ဆီမပါတဲ့ ရိုးရာ အသီးအရွက်ဟင်းပွဲများ

Posted in အစားအစာ


အရင်တစ်ပုဒ်မှာ အသားဟင်းတွေကို ဆီမပါဘဲ ဘယ်လိုချက်ရမလဲ ဖော်ပြခဲ့တုန်းက အိမ်မှာ စမ်းချက်ကြည့်ကြ တာ အရသာရှိတယ်ဟုတ်။ အသားဟင်းတွေမို့လို့ ဆီပါပါ၊ မပါပါ အရသာရှိနေတာပါလို့ တွေးမိကြပါသလား။ ဒီလိုတွေးမိရင်တော့ အသီးအရွက်ဟင်းတွေကို ဆီမပါဘဲ အရသာရှိအောင် ဘယ်လိုချက်ရမလဲဆိုတာ ဒီဆောင်း ပါးလေးမှာ ရှာဖွေကြည့်လိုက်ရအောင်။

(၁) မှိုပေါင်း 

မှိုအမျိုးပေါင်းများစွာရှိတဲ့ထဲက အတွေ့ရများပြီး လွယ်လွယ်ကူကူ ဝယ်လို့ရတဲ့ ငွေနှင်းမှိုကို အသုံးပြုပြီး မှိုပေါင်း တစ်ခွက်ဖန်တီးကြမယ်။ ဟင်းဆိုပေမယ့် နေ့လယ်စာ အဆာပြေအဖြစ်လည်း စားသုံးလို့ရပါတယ်။ ငွေနှင်းမှိုကို ရေစင်စင်ဆေး၊ အရင်းတွေဖြတ်ပြီး ရေစစ်ထားပါ။ မှိုပေါင်းဖို့ အဆာပလာတွေဖြစ်တဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ရှမ်းနံနံတို့ကို ထောင်းထုထားပါမယ်။ မှိုရယ်၊ ထောင်းထားတာတွေရယ်၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆန်လှော်မှုန့်တွေ ရယ် ရောနယ်ပြီး၊ ပေါင်းချောင်ထဲထည့်ပေါင်းလိုက်ပါ။ မှိုလေးတွေနူးပြီးဆိုရင် ငရုတ်သီးစပ်စပ်၊ ရှမ်းနံနံ နံ့ မွှေးမွှေးနဲ့ မှိုပေါင်း စိုစိုအိအိလေးတစ်ခွက် စားဖို့အသင့်ဖြစ်နေပြီပေါ့။ ထမင်းနဲ့တွဲပြီး ဟင်းအဖြစ်ပဲစားစား၊ အဆာပြေအဖြစ် ရေနွေးပူပူ သောက်ရင်းနဲ့ပဲစားစား၊ စားပြီးရင်းစားချင် ဖြစ်နေမယ့် ဆီမဲ့ မှိုပေါင်းလေးပါ။

(၂) မျှစ်ပေါင်း 

ဒီအခုပြောပြမှာက လွယ်ကူရိုးရှင်းပြီး လူတိုင်းလိုက်လုပ်ကြည့်နိုင်တဲ့ မျှစ်ပေါင်းလုပ်နည်း ဖြစ်ပါတယ်။ မျှစ်အစိမ်းကို ပါးပါးလှီးပြီး အနည်းဆုံး တစ်ညရေစိမ်ထားရပါမယ်။ ရေအစိမ်ကြာတဲ့ မျှစ်က ပေါင်းလို့ ပိုကောင်း ပါတယ်။ မျှစ်ပေါင်း ပေါင်းတော့မယ်ဆိုရင် ရေစိမ်ထားတဲ့ မျှစ်ကို ရေဆေး၊ ရေစင်အောင် စစ်ထားပါ။ ကြက်သွန် ဖြူ၊ ငရုတ်သီးနဲ့ ရှမ်းနံနံ နံနံတို့ကို ညက်နေအောင် ထောင်းပါ။ မျှစ်ကို ဇလုံတစ်လုံးထဲထည့်ပြီး ဆန်မှုန့်၊ ငပိ၊ ဆား၊ ထောင်းထားတဲ့ အဆာပလာ တွေနဲ့ သမအောင်နယ်ပါ။ ဆေးကြောသန့်စင်ထားပြီးသား ငှက်ပျောဖက်ပေါ်မှာ မျှစ် ကို သင့်တော်တဲ့ပမာဏထည့်၊ အထုပ်လေးတွေထုပ်ပြီး ပေါင်းချောင်ထဲ ထည့်ပေါင်းလိုက်ပါ။ နာရီဝက်ကနေ (၄၅) မိနစ်ခန့်ကြာပြီး အနံ့လေးတွေ မွှေးလာပြီဆိုရင်တော့ မျှစ်ပေါင်းကျက်ပါပြီ။ မြည်းကြည့်လို့ မျှစ်ကလေး တွေ နူးအိနေပြီဆိုရင်တော့ စားသုံးနိုင်ပါပြီနော်။

(၃ ) ဟင်းပေါင်း (မုန်ညင်းပေါင်း) 

ဒီမှာဖော်ပြသွားမယ့် ဟင်းပေါင်းဆိုတာ အသီးအရွက်နဲ့အသားစုံ ရောချက်ထားတဲ့ အညာ ဘုန်းကြီးကျောင်း ဟင်းပေါင်း မဟုတ်ပါဘူး။ မုန်ညင်းပေါ်တဲ့ရာသီမှာ မုန်ညင်းဖူး နုနုလေးတွေ၊ မုန်ညင်းမရှိတဲ့အချိန်မှာဆို အခြား အသီးအရွက်စုံနဲ့ ပေါင်းထားတဲ့ ဟင်းပေါင်း ခေါ် မုန်ညင်းပေါင်းပဲ ဖြစ်ပါတယ်။ မုန်ညင်းပေါင်း ပေါင်းဖို့အတွက် အရင်ဆုံး ဂျင်းနဲ့ ကြက်သွန်ဖြူကို ညက်အောင်ထောင်းထားရပါမယ်။ ဆေးကြောသန့်စင်ပြီး ရေစင်အောင် စစ် ထားတဲ့ မုန်ညင်းကို ဆန်မှုန့်၊ ငပိ၊ ဆား၊ ထောင်းထားတဲ့ ဂျင်း၊ ကြက်သွန်တွေနဲ့ သမအောင် နယ်ပေးရပါမယ်။ ပြီးရင် နယ်ထားတဲ့မုန်ညင်းတွေကို ပေါင်းချောင်ထဲမှာ ငှက်ပျောဖက်ခံပြီး ထည့်ပေါင်းလိုက်ပါ။ ကိုယ်ပေါင်းတဲ့ မုန်ညင်းပမာဏ အနည်းအများပေါ်မူတည်ပြီး (၃၀-၄၅) မိနစ် ကြာပြီဆို မုန်ညင်းပေါင်း စားဖို့အသင့် ဖြစ်နေပါပြီ။ မုန်ညင်းမပေါ်တဲ့ ရာသီတွေမှာဆို ကန်စွန်းရွက်၊ ရွှေဖရုံသီး၊ ပဲသီး၊ ခရမ်းကစော့သီး စတဲ့ အသီးအနှံတွေကို မုန်ညင်းပေါင်းနည်းအတိုင်း ပေါင်းစားလို့ရပါတယ်။

အခုဖော်ပြခဲ့တဲ့ အပေါင်း(၃) မျိုးက အခြေခံအားဖြင့် ပြုလုပ်နည်းတွေ တူညီကြပါတယ်။ ဒီအပေါင်းတွေကို အိမ်မှာတနိုင်လုပ်စားဖို့ဆိုရင် ထမင်းပေါင်းအိုးတစ်လုံးရှိရုံနဲ့ လုံလောက်ပါတယ်။ ထမင်းပေါင်းအိုးထဲကို ရေထည့် ပြီး ပွက်ပွက်ဆူလာအောင်တည်ပါ။ ကိုယ်သုံးမယ့် ပေါင်းအိုးနဲ့ အံဝင်ခွင်ကျဖြစ်မယ့် ပေါင်းချောင်(သို့) အပေါက် ပါတဲ့ ဇကာထဲကို ပေါင်းဖို့အသင့်ပြင်ထားတဲ့ ပါဝင်ပစ္စည်းတွေထည့်ပြီး အငွေ့လုံအောင် အဖုံးအုပ်ကာ ပေါင်းပေး ရပါမယ်။ 

(၄) ရှမ်းနီရိုးရာ ဟင်းရည်

ဒီဟင်းအတွက် ပါဝင်ပစ္စည်းတွေက အာလူး၊ ခရမ်းသီး၊ ခရမ်းကစော့သီး၊ ပဲတောင့်ရှည်၊ ရုံးပတီသီး၊ ခဝဲသီး၊ ငရုတ်သီး နဲ့ ပင်စိမ်းတို့ ဖြစ်ပါတယ်။ အရင်ဆုံး အာလူးကို သတ်သတ်ပြုတ်ထားပါ။ အာလူးက ကျက်ဖို့ကြာလို့ အရင်ပြုတ်ခိုင်းထားတာ ဖြစ်ပါတယ်။ အစပ်ဟင်းရည် ဖြစ်တာ ကြောင့် ကိုယ်စားနိုင်တဲပမာဏ ငရုတ်သီးကို လည်း ထောင်းရလွယ်အောင် ကြိုပြုတ်ထားရပါမယ်။ ထည့်ရမယ့် အသီးတွေကို သင့်တော်တဲ့ပမာဏ လှီးဖြတ်၊ ဆေးကြောထားပါ။ ငပိရည်တည်ထားပြီး ဆူလာရင် ခရမ်းသီးတွေ ကို အရင်ဆုံးထည့်ပါ။ ခရမ်းသီးတွေ နူးသွား တဲ့အထိ အဖုံးအုပ်ပေးထားပါ။ နူးလာတဲ့ ခရမ်းသီးတွေ ကြေသွားအောင် ဇွန်းလေးနဲ့ ခြေပေးရပါမယ်။ အာလူး ပြုတ်တွေကိုလည်း အခွံခွာပြီး ခရင်းလေးနဲ့ ထိုးခြေထားပါ။ အာလူးပြုတ်တွေကို ခရမ်းသီး ဟင်းရည်အိုးထဲ ထည့်ပြီးရင် အခြားပါဝင်ပစ္စည်းတွေကို အားလုံးထည့်လိုက်နိုင်ပါပြီ။ ငရုတ်သီးပြုတ်ကို ရေစစ်ပြီး ထောင်းထည့်၊ လိုအပ်တဲ့ ဆား၊ ဟင်းခတ်မှုန့်ထည့် အရသာမြည်းကြည့်ပါ။ ဟင်းရည်လည်းပွက်ပြီ၊ အသီးတွေလည်း နူးပြီဆိုရင် ပင်စိမ်းလေးခတ်ပြီး မီးဖိုပေါ်က ချနိုင်ပါပြီ။ ဒီဟင်းရည်အတွက် ဖော်ပြခဲ့တဲ့ ပါဝင်ပစ္စည်းတွေမှာ ကိုယ်မကြိုက် တဲ့ အသီးတွေပါရင် မထည့်လို့ရပါတယ်။ ဘူးသီး၊ ဂေါ်ရခါးသီး၊ ဂေါ်ရခါးညွန့်၊ စူကာညွန့် စတဲ့ အခြားသီးနှံတွေကို လည်း ထည့်သွင်းချက်ပြုတ်နိုင်ပါတယ်။

(၅) မျှစ်ဆန်လှော်ဟင်း 

မျှစ်စိမ်းကို အသုံးပြုပြီး ချက်ရတဲ့ ဆန်လှော်ဟင်းက အလွန်ပဲ လွယ်ကူရိုးရှင်းပါတယ်။ မျှစ်စိမ်းဟင်းပွဲတွေ အားလုံးအတွက် မျှစ်ကို တစ်ညရေစိမ်ထားဖို့ လိုပါတယ်။ ဆန်လက်တစ်ဆုပ်စာ လောက်ကို အိုးထဲထည့်ပြီး ညိုလာတဲ့အထိ မီးအေးအေးနဲ့ လှော်ပေးပါ။ အသင့်သုံးဆန်လှော်မှုန့်ကိုလည်း အသုံးပြုနိုင်ပေမယ့် ကိုယ်တိုင် လှော်တဲ့ ဆန်လှော်က ပိုမွှေးတယ်လို့ ထင်ရပါတယ်။ ဆန်လှော်ကို ဆုံထဲထည့်ပြီး မညက်တညက်လေး ထောင်း ထားပါ။ ငရုတ်သီးနဲ့ ပင်စိမ်းကိုလည်း သတ်သတ်ထောင်းပါ။ အိုးထဲကို ရေထည့်၊ ငပိအနည်းငယ်ထည့်လို့ ငပိရည်ဆူလာပြီဆိုရင် မျှစ်ရေစိမ်ကို ထည့်လိုက်ပါမယ်။ ဆား၊ အရသာမှုန့် သင့်တော်သလို ထည့်ပါ။ ကြက်သွန် နီ ပါးပါးလှီးထည့်နိုင်သလို မထည့်ရင်လည်း ရပါတယ်။ မျှစ်ဟင်းရည်အိုး ဆူလာပြီဆိုရင် ‌ထောင်းထားတဲ့ ဆန်လှော်၊ ငရုတ်သီး၊ ပင်စိမ်းတွေကို ထည့်ပြီး အချိန်ကြာကြာ တည်ထားပါ။ ကြာလေကောင်းလေပါပဲ။ မြည်းကြည့်လိုက်လို့ မျှစ်တွေနူးနေပြီဆိုရင်တော့ စားလို့ရပါပြီ။ ဒီဟင်းရည်က အဖုံးအလုံပိတ်ထားရင် ဝေကျ တတ်လို့ အဖုံးအနည်းငယ်ဟ ထားသင့်ပါတယ်။

အခုဖော်ပြခဲ့တဲ့ ဆီမပါ အသီးအရွက်ဟင်း ချက်နည်းတွေအားလုံးက တိုင်းလိုင်း(ရှမ်းနီ) ရိုးရာ ဟင်းချက်နည်း တွေ ဖြစ်ပါတယ်။ ရိုးရာဟင်းတွေဖြစ်တာကြောင့် အသီးအရွက်အများအပြားကို အသုံးပြုထားပြီး ဆီမပါဘဲ ချက်ရတာ လွယ်ကူရိုးရှင်းနေတာကို တွေ့ရမှာပါ။ ဒေသတစ်ခုနဲ့တစ်ခု၊ တိုင်းရင်းသားတစ်မျိုးနဲ့ တစ်မျိုး ချက် နည်း ဆင်တူတာတွေလည်း ရှိမှာဖြစ်လို့ အခုဖော်ပြခဲ့တဲ့ ဟင်းအမယ်တွေနဲ့ တူညီ၊ ဆင်တူတဲ့ အခြား ရိုးရာဟင်း တွေ ရှိရင်လည်း မျှဝေသွားခဲ့ကြပါဦး။


Share

Comments

Related Posts