ဟင်းသီးဟင်းရွက်ကြိုက်သူတွေအတွက် ဗီယက်နမ်ကော်ပြန့်လိပ်

Posted in အာရှအစားအစာ


ပုံမှန်စားနေကြ ကော်ပြန့်ရွက်ဖြူဖြူလေးတွေနဲ့ အတွင်းမှာ နှစ်သက်ရာ အဆာပလာတွေ ထည့်စားရတဲ့ ကော်ပြန့်စိမ်း၊ ကော်ပြန့်ကြော်တွေထက် ဒီဆန်ကော်ပြန့်အကြည်လေးတွေ (rice wrapper)နဲ့ စားရတဲ့ ဗီယက်နမ်စတိုင် ကော်ပြန့်လိပ်တွေက အမြင်တစ်မျိုးဆန်းပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်လှတာပါ။ ရာသီပေါ်အသီးအရွက်တွေနဲ့ ပေါင်းစပ်စားကြတဲ့ ဒီကော်ပြန့်လိပ်ကို ဗီယက်နမ်တောင်ပိုင်း‌ဒေသတွေမှာ အစားများကြပြီး အာရှနိုင်ငံအသီးသီးမှာလည်း သူ့ရဲ့ပြုလုပ်နည်းအတိုင်း နှစ်သက်ရာပါဝင်ပစ္စည်းအမျိုးမျိုးနဲ့ တွဲဖက်စားတတ်လာကြပါပြီ။ ဆီမပါဝင်ဘဲ လတ်ဆတ်တဲ့အသီးအရွက်တွေနဲ့သာ ပြုလုပ်စားရတဲ့အတွက် ကယ်လိုရီနဲ့ အဆီဓာတ်လျော့နည်းတဲ့အပြင် ကာဗွန်ဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာမင်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝတာကြောင့် ကျန်းမာရေးအရလည်း အရသာရှိရှိစားနိုင်တဲ့ အစားအသောက်ရွေးချယ်မှုတစ်ခု ဖြစ်စေမှာပါ။

ပြုလုပ်ပုံကလည်း လွယ်ကူပြီး ပါဝင်ပစ္စည်းတွေကလည်း Supermarkets တွေမှာ အလွယ်တကူဝယ်ယူနိုင်တာမို့ လူကြီး၊ လူငယ်မရွေး နှစ်သက်နိုင်တဲ့ အစားအစာတစ်မျိုးဖြစ်မှာ အမှန်ပါပဲ။ ဒီစိတ်ဝင်စားစရာကောင်းပြီး ပြင်ဆင်ရလွယ်ကူတဲ့ ဗီယက်နမ် ကော်ပြန့်လိပ်လုပ်နည်းလေးကို အားလုံးတူတူလိုက်လုပ်စားရအောင် အောက်မှာ ဆက်ဖတ်ကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ

  • ပုဇွန် သို့ ကြက်သား
  • ကြက်ဥ
  • ဆန်ကော်ပြန့် (Rice Wrapper)
  • မုန့်ဖတ်
  • မုန်လာဥနီ
  • သခွားသီး
  • ပူဒီနာရွက်
  • ဆလပ်ရွက်
  • ပင်စိမ်းရွက်
  • ကြက်သွန်ဖြူ
  • ငရုတ်သီးစိမ်း
  • ငါးငံပြာရည်
  • သံပုရာရည် သို့ ရှာလကာရည်
  • သကြား

ပြုလုပ်ပုံ

အရင်ဆုံး မုန်လာဥနီ၊ သခွားသီး၊ ပူဒီနာရွက်၊ ပင်စိမ်းရွက်၊ ဆလပ်ရွက်တွေကို ဆေးကြောသန့်စင်ပြီး ကော်ပြန့်လိပ်ထဲ ပေါင်းလိပ်ဖို့ အရွယ်တော်လေးတွေ လှီးဖြတ်ထားပါ။ ကြက်ဥထည့်လိပ်ချင်တယ်ဆို ကြက်ဥခေါက်ကြော်လေး ပြင်ဆင်ထားပါ။ အသားထည့်ဖို့အတွက် ပုဇွန် သို့ ကြက်သား တို့ကို ပြုတ်ပြီး အရွယ်တော်ဆိုဒ်လေးတွေနဲ့ ပြင်ဆင်ထားပေးပါ။ 

ပြီးရင် ဆန်ကော်ပြန့်လေးတွေကို ပျော့သွားအောင် တရွက်စီ ရေစိမ်ဖို့အတွက် ပန်းကန်လုံးတစ်လုံးစာ ‌ရေခပ်နွေးနွေးလေးထည့်ပြီး အဆင်သင့်ပြင်ထားပါ။

ကော်ပြန့်လိပ်နဲ့ တွဲဖက်စားဖို့ရာ အချဥ်ရည်အတွက် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ သကြားအနည်းငယ်၊ ငါးငံပြာရည်အနည်းငယ်နဲ့ သံပုရာရည် သို့ ရှာလကာရည်နည်းနည်းကို ရေ၁ဇွန်းနဲ့ ရောပြီး မွှေပေးပါ။

ကော်ပြန့်စလိပ်ဖို့ဆို ပါဝင်ပစ္စည်းတွေကို အဆင်သင့် ဘေးမှာပြင်ထားပြီး ကိုယ်နှစ်သက်ရာ ပုံစံနဲ့ အသီးအရွက်တွေ အသားတွေကို ထည့်လိပ်ပေးရုံပါပဲ။ စစချင်း ပြုလုပ်ရာမှာတော့ ကော်ပြန့်ရွက်လေးတွေက ရေစိမ်တာကြာသွားတာဖြစ်ဖြစ်၊ ပါးတာကြောင့်ဖြစ်ဖြစ် ပေါက်တာ၊ ပြဲတာဖြစ်နိုင်ပေမယ့် နောက်ပိုင်း ကော်ပြန့်လိပ်ရာမှာတော့ အဆင်ပြေပြေ လှလှပပပြင်ဆင်နိုင်မှာပါ။

ဒီလောက်ဆိုရင်တော့ ကော်ပြန့်လိပ် ကြည်ကြည်လှလှလေးတွေကို အချဥ်ရည်နဲ့တွဲဖက်စားနိုင်တဲ့ အရသာလည်းရှိ၊ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ ဗီယက်နမ် ကော်ပြန့်လိပ်လေးတွေ စားဖို့အဆင်သင့်ဖြစ်ပါပြီ။ အိမ်ရှင်မတို့ရော အိမ်မှာလုပ်စားဖြစ်ကြတယ်ဆို ဘယ်လိုတွေဖန်တီးပြီး စားကောင်းခဲ့ကြလဲဆိုတာ ကွန်မန့်မှာ ပြောသွားခဲ့ကြပါဦး။


Share

Comments