လျှာလည်သွားစေမယ့် မြန်မာဟင်းအတွဲအစပ်

Posted in မြန်မာအစားအစာ

ရိုးရိုးရှင်းရှင်းနဲ့ လျှာလည်သွားစေမယ့် ဟင်းအတွဲအစပ်လေးတစ်ခုရှိပါတယ်။ ငါးပင်စိမ်းချက်နဲ့ ခရမ်းသီးမီးဖုတ်သုပ် ဟင်းလျာလေးတွေပါ။ ငါးပင်စိမ်းချက်က ငါးကို သေချာအရသာ သွင်းပြီး ပင်စိမ်းအုပ်ထားလို့ အနံ့ရော၊အရသာနဲ့ပါ ပြည့်စုံတဲ့ ဟင်းပွဲလေးပေါ့။ ခရမ်းသီးကို မီးဖုတ်လိုက်တဲ့ အခါ အနံ့ပိုမွှေးလာရုံတင်မကဘဲ ခရမ်းသီးရဲ့ ပင်ကိုယ်အချို ဓာတ်ကိုပါ ပိုပေါ်လွင်လာစေတာကြောင့် ထမင်းစားလို့မြိန်စေမယ်ဆိုတာ အထူးညွှန်းနေစရာမလိုတော့ပါဘူးနော်။

ခရမ်းသီးမီးဖုတ်အတွက် ပါဝင်ပစ္စည်းများ

  • ခရမ်းသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ငရုတ်သီး

ပြုလုပ်နည်းလေးကတော့ 

  • အရင်ဆုံး မီးသွေးမွှေးပြီး ခရမ်းသီးကို မီးဖုတ်ပေးပါ။ မီးဖုတ်နေစဥ် အတွင်းထဲထိ နူးနူးနပ်နပ်ဖြစ်ပြီး အကျက်ညီ အောင် ခရမ်းသီးတစ်လုံးလုံးကို သွားကြားထိုးတံလေးနဲ့ ထိုးပေးပါ။ အပေါ်ယံအခွံတွေ မီးကျွမ်းလာရင် ခရမ်းသီးမီးဖုတ် ကျက်ပါပြီ။
  • အပေါ်ယံမီးကျွမ်းသွားတဲ့ အခွံတွေကို ဖယ်လိုက်ပြီး ခရမ်းသီးကို အပိုင်းသေးသေးလေးတွေ ညှပ်ပေးထားပါ။
  • ကြက်သွန်အနီ၊ အဖြူနဲ့ ငရုတ်သီးတို့ကို ပါးပါးလှီး၊ ဆား၊ သကြား၊ ရှာလကာရည်တို့နဲ့ သမအောင်မွှေပြီး ခရမ်းသီး မီးဖုတ်ထဲကို ထည့်လိုက်ပါ။
  • နံနံပင်၊ ဆား၊ ငါးငံပြာရည်၊ နှမ်းဆီတို့ကိုလည်း ထည့်ပြီး ခရမ်းသီးမီးဖုတ်ကို သမအောင် မွှေပေးပါ။
  • ပုစွန်ခြောက်မှုန့်နဲ့ နှမ်းအနည်းငယ်ကို အပေါ်ယံကဖြူးပေးလိုက်ပြီးရင် မီးသင်းနံ့မွှေးမွှေးလေးနဲ့ ခရမ်းသီးမီးဖုတ်သုတ် ရပါပြီ။

ငါးပင်စိမ်း ပါဝင်ပစ္စည်းများ

  • ကကတစ် ငါး၊ နံနံပင်အမြစ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ

ငါးပင်စိမ်းချက်နည်း‌လေးကတော့

  • ကကတစ်ငါးခေါင်းနဲ့ အရိုးတွေကို နံနံပင်အမြစ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေနဲ့အတူ ရေမြုပ်အောင်ထည့် တည်ထားပါ။
  • ငါးအသားကို ဆား၊ ငရုတ်ကောင်း၊ နနွင်းမှုန့်၊ ငါးငံပြာရည်တွေနဲ့ နယ်ပြီး အရသာသွင်းထားပါ။
  • ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ထောင်းပြီး ဆီသတ်ပါ။
  • အရသာသွင်းထားတဲ့ငါးနဲ့ အတူ၊ ဆားအနည်းငယ်၊ ပုစွန်ခြောက်မှုန့်တို့ကိုထည့်ပြီး ‌ရေအနည်းငယ်ထည့် ၍ အိုးအဖုံးကို အုပ်ထားပါ။
  • ရေခမ်းသွားပြီဆိုရင် ငရုတ်သီးစိမ်းနဲ့ ပင်စိမ်းအုပ်လိုက်ပါ။
  • ဒါဆိုရင်တော့ ပင်စိမ်းနံ့မွှေးမွှေးနဲ့ ငါးပင်စိမ်းချက်လေးကို ခရမ်းသီးမီးဖုတ်သုပ်ချိုချိုလေးနဲ့ တွဲဖက်စား သုံးနိုင်ပါပြီ။

အစပ်အဟပ်တည့်တဲ့ ဒီဟင်းတွဲလေးဟာဆိုရင် ငယ်ငယ်က မိသားစုထမင်းဝိုင်းမှာ စားခဲ့ရတဲ့ အမေ့လက်ရာ ဟင်းပွဲတွေကို ပြန်သတိရစေမှာပါ။ ဒီဟင်းတွဲလေးကို တခါမှမစားဖူးသေးရင်လည်း အပေါ်က ဟင်းချက်နည်းလေးကိုဖတ်ပြီး အိမ်မှာ တစ်ရက် ချက်စားနိုင်ပြီပေါ့။





Share

Comments

THEIN KAUTAY PHYO

ကျနော့လို မိဘနဲ့ အဝေးမှာ အဆောင်နေပြီး အလုပ်လုပ်နေသူအဖို့ Goodlife က ဟင်းချက်နည်း ဆောင်းပါးလေးဖတ်ပြီး ဟင်းချက်စားရတော့ အမေ့လက်ရာလေး စားနေရသလိုပါပဲဗျာ။

Ei Thet

ရုံးကပြန်ရောက်ရင် ကျွန်မရဲ့ပျော်ရွှင်ခြင်းတစ်ခုဖြစ်တဲ့ ဟင်းချက်နည်းလေးတွေကြည့်ပြီး လိုက်ချက်ကြည့်ရတာ ကျွန်မအတွက်တော့ဘာနဲ့မှလဲမရတဲ့ Good Life လေးပါပဲ😍😍🥰🥰

မိုးသဲ

Good lifeကဗဟုသုတနဲ့သင်ယူစရာဆောင်းပါးတွေမို့ကြိုက်တယ်။အစားအသောက်ဆိုနိုင်ငံတကာချက်ပြုတ်နည်းတွေပါဖတ်ရလို့သဘောကျပါတယ်။စာဖတ်ဝါသနာပါသူမို့အမြဲဖတ်မှာပါ။