သူတို့လေးတွေလည်း အဝလွန်တတ်ကြပါတယ်

Posted in အိမ်မွေးတိရစ္ဆာန်, တိကျန်းမာရေး


အဝလွန်ခြင်းဟာ လူတွေမှာမကဘဲ ကိုယ့်ရဲ့အိမ်မွေးတိရစ္ဆာန် အချစ်တော်လေးတွေဆီမှာပါ ဖြစ်တတ်တဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်အဝလွန်ခြင်းကာကွယ်ရေးအသင်းမှ လေ့လာမှုများအရ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ၅၉ % ‌သော အိမ်မွေးခွေးလေးတွေ နဲ့ ကြောင်လေးတွေရဲ့ တွေမှာ အဝလွန်နေကြောင်းကို တွေ့ရှိရပါတယ်။ သူတို့လေးမှာလည်း အဝလွန်ရာကနေ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အဆစ်ပြဿနာတွေလို အသက်အန္တရာယ်ကိုစိုးရိမ်ရတဲ့အထိကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အိမ်မှာရှိတဲ့ ကိုယ့်ရဲ့ ခွေးလေးတွေနဲ့ ကြောင်လေးတွေ အဝလွန်တတ်ခြင်းရဲ့ အကြောင်းရင်းတွေကို ရှင်းပြပြီး ကိုယ်အလေးချိန်ကိုလည်း လျှော့ချပေးနိုင်မယ့် နည်းလမ်းလေး တွေကို မျှဝေပေးလိုက်ပါတယ်။ 

အဝလွန်ရခြင်း၏အကြောင်းရင်းတွေက

အိမ်မွေးတိရစ္ဆာန်လေးတွေ အဝလွန်တာဟာ သူတိုနေ့တိုင်းစားတဲ့ ကယ်လိုရီပမာဏနဲ့ ခန္ဓာကိုယ် လှုပ်ရှားတဲ့ပမာဏ မညီမျှတဲ့အတွက် ပဲဖြစ်ပါတယ်။ အလွန်အကျွံစားပြီး ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေဟာ ပိုပြီး အဝလွန်တတ်ကြပါတယ်။ တစ်ခြား အဝလွန်စေတဲ့ အကြောင်းအရင်းတွေကတော့ သူတို့လေးတွေရဲ့ အသက်၊ အမျိုးအစား၊ မျိုးရိုးဗီဇနှင့် နောက်ခံကျန်းမာရေး အခြေအနေတွေနဲ့လည်း ဆက်စပ်နေတတ်ပါတယ်။ 

ကိုယ့်ရဲ့အိမ်မွေး တိရစ္ဆာန်လေးက သားအိမ်ဖယ်ထားတာတို့၊ သင်းထားတာတို့ဆိုရင် ခွဲစိတ်ပြီးနောက်မှာ Metabolismကို နှေးကွေးစေနိုင်တဲ့အတွက် အဝလွန်ဖို့ ပိုပြီးလွယ်ပါတယ်။

စားတဲ့ပမာဏကို ထိန်းချုပ်ပါ 

အိမ်မွေးတိရစ္ဆာန်လေးတွေ အဝလွန်တာကို ကာကွယ်ဖို့ နောက်ထပ်အရေးကြီးဆုံးအရာကတော့ သူတို့ ဘယ်လောက်စားလဲဆိုတာကို စောင့်ကြည့်ဖို့ပဲဖြစ်ပါတယ်။ အချိန်နဲ့ စနစ်တကျမကျွေးဘဲ သူတို့စားချင်တဲ့အချိန်စားဖို့ အစာခွက်ထဲမှာ တစ်နေ့လုံးစာ ထည့်ထားတာမျိုး မလုပ်သင့်ပါဘူး။ အဲ့လိုလုပ်မယ့်အစား တစ်နေ့ကို နှစ်ကြိမ် သုံးကြိမ် ခြားပြီး ပုံမှန်စားတဲ့အချိန်အတွင်းမှာ ကျွေးပေးပါ။ သူတို့လေးတွေရဲ့ အသက်၊ မျိုးရိုး၊ နှင့် လှုပ်ရှားမှုအလိုက် သင့်လျော်တဲ့ အရည်အသွေးမြင့် အိမ်မွေးတိရစ္ဆာန်အစားအစာတွေကိုသာ ရွေးချယ်ပါ။ အဆီတို့ ကယ်လိုရီတို့ များတဲ့ မုန့်သရေစာတို့ကို တည့်မှန်းမသိဘဲ ကိုယ်စားနေတဲ့ထဲက အမှတ်တမဲ့ ကျွေးတာမျိုးတွေ ရှောင်ပါ။

ချင့်ချိန်စွာ စားတတ်အောင် လေ့ကျင့်ပေးပါ 

ကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို အစာကျွေးတဲ့အခါ သင့်တော်မျှတတဲ့ အချိုးအစားနဲ့ စားတတ်အောင် လေ့ကျင့်ပေးဖို့ အရေးကြီးပါတယ်။ သူတို့လေးတွေရဲ့စားတဲ့ အစာပမာဏမှန်ကန်ပြီး သေချာစေဖို့ တိုင်းတာတဲ့ခွက်တွေ ဒါမှမဟုတ် စကေးအသုံးပြုပြီး ချိန်စပြီးမှ ကျွေးသင့်ပါတယ်။ သူတို့ဘယ်လောက်ဘဲ အစာတောင်းတောင်း အရမ်းဆာနေတဲ့ ပုံပြရင်တောင် အလိုလိုက်ပြီး အလွန်အကျွံ ကျွေးလိုက်တာမျိုးတွေ မလုပ်ပါနဲ့။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို တစ်နေ့လုံးမှာ နည်းနည်းစီ သူ့အချိန်နဲ့သူ ခြားခြားပြီး ကျွေးတာက အကောင်းဆုံးပါပဲ။

ကိုယ်လက်လှုပ်ရှားမှု လုပ်ခိုင်းပါ

အိမ်မွေးတိရစ္ဆာန်တွေမှာ အဝလွန်တာကို ကာကွယ်ဖို့ဆို ပုံမှန်လေ့ကျင့်ခန်းက မရှိမဖြစ်လိုအပ်ပါတယ်။ ခွေးလေးတွေဆို နေ့တိုင်း လမ်းလျှောက်ပေးသင့်ပြီး ပြေးလွှားဆော့ကစားအောင် လုပ်ပေးသင့်ပါတယ်။ ကြောင်လေးတွေဆိုရင်လည်း ကစားစရာတွေနဲ့ အပေါ်တက်လို့ရတဲ့ လှေကားအသေးလေးတွေ ထားပေးထားပြီး ပြေးလွှားတက်ကစာရင်း ခန္ဓာကိုယ် လှုပ်ရှားအောင် လုပ်ပေးထားပါ။ သူတို့လေးတွေ အမြဲတက်ကြွလန်းဆန်းနေအောင် အိမ်မွေးတိရစ္ဆာန် ရေကူးကန်တွေမှာ ရေကူးခိုင်းတာ၊ တောင်တက်တဲ့အခါ ခေါ်သွားတာမျိုးစတဲ့ သွက်လက်တက်ကြွစေမဲ့ လေ့ကျင့်ခန်းလှုပ်ရှားမှုတွေကို လုပ်ဖို့ စီစဉ်ပေးပါ။\\\\

ကိုယ်အလေးချိန်လျှော့ချရန် အကြံပြုချက်များ - 

အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ကိုယ်အလေးချိန်ပြဿနာကို ဖြေရှင်းဖို့ ပထမအဆင့်က သူပြနေကျ တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဖို့ ပဲဖြစ်ပါတယ်။ အဲ့တော့မှ သူတို့လေးတွေရဲ့ ရှိသင့်တဲ့ ကိုယ်အလေးချိန်ကို ဆုံးဖြတ်ပြီး သူတို့ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီသင့်လျော်မဲ့ ကိုယ်အလေးချိန်လျှော့ချတဲ့ အစီအစဉ်ကို ဆရာဝန်နဲ့ တိုင်ပင်ပြီး စတင်ပါ။ 

အခြား အထောက်အကူဖြစ်စေတဲ့ နည်းလမ်းတွေကတော့ ဝိတ်ကျစေမဲ့ အစားအသောက်၊ လေ့ကျင့်ခန်း ဒါမှမဟုတ် ဆရာဝန်ရဲ့ prescription အရ ဆေးတိုက်ပေးပြီးလည်း ဝိတ်ချပေးနိုင်ပါတယ်။ 

ကိုယ့်ရဲ့အိမ်မွေးတိရစ္ဆာန်အချစ်တော်လေးတွေရဲ့ ကျန်းမာရေးကို တက်တက်ကြွကြွနဲ့ ဂရုစိုက်ပေးပြီး ကိုယ်နဲ့အတူ အသက်ရှည်ကျန်းမာ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားနိုင်ဖို့ အခုထဲက ကြိုတင်ကာကွယ်လိုက်ကြပါစို့။



Share

Comments

Related Posts