နူးညံ့တဲ့အသားရည်ပိုင်ရှင်လေးတို့အတွက် ဂရုစိုက်ပေးရမယ့် အချက်လေးတွေ

Posted in မိဘအုပ်ထိန်းခြင်း


ကလေးငယ်လေးတွေရဲ့ အသားရည်က အရမ်းကိုနူးညံ့ပြီး တော်ရုံ အထိခိုက်မခံနိုင်တဲ့အတွက် ဖေဖေ မေမေတို့ အထူးဂရုစိုက်ရပါတယ်။ ဘေဘီလေးတွေက တစ်ခုခုကြောင့် နေမထိထိုင်မသာဖြစ်ပြီး ပြောလည်း မပြောပြတတ်တဲ့အတွက် ငိုပဲငိုနေတော့ ဖေဖေမေမေတို့ ခေါင်းကိုက်ရပြီပေါ့။  ဒီလိုမျိုးတွေမဖြစ်ရအောင်ဆိုရင် ဘေဘီတို့ရဲ့ အသားအရည်ကို နူးညံ့စိုပြေပြီး ကျန်းမာစေဖို့ ဘယ်လိုမျိုးဂရုစိုက်ပေးကြရမလဲ၊ ဘာတွေလိုအပ်မလဲဆိုတာ ဒီဆောင်းပါးလေးမှာ ဆက်ဖတ်ကြည့်လိုက်နော်။ 

နေရောင်တိုက်ရိုက်မခံပါစေနဲ့ 

ကလေးငယ်တို့အတွက် UV Rays ကျရောက်မှုများတဲ့ မနက် ၁၀နာရီကနေ ညနေ ၄နာရီ အချိန်တွင်းဆို အိမ်ပြင်ထွက်တာ ရှောင်သင့်ပါတယ်။ မဖြစ်မနေ အပြင်ထွက်ရတယ်ဆိုလည်း နေရောင်နဲ့ တိုက်ရိုက်မထိတွေ့စေဘဲ ကလေးရဲ့ နားရွက်နဲ့ လည်ပင်းထိ ဖုံးအုပ်နိုင်တဲ့ ချည်ဦးထုပ်လေးတွေ ဆောင်းပေးသင့်ပါတယ်။ အဝတ်အစားဆိုလည်း ဘေဘီတို့အတွက် နူးညံ့ပြီး ပေါ့‌ပေါ့ပါးပါးဖြစ်စေပြီး လက်နဲ့ ခြေထောက်လေးတွေ ဖုံးအုပ်နိုင်တဲ့ဝတ်စုံလေးတွေ ရွေးချယ်ပေးသင့်ပါတယ်။ ဘေဘီလေးတွေအတွက် သီးသန့်ထုတ်ပေးထားတဲ့ Skin Care ပစ္စည်းလေးတွေကိုပဲ ရွေးချယ်သင့်ပြီး၊ ကလေး (၆)လနဲ့ အထက်မှာမှ safe ဖြစ်တဲ့ ဘေဘီ Moisturizer လေးတွေ၊ဘေဘီ Sun Cream လေးတွေကို သေချာရွေးချယ်ပြီး တစ်နှစ်ပတ်လုံး ဂရုစိုက်ပြီးလိမ်းပေးသင့်တာပါ။  

 စိုပြေနူးညံ့တဲ့ အသားရည်လေးအတွက် 

လူကြီးတွေနည်းတူ ကလေးလေးတွေရဲ့ အသားရည်ကလည်း ခြောက်သွေ့တတ်တာမို့ သူတို့လေးကို လိမ်းပေးမယ့် ခရင်မ်ကို သေချာရွေးချယ်ပေးသင့်ပါတယ်။ အရောင်မပါ၊ အနံ့မပါတဲ့ သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အစိုဓာတ်ဖြည့် ခရင်မ်လေးတွေအသုံးပြုမှသာ ဓာတ်မတည့်တာတွေ မဖြစ်ဘဲ ခြောက်သွေ့ကြမ်းတမ်းမှုတွေကို ကာကွယ်နိုင်မှာပါ။ နောက်ပြီး ဘေဘီလေးတို့က သွားရည်လေးတွေ ကျတတ်တဲ့အတွက် နှုတ်ခမ်းနဲ့ နှာခေါင်းလေးတွေမှာအက်ကွဲရာလေးတွေဖြစ်တတ်ပါတယ်။ နှုတ်ခမ်းကို လိမ်းလို့ရတဲ့ လိမ်းဆေးပျော့ပျော့လေးတွေကိုလည်း အသုံးပြုပေးနိုင်ပါတယ်။ 

ဂရုတစိုက် ရေချိုးပေးပါ 

ဘေဘီလေးတို့ကို ရေအများကြီးချိုးပေးလို့မဖြစ်ပါဘူးနော်။ တကယ်လို့ချိုးပေးမယ်ဆိုရင်လည်း ရေနွေးလေးနဲ့ ဘေဘီရှန်ပူအပျော့စားလေးတွေနဲ့ပဲ ၅မိနစ်ကနေ ၁၀မိနစ်အတွင်းသာ ချိုးပေးသင့်ပါတယ်။ ကလေးမျက်နှာနဲ့ မျက်လုံးတစ်ဝိုက်ကိုတော့ ရေပဲ အသုံးပြုပေးပါ။ ‌ရေချိုးပေးပြီးသွားရင်လည်း ဘေဘီလေးတို့ကို အနှီးလေးနဲ့ထုပ်ထားမယ်ဆိုရင် အနှီးနွေးနွေးနုနုလေးတွေနဲ့ပဲ ထုပ်ထားရပါမယ်။ တစ်ခါတလေမှာ ဗောက်လိုမျိုးအဖက်ကလေးတွေ ကွာတတ်တာမို့ အဲ့အခါကျရင် ဘေဘီလေးတို့အတွက် ထုတ်ထားတဲ့ အဆီလေးတွေသေချာလိမ်းပေးမယ်ဆိုရင် လအနည်းငယ်အတွင်းပျောက်ကင်းသွားမှာပါ။ 

 အသားရည်လေးတွေ မလောင်စေဖို့ 

ကလေးငယ်တို့ရဲ့ အသားရည်လေးတွေက နုတဲ့အတွက် တစ်ခါတလေမှာ သူတို့လေးတွေထိတွေ့နေရတဲ့ အနှီးစ၊ ပဝါ၊ အခင်းစတာတွေနဲ့ ဓာတ်မတည့်တာမျိုးဖြစ်ရင် အနီစက်လေးတွေ၊ အဖုလေးတွေထွက်တာ၊ အသားလောင်တာတို့ ဖြစ်တတ်ပါတယ်။ ဒါတွေဖြစ်စေတာကတော့ သူတို့လေးတွေရဲ့ သွားရည်နဲ့ ဆီးတို့ကို သေချာသန့်ရှင်းရေးမလုပ်မိတာ၊ အသုံးပြုတဲ့ ဆပ်ပြာ၊ လိုရှင်းတွေ မတည့်တာ စတာတွေကြောင့်ပါပဲ။ ဒါကြောင့် ဘေဘီတို့ရဲ့ အသုံးအဆောင်တွေအပြင် သူတို့ပတ်ဝန်းကျင်မှာ ထိတွေ့နေရတဲ့ ပစ္စည်းတွေကို သေချာသန့်ရှင်းထားသင့်ပါတယ်နော်။ ဒီလိုတွေသန့်ရှင်းထားပေမဲ့လည်း ကလေးမှာ အနီစက်လေးတွေ အဖုတွေ ပေါက်တာ ကြာလာရင် ကျွမ်းကျင်ရာဆရာဝန်နဲ့ ပြသသင့်ပါတယ်။ 

လက်သည်း၊ ခြေသည်းလေးတွေ ညှပ်ပေးပါ 

ကလေးငယ်တို့ရဲ့ လက်သည်းလေးတွေက သေးငယ်ပေမဲ့ ရှည်နေရင် ချွန်မြနေတတ်တာမို့ အဲ့ကနေ အသားရည်လေးတွေကို ခြစ်မိတတ်ပါတယ်။ ခုခေတ်မှာ ဘေဘီလေးတို့အတွက် သီးသန့်ထုတ်ထားတဲ့ လက်သည်းညှပ်တံလေးတွေလည်း ရှိနေပြီမို့ သူတို့လက်သည်းလေးတွေကို ဂရုတစိုက်စောင့်ကြည့်ရင်း ပုံမှန်ညှပ်ပေးနေသင့်တာပါ။ လက်သည်းညှပ်ရင်း အနာတရလည်း ဖြစ်နိုင်တာကြောင့် သူတို့လေးတွေ နိုးနေချိန်၊ ဆော့ကစားနေချိန်တွေကို လွဲပြီး ငြိမ်နေ၊ အိပ်နေချိန်မှသာ လက်သည်းလေးတွေကို ဖြည်းဖြည်းချင်း ဂရုတစိုက် ညှပ်ပေးလိုက်ပါ။  

အသုံးအဆောင်နဲ့ သန့်ရှင်းရေး 

ကလေးတို့ရဲ့ ပတ်ဝန်းကျင်ကို ပုံမှန်သန့်ရှင်းရေး လုပ်နေရင်တောင် မမြင်ရတဲ့ဖုန်မှုန့်နဲ့ ဘတ်တီးရီးယားတွေ ရှိနေတတ်တာကြောင့် သူတို့လေးတွေ ထိတွေ့နေကျအသုံးအဆောင်၊ အရုပ်လေးတွေနဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းလေးတွေကို ဂရုတစိုက်သန့်ရှင်းဖို့ လိုအပ်လှပါတယ်။ ဒီ့အပြင် ဖေဖေမေမေတို့က ဘေဘီလေးတို့ နေ့စဉ်အသုံးပြုနေကျ အနှီးနဲ့ ဒိုင်ဘာကို လိုအပ်သလို မကြာခဏ လဲပေးပြီး စောင်၊ အခင်းနဲ့ အင်္ကျီလေးတွေကို အမွှေးနံ့မပါတဲ့ ဆပ်ပြာမှုန့်/ အရည်ကို အသုံးပြုပြီး လျော်ဖွတ်ပေးရပါမယ်။ ဒါမှသာ အားလုံးသန့်သန့်ရှင်းရှင်းနဲ့ ကျန်းမာစိုပြေတဲ့ ကလေးအသားရည်လေးအတွက် အထောက်အကူပြုမှာပါ။ 

ဘေဘီလေးတို့ရဲ့ နုနယ်ပြီး ထိခိုက်လွယ်တဲ့ ကျန်းမာရေးအပြင် အသားရည်လေးတွေကိုလည်း သန့်သန့်ရှင်းရှင်းနဲ့ နူးညံ့ကျန်းမာနေဖို့ ဖေဖေမေမေတို့ အထူးဂရုစိုက်ဖို့ လိုအပ်တာပါ။ ဒါကြောင့် မလိုလားအပ်တဲ့ ကလေးအရည်ပြားပြဿနာလေးတွေ မဖြစ်ရအောင် အပေါ် မှာပြောပြထားတဲ့အချက်လေးတွေ ဂရုပြုပေးပြီး လိုအပ်လာရင် ကျွမ်းကျင်ရာ ကလေးအထူးကုဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်နော်။   


Share

Comments

Related Posts