အစိမ်းရောင် မြေကမ္ဘာ ရေရှည်တည်တံ့စေဖို့ရာ

Posted in လူမှုဘဝ


3R လို့ ခေါ်တဲ့ လျှော့သုံး၊ ထပ်သုံး၊ ပြန်လည်အသုံးချ (Reduce, Reused, Recycle) ဆိုတဲ့ R ၃ လုံးကို သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပလတ်စတစ်လျော့ချရေး လှုပ်ရှားမှုနဲ့ ကြေငြာချက်တွေမှာ မကြာခဏတွေ့ရပါတယ်။ ဒါ့ကြောင့် ဒီ 3R က သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် ရေးသမားတွေနဲ့သာ သက်ဆိုင်ပြီး ကိုယ်နဲ့တိုက်ရိုက်မသက်ဆိုင်တဲ့ စကားလုံးတွေလို့ ထင်တတ်ကြမှာပါ။ ဒါပေမယ့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ သဘာဝပတ်ဝန်းကျင်ဖြစ်ဖို့ဆိုတာ လူတိုင်း၊ တစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ တာဝန်ရှိတာကြောင့် နေ့စဥ်ဘဝမှာပဲ ဘာ တွေကို ဘယ်လိုလျှော့သုံး၊ ၊ ပြန်သုံး၊ အခြားနည်းလမ်းနဲ့ ပြန်လည်အသုံးချလို့ ရမလဲဆိုတာ အတူတကွ အဖြေရှာကြည့်ကြရ အောင်။

လျှော့သုံးပါ (Reduce

ပထမဆုံးအဆင့်အနေနဲ့ လျှော့သုံးလိုက်ကြရအောင်။ လျှော့သုံးလို့ ပြောလိုက်ရင် ပလတ်စတစ် လျှော့သုံးဖို့၊ ဈေးဝယ်တဲ့ အခါ ကြွပ်ကြွပ်အိတ်မယူဖို့ လို့တွေးမိကြမှာပါ။ တကယ်တော့ ဒီထက်ပိုပါတယ်။ ဘယ်အရာကိုမဆို တကယ်လိုမလို၊ အစား ဆိုရင်လည်း ကုန်အောင် စားနိုင်မစားနိုင် သတိကပ်ပြီး တကယ်အသုံးလိုမှပဲ ဝယ်ယူသုံးစွဲသင့်တာက လျှော့ချခြင်းရဲ့ အခြေခံ ပါပဲ။ စားကြွင်းစားကျန်တွေ ပိုလျှံမနေစေတာ၊ ရေရှည်ဝတ်လို့ရတဲ့ အဝတ်အစားတွေကို ရွေးချယ်တာ၊ ရေနဲ့ စွမ်းအင်ကို ချွေ တာသုံးစွဲတာ၊ အိမ်သုံးပစ္စည်းတွေကအစ မရှိမဖြစ်လိုတာတွေကိုပဲ အသုံးပြုတာ၊ ပလတ်စတစ်အိတ်နဲ့ အခြားပလတ်စတစ် ပစ္စည်းတွေကို တစ်ကြိမ်ထက်ပိုသုံးတာ စတဲ့ အချက်တွေက လျှော့ချခြင်းပဲ ဖြစ်ပါတယ်။

ကိုယ့်စိတ်ကြိုက် အစားသောက်တွေနဲ့ ပစ္စည်းတွေကို အများကြီး အသုံးပြုပြီး ပိုလျှံနေစေတာ သဘာဝပတ်ဝန်းကျင်ကို ဘယ်လို ထိခိုက်လို့လဲမေးရင် အရာအားလုံးက ဆက်စပ်မှုရှိပါတယ်။ ဘယ်လိုပစ္စည်းမျိုး ထုတ်လုပ်လိုက်တာပဲဖြစ်ဖြစ် ကမ္ဘာကြီးရဲ့ စွမ်းအင် အရင်းအမြစ်၊ သဘာဝအရင်းအမြစ်တွေကို အသုံးပြုလိုက်ရတာပါပဲ။ ဒီလိုအဖိုးတန်ရင်းမြစ်တွေကို အသုံးပြုပြီး ထုတ်လုပ် ရတဲ့ ပစ္စည်းတွေကို ဖြုန်းတီးခြင်းက မိခင်ကမ္ဘာရဲ့ ရေရှည်တည်တံ့ကျန်းမာရေးကို ထိုးနှက်နေ တာလို့ ပြောချင်ပါတယ်။ ဒါကြောင့် ကိုယ်ပြုလုပ်လိုက်တဲ့ သုံးစွဲမှုတိုင်းက ရင်းမြစ်နဲ့ စွမ်းအင်တွေကို ဖြုန်းတီးနေတာမျိုး မဖြစ်စေဖို့ ဉာဏ်နဲ့ယှဥ်တဲ့ ဝယ်ယူသုံးစွဲမှုတွေကို အတတ်နိုင်ဆုံးပြုလုပ်လိုက်ကြရအောင်။

ထပ်သုံးပါ ( Reuse) 

ပစ္စည်းတစ်ခုခု ကျိုးပဲ့သွားတာ၊ အဝတ်အထည်တစ်ခု ပေါက်ပြဲသွားတာမျိုးဆိုရင် လွှင့်ပစ်ပြီး အသစ်ဝယ်မလုပ်ဘဲ ပြန်ပြင် သုံးကြည့်ပါဦး။ ဘယ်လိုမှ ပြန်ပြန်လို့မရတော့ရင် ပုံစံပြောင်းပြီး သုံးကြည့်ပါ။ အက်သွားတဲ့ မြေအိုးကို ပန်းစိုက်ဖို့ ပြန်သုံး တာ၊ အဝတ်ဟောင်းတွေနဲ့ အိတ်ချုပ်တာလိုမျိုး အခြားပုံစံကို ပြောင်းသုံးတာ စတာမျိုးပေါ့။ ပြီးတော့ သစ်သားပရိဘောဂ တွေ‌ ဟောင်းနွမ်းသွားတာ၊ ကျိုးပဲ့သွားတာမျိုးဆိုရင် ပစ်ထုတ်ပြီး အသစ်ဝယ်တာမျိုးမဟုတ်ဘဲ ပြန်ပြင်သုံးတာက အစ၊ အဝတ်အစား၊ အိတ်နဲ့ ဖိနပ်တွေကို ပြုပြင်ဖာထေး အသုံးပြုတာမျိုးတွေက ပစ္စည်းတွေကို ပိုကြာကြာသုံးလို့ရတဲ့ နည်းတွေ ဖြစ်လို့ စွမ်းအင်နဲ့ ရင်းမြစ်သုံးစွဲမှုကို ချွေတာမိစေတာပေါ့။ တကယ်လို့ကိုယ်က ပြန်ပြင်တာမျိုး မလုပ်တတ်၊ မလုပ်ချင်တော့ ဘူးဆိုရင် လိုအပ်တဲ့နေရာတွေ၊ လိုအပ်တဲ့ သူတွေကို ပေးလိုက်တာမျိုးက ပစ်ထုတ်လိုက်တာထက်တော့ ပိုကောင်းပါတယ်။ ဒီလို ‌နောက်ဆုံးအပိုင်းအစလေးအထိ အလေအလွင့်မရှိအောင် အသုံးပြုခြင်းကြောင့် ထုတ်လုပ်မှုအတွက်သုံးစွဲလိုက်ရတဲ့ စွမ်းအင်နဲ့ အရင်းအမြစ်၊ စက်ရုံတွေက ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် လေထု ညစ်ညမ်းမှု ကနေ စွန့်ပစ်အမှိုက်တွေကြောင့် ပတ်ဝန်းကျင်နဲ့ ကုန်းနေရေနေ သတ္တဝါမျိုးစိတ်တွေ ထိခိုက်၊ မျိုးသုန်းရမှုအထိ လျော့ချသွားနိုင်မှာပဲ ဖြစ်ပါတယ်။

ပြန်လည်အသုံးချပါ (Recycle) 

ပြန်လည်အသုံးချခြင်းရဲ့ အခြေခံ ရည်ရွယ်ချက်က လွှင့်ပစ်ပြီး အသုံးမဝင်၊ အလေအလွင့်ဖြစ်စေမယ့်အစား အခြားပုံစံနဲ့ အသုံးပြုလို့ရမယ့် နည်းလမ်းကို ရှာဖွေဖို့ ဖြစ်ပါတယ်။ ပစ္စည်းဟောင်းတွေကို ပိုကောင်းတဲ့ အခြားပုံစံတွေဖြစ်လာအောင် ဖန်တီးတာကလည်း တစ်ခုအပါအဝင်ပါပဲ။ ဥပမာ - ဝိုင်ပုလင်းဟောင်းကို လှလှလေးဆေးချယ်ပြီး စားပွဲတင် ပန်းအိုးလုပ် တာ၊ သတင်းစာ အဟောင်းတွေနဲ့ စက္ကူရုပ်တွေ ပြုလုပ်တာ၊ အဝတ်ဖြတ်စအပိုတွေကို ခြေသုတ်ဖုံလှလှလေး ဖန်တီးလိုက် တာ စတဲ့ အမျိုးမျိုးသော ပြောင်းလဲဖန်တီးမှုတွေကိုလည်း လုပ်လို့ရပါသေးတယ်။ မီးဖိုချောင်ကထွက်တဲ့ အာလူးခွံ၊ ကြက် သွန်ခွံ၊ ကြက်ဥခွံတွေကိုသုံးပြီး မြေဆွေးပြုလုပ်တာက ပြန်လည်အသုံးချတဲ့ နည်းလမ်းတစ်ခုပါပဲ။ ပြီးတော့ သံတိုသံစတွေ၊ ဘူးခွံပလင်းခွံမျိုးစုံ၊ မီးလုံးအကျွမ်းတွေ၊ ထမင်းအိုးဒန်အိုးဟောင်းတွေ၊ ဗလာစာအုပ်ဟောင်းနဲ့ သတင်းစာဟောင်းတွေနဲ့ ဆံပင်ချည်အကျွတ်တွေကစလို့ ပြန်ဝယ်တဲ့ အဟောင်းဝယ်သမားတွေရှိပါတယ်။ ကိုယ်ကိုယ်တိုင် ပစ္စည်းဟောင်းတွေကို ပြန်လည်အသုံးမချနိုင်ရင်တောင် လွှင့်ပစ်၊ မီးရှို့တာမျိုးမဟုတ်ဘဲ သူတို့တွေဆီရောင်းလိုက်မယ်ဆို အမှိုက်နေ ငွေရတဲ့အပြင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနေတာလည်း ဖြစ်နေတာပေါ့။

ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတု ပြောင်းလဲလာမှု၊ သစ်တောတွေ ပြုန်းတီးလာမှု၊ ပလတ်စတစ်စွန့်ပစ် ပစ္စည်းတွေ များပြား လာမှုတွေဟာ မိခင်ကမ္ဘာရဲ့ ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုတွေပါ။ ကိုယ့်တစ်ယောက်တည်း 3R ကို လိုက်နာရုံနဲ့ ဘာ ထူးသွားမှာမို့လဲလို့ တွေးမိကြမှာပေါ့။ လူတိုင်းက ဒီလိုအတွေးရှိနေရင် ပိုကျန်းမာတဲ့ ကမ္ဘာမြေဖြစ်လာဖို့က ဝေးနေဦးမှာပါ ပဲ။ ဒါကြောင့် ကိုယ့်တစ်ကိုယ်ရည်စာကို စတင်တာဝန်ယူတာက နည်းလမ်းကောင်းတစ်ခုဖြစ်လို့ ကိုယ်ကိုယ်တိုင်က စတင် လိုက်ရအောင်။




Share

Comments

Aye Myat Hlaing

ပလတ်စတစ် နှင့်ပတ်သက်၍ အများကြီးသိရှိရတဲ့အတွက် ‌ေကျေးဇူးတင်ပါတယ်ရှင့်

zarkyioo

ကျေးဇူးအများကြီးတင်ပါတယ်ရှင်

Related Posts