ကိုယ်ဝန်ဆောင်စဥ် ပျို့အန်မူးမော်ခြင်းက စိုးရိမ်ရသလား?

Posted in မိဘအုပ်ထိန်းခြင်း, ကိုယ်ဝန်ဆောင်မိခင်


ကိုယ်ဝန်လနုစဥ်မှာ မအီမသာဖြစ်ပြီး ပျို့အန်ချင်နေတတ်တာကို Morning Sickness လို့ ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင် (၄) ယောက်မှာ (၃) ယောက်က ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ Morning Sickness ကို ခံစားရလေ့ရှိကြပါတယ်။ ပုံမှန်အားဖြင့် Morning Sickness က မိခင်နဲ့ သန္ဓေသားအတွက် အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် အပြင်းအထန် ပျို့အန်လာမယ်ဆိုရင် ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှုကစပြီး အစာမဝင်လို့ ကိုယ်အလေးချိန် လျော့ကျမှုတွေပါ ဖြစ်လာနိုင်တာမို့ စိုးရိမ်ရပါတယ်။

Morning Sickness ဘာကြောင့်ဖြစ်တာလဲ?

ကိုယ်ဝန်ဆောင်တွေ ဘာကြောင့် ပျို့အန်ရတာလဲဆိုတာ ဖြေရှင်းချက်တိတိကျကျမရှိသေးပါဘူး။

ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်ပေါ်တဲ့ ဟော်မုန်းအပြောင်းအလဲ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကြောင့်လို့ ယူဆကြပါတယ်။

အထူးသဖြင့် သားဦးကိုယ်ဝန်ဆောင်ထားရင်၊  အမြွှာကိုယ်ဝန်ဆောင်ထားရင်၊ ကားမူးတတ်ရင်၊ စိတ်ဖိစီးမှုများရင် Morning Sickness ပိုပြင်းထန်တတ်တယ်လို့ ဆိုကြပါတယ်။

Morning Sickness ရဲ့ လက္ခဏာများ

ကိုယ်ဝန်လနုစဥ် ပျို့အန်ခြင်းလို့ပြောကြပေမယ့် Morning Sickness ရဲ့ လက္ခဏာတွေက ပျို့အန်ခြင်း တစ်ခုတည်းမဟုတ်ပါဘူး။ ပျို့အန်ခြင်းအပြင် အစားအသောက်ပျက်တာ၊ မူးဝေတာ၊ အားနည်းတာနဲ့ ‌‌စိတ်အလိုမကျ‌‌ဒေါသထွက်တာ၊ စိတ်ဓာတ်ကျတာတွေကို ခံစားရနိုင်ပါတယ်။ နာမည်က Morning Sickness ဆိုပေမယ့် ပျို့အန်ချင်နေတဲ့ မအီမသာခံစားချက်ကတော့ မနက်ခင်းတင်မကဘဲ တစ်နေကုန် ဖြစ်ချင်တဲ့အချိန် ဖြစ်တတ်တာမျိုးပါ။

ကိုယ်ဝန်ဆောင်အများစုက ကိုယ်ဝန်ဆောင်အစောပိုင်းကာလဖြစ်တဲ့ ပထမ (၃) လပတ်မှာပဲ Morning Sickness ကို ခံစားရတတ်ပေမယ့် တချို့ကိုယ်ဝန်ဆောင်တွေကတော့ ကိုယ်ဝန်ဆောင်စဥ်ကာလ တစ် လျောက်လုံး အော့အန်နေကြရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဇီဝဖြစ်စဥ်နဲ့ ဟော်မုန်းတွေ မတူ ညီတာကြောင့် ခံစားရတဲ့ အတိုင်းအတာနဲ့ အချိန်အပိုင်းအခြားတွေမတူညီကြပါဘူး။

ဒါကြောင့် သင်(သို့မဟုတ်) သင့်မိသားစုဝင်တစ်ယောက်ယောက်က ပြင်းထန်တဲ့ Morning Sickness ကို ခံစားရတယ် ဆိုရင် အခြားလူတွေနဲ့မနှိုင်းယှဥ်ဘဲ ပိုပြီး ဂရုစိုက်ဖေးမပေးဖို့ အကြံပေးပါရစေ။

Morning Sickness ကို သက်သာအောင် ဘယ်လိုလုပ်မလဲ?

-ပျို့အန်ခြင်းကြောင့် စားချင်စိတ်မရှိတာမျိုးဖြစ်တတ်ပါတယ်။ အစာဝင်အောင် နည်းနည်းနဲ့ ခဏခဏစားသင့်ပါတယ်။

-ပျို့အန်ရလို့ ရေဓာတ်ဆုံးရှုံးနေတတ်တာကြောင့် ရေဓာတ်ဖြည့်ပေးတဲ့ အသီးဖျော်ရည်၊ အုန်းရည်နဲ့ ရေ စတာတွေ သောက်ပေးသင့်ပါတယ်။

-အာဟာရလည်းဖြစ်၊ ရေဓာတ်လည်းဖြည့်ပေးနိုင်လို့ နွားနို့လို အစားအသောက်မျိုးကို သောက်ချင်ပေမယ့် အနံ့ရတာနဲ့ ပျို့နေတယ်ဆိုရင် အအေးခံခြင်းကအနံ့တွေကို သက်သာစေလို့ အအေးခံပြီး စားသုံး/သောက်သုံးဖို့ အကြံပေးပါရစေ။

-အစာစားချင်စိတ်လျော့နည်းနေတဲ့ ဒီအခါမျိုးမှာ အစာဝင်ဖို့နည်းလမ်းကောင်းတစ်ခုကတော့ ကိုယ်ကြိုက်တတ်တဲ့ ဘီစကစ်လို၊ သကြားလုံးလို ပေါ့ပေါ့ပါးပါးမုန့်လေးတွေကို ကိုယ်နဲ့ လက်တစ်ကမ်းမှာဆောင်ထားဖို့ပါပဲ။

-လေကောင်းလေသန့်နဲ့ နေရောင်နုနုရအောင် ပြတင်းပေါက်တွေကို ဖွင့်ထားပါ။ စိတ်ကြည် လင်လန်းဆန်းစေဖို့ သန့်ရှင်းသပ်ရပ်တဲ့ နေရာလေး ဖန်တီးနေထိုင်သင့်ပါတယ်။

- သက်တောင့်သက်သာဖြစ်မယ့် အဝတ်အစားပွပွလေးတွေကို ရွေးဝတ်ပါ။

- လမ်းလျောက်တာ၊ ရေကူးတာနဲ့ ယောဂကျင့်တာတို့လို အပျော့စားလေ့ကျင့်ခန်းလေးတွေ လုပ်သင့်ပါတယ်။

-ကိုယ်ဝန်ဆောင်နေစဥ်မှာ ခန္ဓာကိုယ်က ပင်ပန်းတတ်တာကြောင့် မကြာခဏအနားယူပေးပါ။ အိပ်ရေးဝဝအိပ်ပါ။

- ဂီတတွေက စိတ်ဖိစီးမှုကိုလျော့ကျစေတာမို့  သီချင်းအေးအေးလေးတွေ နားထောင်ဖို့ အကြံပြုချင်ပါတယ်။ 

Morning Sickness က ကလေး(သန္ဓေသား) ကို ဘယ်လိုသက်ရောက်မှုရှိလဲ?

ကိုယ်ဝန်ဆောင်တွေက ပျို့အန်ခြင်းကြောင့် ဗိုက်ထဲက က‌လေးကို ထိခိုက်မလားလို့ စိုးရိမ်တတ်ကြ ပါတယ်။ အန်ရတာကြောင့် ဝမ်းဗိုက်ကြွက်သားတွေ နာကျင်ခြင်းက သန္ဓသားကို ထိခိုက်မှုမဖြစ် စေပါဘူး။ ကလေးငယ်က မေမေ့သားအိမ်ထဲမှာ လုံခြုံစွာရှိနေမှာပါ။ ဒါပေမယ့် ပြင်းထန်တဲ့ Morning Sickness ကြောင့် စိုးရိမ်ရလောက်အောင် အန်တဲ့အခါမှာ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှု၊ အစာမဝင်လို့ အဟာရလျော့နည်းလာမှုတွေ ဖြစ်လာရင်တော့ မေမေကော ဗိုက်ထဲက ကလေးအတွက်ပါ အန္တရာယ်ရှိပါတယ်။ ဒါကြောင့်အပေါ်စာပိုဒ်မှာဖော်ပြထားတဲ့  စားသောက်မှုပုံစံနဲ့ လိုက်နာသင့်တဲ့အချက်တွေကို ဖတ်ထားဖို့ လိုတာပေါ့။

ပြင်းထန်တဲ့ ပျို့အန်မှုတွေ၊ ခံတွင်းပျက်တာတွေကြောင့် ကိုယ်အလေးချိန်ကျဆင်းလာမယ်၊ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျမှုတွေကို ခံစားနေရတယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အမူးအမော်ပျောက်စေတဲ့ ပဋိဇီဝဆေးတွေကို ကိုယ့်စိတ်ကြိုက် သောက်သုံးတာမျိုး မလုပ်သင့်ပါဘူး။ ဆရာဝန်က ဗိုက်ထဲက ကလေးအတွက် မထိခိုက်စေတဲ့ ကုသနည်းတွေနဲ့ သင့်ကို အကောင်းဆုံးကုသပေးမှာပါ။

ကိုယ်ဝန်ဆောင်တယ်ဆိုတာ မိခင်ဘဝရဲ့ ပထမဦးဆုံးခြေလှမ်းအစပဲ မဟုတ်လား?.. ကိုယ်ဝန်ဆောင်စဥ်မှာ သိသိသာသာပြောင်းလဲလာတဲ့ ခန္ဓာကိုယ်‌ပြောင်းလဲမှု၊ ဟော်မုန်းပြောင်းလဲ မှုတွေကြောင့် စိတ်ရော၊ ကိုယ်ရော ပင်ပန်းနေရတဲ့ မိခင်လောင်းတွေကို ဂရုစိုက်ဖေးမပေးဖို့ လိုပါ တယ်။ ဒီဆောင်းပါးလေးကို ဖတ်နေတဲ့ စာဖတ်သူအတွက် ကျန်းမာပျော်ရွှင်တဲ့ မိခင်လောင်းဘဝကို ဖြတ်သန်းနိုင်ဖို့ ဒီဆောင်းပါးလေးက တစ်ထောင့် တစ်နေရာမှ အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။


Share

Comments

Kyi Thar Htate Htar

ကိုယ်ဝန်ဆောင်တော့မယ့်အမျိုးသမီးတိုင်းရော၊ကိုယ်ဝန်ဆောင်နေတဲ့မိခင်လောင်းတိုင်းသိထားသင့်တဲ့ကျန်းမာရေးဆိုင်ရာဆောင်းပါးလို့မြင်ပါတယ်။Morning Sickness ဆိုတာမိခင်တိုင်းကြုံတွေ့ရမှာမို့ခံစားရတတ်တဲ့အရာတွေကိုကြိုသိရှိထားပီးပြင်းထန်တဲ့လက္ခဏာမျိုးခံစားရရင်တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နှင့်ပြသရမယ်ဆိုတာသိရှိရပါတယ်။

Related Posts