ကိုယ်ပိုင်နေရာလေးကို ကိုယ်ပိုင်ကမ္ဘာလေးဖြစ်အောင် ပြင်ကြမယ်

Posted in အိမ်မှုရေးရာ, အိမ်တွင်းအိမ်ပြင်အလှဆင်ခြင်း


ဒီလိုအလုပ်ရှုပ်လွန်းတဲ့ ၂၁ရာစုကြီးထဲမှာ ကိုယ့်စိတ်အမောဖြေရာ နေအိမ်ဆိုတဲ့နေရာလေးက ကိုယ့်ဘဝအတွက် သက်တောင့်သက်သာအဖြစ်ဆုံး ခိုလှုံရာနေရာလေးတစ်ခုပါပဲ။ ဒီလိုနေအိမ်ကို ဘယ်လိုမျိုးအလှဆင်ပြီး ဘယ်လိုမျိုးစီမံထားတယ်ဆိုတာ တကယ်တော့ရုပ်ထွက်ကောင်းဖို့ ဆိုတာထက်ကိုပိုပါတယ်။ သူမတူတဲ့ ကိုယ်ပိုင်စရိုက်အလိုက် ထည့်သွင်းအလှဆင်ထားတာလေးတွေက ကိုယ့်နေထိုင်မှုအတွက် သက်တောင့်သက်သာ ဖြစ်မှုကနေစပြီး ကိုယ့်ရဲ့စိတ်ကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေတဲ့အပြင် နေထိုင်နေတဲ့သူအကြောင်းကိုလည်း ကိုယ်စားပြောပြပေးနေသလိုပါပဲ။ ကိုယ်အိမ်လေးကို ကိုယ်ပိုင်နေရာလေး အဖြစ်ပြောင်းလဲချင်ပေမဲ့ ဘယ်ကစရမှန်းမသိ ဖြစ်နေသူတွေအတွက် ခုပဲကိုယ်ပိုင်နေရာလေးကို အမိုက်ဆုံးနဲ့ ကိုယ့်စိတ်တိုင်းကျဖြစ်ဖို့အတွက် ဒီအချက်လေးတွေက စပြီး အလွယ်တကူလုပ်ကြည့်နိုင်ပါပြီ။

ကိုယ့်စိတ်ကြိုက် ဖန်တီးပြုလုပ်ထားတဲ့ အရာလေးတွေနဲ့ အလှဆင်မယ်

အိမ်ခန်းနေရာတွေကို ဖန်တီးခြယ်သဖို့ဆိုတာ ဈေးကြီးပစ္စည်းတွေ အများကြီးတော့မလိုအပ်ပါဘူး။ ချစ်စရာပန်းအိုးလေးတွေကို ကိုယ့်စိတ်ကြိုက်အရောင်‌လေးတွေစပ်ကာ ခြယ်သပြီး ခရီးသွားရင်းသယ်လာမိတဲ့ ခရုခွံလေးတွေ ကပ်လိုက်တာမျိုး။ ဖန်စလှလှလေးတွေနဲ့ ဓာတ်ပုံဘောင်တွေကို အလှဆင်ပြီး ကိုယ့်စိတ်ကြိုက် အမှတ်တရပုံတွေထောင်ထားတာ၊ ချိတ်ဆွဲထားတာ၊ ကော်ဖီခွက်အောက်ခံအပြားလေးတွေ လုပ်တာမျိုး။ ကိုယ်ကြိုက်တဲ့အရောင်တွေ၊ ဒီဇိုင်းတွေနဲ့ ဇာထိုးပန်းထိုးဝါသနာအိုးတွေက စိတ်ကြိုက် နံရံအလှဆင်ပစ္စည်းတွေထိုးပြီး ကိုယ်ပိုင်ကမ္ဘာငယ်လေးကို ဖန်တီးလိုက်နိုင်တယ်နော်။ ဒီလို ကိုယ်တိုင်လုပ်အလှဆင်ပစ္စည်းတွေက အိမ်ပိုင်ရှင်ရဲ့ ဖန်တီးနိုင်စွမ်းကိုဖော်ပြလိုက်ရုံသာမကပဲ ကိုယ့်နေရာလေးကိုပါ စတိုင်ကျလှပစေပါတယ်။

ပရိဘောဂ၊ ဘီရို၊ စားပွဲ၊ ကုလားထိုင် စတာတွေကို ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီအောင်ပြင်ခြင်း

ကိုယ့်မှာ ကိုယ်ပိုင်အတွေးအခေါ် အကြိုက်နဲ့စရိုက်တွေရှိနေတာ ဘာလို့သူများတွေအကြိုက် အားလုံးနဲ့တူတူ လုပ်ပေးထားတာတွေနဲ့ ကျေနပ်လိုက်ရမှာလဲနော်။ ခုခေတ်ကြီးမှာ ပရိဘောဂတွေအားလုံးကို ဒီတိုင်း ရိုးရိုးပစ္စည်း သိုလှောင်တဲ့ပရိဘောဂတွေမဟုတ်ပဲ ကိုယ့်စိတ်ကြိုက်ဒီဇိုင်းတွေပြင်ဆင်ပြီး အမြင်လှဖို့အတွက်ပဲမဟုတ်ပဲ ကိုယ့်နေ့စဉ်ဘဝနဲ့လည်း တကယ်ကိုက်ညီတဲ့စင်တွေ၊ ပရိဘောဂပစ္စည်းတွေ ဖန်တီးလို့ရနေပါပြီ။ ကိုယ့်ရဲ့စာအုပ်စင်ကြီးတွေကို လျှို့ဝှက်အကန့်တွေနဲ့ မှော်ဆန်ဆန်အကန့်များများ အသုံးဝင်အောင်ဖန်တီးမလား။ အဝတ်ဗီဒိုကြီးတွေကိုပဲ ခန့်ခန့်ညားညားတည်ဆောက်မလား။ ဒီလိုမဟုတ်ရင်တောင် ကိုယ့်ရဲ့စာအုပ်စင်အဟောင်းကို တစ်ဆင့်စီ လှလှပပဖြုတ် နံရံကပ်စင်အဖြစ်ပြောင်းကာ အိမ်တွင်းအပင်လေးတွေ တင်ပြီးလည်း ကိုယ်နှစ်သက်ရာပရိဘောဂတွေကို လိုသလို ပြောင်းလဲအလှဆင်နိုင်သေးတယ်နော်။

အရောင်နဲ့ ပိတ်စအသားလေးတွေကို ကိုယ့်စိတ်ကြိုက်ပြင်ဆင်ခြင်း

ကိုယ့်အနုပညာပိုးကို ပိတ်စတွေပေါ်မှာပြချိန်‌ရောက်ပါပြီ။ ကိုယ့်စိတ်ကြိုက်ပြင်ဆင်ထားတဲ့ အထည်တွေက ရင်းနှီးမှုနဲ့ နွေးထွေးမှုကို တစ်ပါတည်းခံစားရစေပါတယ်။ ကူရှင်တွေ၊ စားပွဲခင်းတွေကို ကိုယ်တိုင်ချုပ်လုပ်ပြီး အ‌ရောင်နဲ့ဆော့ကစားကာ နေအိမ်ကိုအလှဆင်လိုက်တဲ့အခါ ကိုယ့်ရဲ့စရိုက်ကလေးက ဘယ်လိုနေအိမ်ကို ထပ်ပေါင်းတန်ဆာဆင်ပေးလည်းဆိုတာ ခံစားကြည့်နိုင်ပါတယ်။ ဇာထိုးထိုး၊ ပန်းထိုးထိုး နောက်ဆုံးလက်ပန်းချီနဲ့ပဲဖြစ်ဖြစ် ကိုယ်တိုင်ချုပ်လုပ်ဖန်တီးလိုက်တဲ့ ခေါင်းဦးစွပ်၊ လိုက်ကာ၊ အလှဆင်ပစ္စည်းလေးတွေကိုကြည့်ပြီး သက်တောင့်သက်သာဖြစ်စေရုံတင်မကပဲ ပိတ်စတစ်ခုချင်းဆီကို သေချာရွေးချယ်ခဲ့တဲ့ ကိုယ့်ရဲ့အတွေးတွေကိုလည်း ပြန်ပြီးမြင်ယောင်နိုင်ပါတယ်။

အလုပ်မများတဲ့ အိမ်ခန်းအလှအတွက် သန့်ရှင်းစီမံခြင်း

ကိုယ့်စိတ်ကြိုက် ဆင်ယင်မှုတွေကြားကနေ နေအိမ်လေးက ထိထိရောက်ရောက် သန့်ရှင်းဖို့လည်း လိုပါတယ်။ ဒါကြောင့် ပြန်ရှင်းရတာလွယ်ကူတဲ့ သိုလှောင်တဲ့အခါ ထိရောက်တဲ့ ပရိဘောဂတွေကိုရွေးချယ်ပါ။ တန်ဆာဆင်တဲ့အခါ ဖုန်တက်နိုင်ခြေများတဲ့ အရာတွေကို လျှော့သုံးပါ။ ဒါမှလည်း ပြန်ရှင်းရသက်သာမှာဖြစ်ပါတယ်။ သန့်ရှင်းရေးအတွက်လည်း အချိန်ကုန်သက်သာမယ့် ပစ္စည်းတွေကိုရွေးချယ်သင့်ပါတယ်။ အော်တိုဖုန်စုပ်စက်တွေ၊ အကုန်သုတ်လို့ရတဲ့ သန့်ရှင်းရေးထုတ်ကုန်တွေ သုံးကြည့်ပြီး အချိန်ကောလူပါသက်သာမယ့် ပစ္စည်းတွေကို ဦးစားပေးရွေးချယ်သင့်ပါတယ်။ ကိုယ်ပိုင်ကမ္ဘာငယ်ဖန်တီးတဲ့အချိန်မှာ ပတ်ဝန်းကျင်သန့်ရှင်းမှုကိုတော့ လက်လျှော့လိုက်လို့မရပါဘူးနော်။

ဒီလို နေအိမ်အနှံ့က ကိုယ့်ပိုင်စရိုက်လက္ခဏာလေးတွေ ဖုံးလွှမ်းပေးထားတဲ့ အရာငယ်လေးတွေက ဒီတိုင်း အလုပ်ပြီးရင်ပြန်အိပ်ရတဲ့ နေရာကြီးတစ်ခုကို ကိုယ့်ရဲ့အပန်းဖြေရာ ကမ္ဘာငယ်လေးအဖြစ် ပြောင်းလဲပေးနိုင်တာပဲဖြစ်တယ်။ 


Share

Comments

Related Posts