အလှပဆိုင်ရာ ကုမ္ပဏီတွေက ပြုလုပ်တဲ့ သုံးပြီးသား ဗူးအဟောင်းတွေကို လှူဒါန်းနိုင်တဲ့ အစီအစဥ်တွေလည်း ရှိနေပြီဆိုတော့ ဒီလိုအစီအစဥ်တွေကို လက်လွတ်မခံဘဲ ပါဝင်သင့်ပါတယ်။

ရောင်စုံဖယောင်းခဲတံ

ရောင်စုံခဲတံတွေဆိုတာ ကလေးတွေရဲ့ အနုပညာပစ္စည်းတစ်မျိုးပါပဲ။ အိမ်မှာ သူတို့လေးတွေ အရောင်ခြယ်ရင်း၊ ဆော့ရင်းနဲ့ ခဲတံတွေ ကျိုးသွားတာဖြစ်ဖြစ်၊ တုံးသွားတာဖြစ်ဖြစ် ဒီတိုင်းမပစ်လိုက်ဘဲ ပြန်လည်အသုံးချလို့ရတဲ့ နည်းလမ်းမျိုးစုံရှိပါတယ်။ ဒီဖယောင်းခဲတံတွေထဲက ကြိုက်ရာအရောင်ကို အရည်ကျိုပြီး ပုံစံခွက်နဲ့ အသစ်ပြန်လုပ်လို့ရသလို အရောင်တွေရောပြီး နှစ်သက်ရာ ရောင်စုံခဲတံအဖြစ်လည်း ပြုလုပ်လို့ရတာပါ။ ဒါ့အပြင် အရွယ်အစားမျိုးစုံ ဖယောင်းတိုင်တွေအနေနဲ့ ပြောင်းလဲလို့ရသလို နှုတ်ခမ်းအဆီအဖြစ်လည်း ပြန်လည်ဖန်တီးလို့ရပါတယ်။ ဒါပေမဲ့ ပါဝင်ပစ္စည်းနဲ့ အရည်အသွေး‌ကောင်းမွန်တဲ့ ဖယောင်းခဲတံဖြစ်ဖို့တော့ လိုမယ်နော်။

ဒါကြောင့် ကိုယ့်အိမ်မှာရှိနေတဲ့ ပစ္စည်းတွေကို ပစ်ထုတ်တော့မယ်ဆို အပေါ်မှာပြောပြထားတဲ့ ပစ္စည်းတွေရှိ၊ မရှိ စစ်ဆေးပြီး ပြန်လည်အသုံးချကြည့်လိုက်နော်။ ဒါမှ ပစ္စည်းတွေ အလေအလွင့် မဖြစ်ဘဲ စိမ်းစိုကျန်းမာတဲ့ ပတ်ဝန်းကျင်နဲ့ ယှဉ်တွဲနေထိုင်နိုင်ကြမှာပါ။ ကဲ နောက်ထပ် အသုံးဝင်နိုင်သေးတဲ့ ပစ္စည်းတွေ၊ အိမ်မှာ ပြန်လည်အသုံးပြုနေကြတဲ့ ပစ္စည်းတွေရှိတယ်ဆိုရင်လည်း ကောမန့်မှာ မျှဝေဖို့မမေ့နဲ့နော်။  


Share

Comments

Related Posts