ချစ်ရတဲ့တိလေးတွေ ဉာဏ်ကောင်းလိမ္မာလာစေဖို့

Posted in အိမ်မွေးတိရစ္ဆာန်


မိသားစုဝင်တမျှ ချစ်မြတ်နိုးရတဲ့ တိလေးတွေကလည်း လူသားတွေနဲ့နည်းတူ စိတ်ပိုင်းဆိုင်ရာ အနိမ့်အမြင့် အတက်အကျတွေ ရှိနေနိုင်ပြီး သူတို့လေးတွေရဲ့ စိတ်ပိုင်း ရုပ်ပိုင်း တိုးတက်ဖွံ့ဖြိုးလာမှုကိုလည်း ဂရုပြုပေးဖို့ မေ့မထားသင့်ပါဘူး။ တိဖေဖေ မေမေတို့နဲ့ သံယောဇဥ်တွေ ပိုမိုခိုင်မြဲစေဖို့အပြင် တစ်နေ့တစ်နေ့ အိမ်မှာ ပျင်းရိငြီးငွေ့နေတတ်တဲ့ တိလေးအတွက် ကျန်းမာရေးကောင်းစေဖို့နဲ့ စိတ်ပျော်ရွှင်သွားအောင် တူတူကစားပေးပြီး အချိန်ပေးဖို့ရာအတွက် ဘယ်လို ကစားနည်းတွေ လိုအပ်မလဲ သိချင်ကြရောပေါ။့ ကစားတဲ့နေရာမှာလည်း စိတ်ကျန်းမာရေးနဲ့ ဦးနှောက်ကို လှုံ့ဆော်ပေးစေတဲ့ ကစားနည်းလေးတွေက သင့်တိလေးတွေကို ထက်မြက်၊ သွက်လက်စေပြီး အထူးသဖြင့် Energetic ဖြစ်တဲ့ တိအမျိုးအစားတွေ၊ ပျင်းရိနေတတ်တဲ့ အသက်အရွယ်ရပြီးသား တိလေးတွေ၊ ယုံကြည်မှုအားနည်းတတ်တဲ့ တိလေးတွေမှာ ဒီလိုကစားနည်းတွေက အသုံးတည့်စေမှာ အမှန်ပါပဲ။

ဘယ်လိုကစားပေးသင့်လဲ

အရင်ဆုံး တိလေးရဲ့ တစ်နေ့တာ routineထဲမှာ ဒီလိုကစားနည်းလေးတွေကို အချိန်ပေးကစားပေးဖို့အပြင် တိုးတက်မှု မြင်သာစေဖို့‌ ဖြေးဖြေးမြန်မြန်လုပ်ဆောင်ပေးသွားဖို့ လိုပါတယ်။ သူတို့လေးတွေရဲ့ အမူအကျင့်နဲ့ လိုက်ပြီး အားသန်ရာကစားနည်းတွေကို ရှာဖွေကစားပေးနိုင်ပါတယ်။ တစ်ရက်မှာ တစ်ခါတည်း အချိန်ကြာကြာ ကစားပေးတာထက် စာရင် အချိန်နည်းနည်းနဲ့ မကြာခဏကစားတာမျိုးက ပိုပျော်ဖို့ကောင်းပြီး တိလေးအတွက်လည်း ငြီးငွေ့စရာဖြစ်မနေတော့ဘူးပေါ့။ တိလေးနဲ့ ကိုယ်ကိုယ်တိုင် ၂ယောက်တည်း ကစားတာထက်စာရင် မိသားစုတွေ ဆုံတိုင်း အချိန်ရရင် ရသလို ကစားပေးမယ်ဆို တိလေးတို့လည်း စိတ်ပျော်ရွှင်စေပြီး သူတို့ကိုယ်တိုင် ဒီအိမ်ရဲ့ မိသားစုဝင်တစ်ဦး အနေနဲ့ နွေးနွေးထွေးထွေးခံစားရစေနိုင်ပါတယ်။

အကျိုးကျေးဇူးတွေက…

ဒီလိုကစားနည်းတွေမှာ တိလေးတွေရဲ့ အားအင်နဲ့ စိတ်ခံစားမှုတွေကို ဖော်ပြ၊ အသုံးချလိုက်ရတဲ့အတွက် စိတ်ဖိစီးတာတွေနဲ့ စိုးရိမ်ပူပင်မှုကို လျော့ကျစေပြီး ဒီလိုညဏ်ရည်သုံးရတဲ့ ကစားနည်းတွေကြောင့်ပဲ စဥ်းစားတွေးခေါ်တတ်တာတွေ၊ ပြဿနာဖြေရှင်းတတ်တာတွေကို လုပ်ဆောင်လာနိုင်စေပါတယ်။ လှုပ်လှုပ်ရှားရှား ကစားရတာမျိုးလည်း ဖြစ်တာမို့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ရော၊ တူတူဆော့ကစားကြတဲ့ တိဖေဖေ မေမေတို့နဲ့ပါ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးယုံကြည်မှုတွေပါ တခါတည်း ရရှိစေတာပါ။ 

တိအမျိုးအစားအလိုက် ကစားနည်း

ခွေးလေး၊ ကြောင်လေးတွေ အတွက်ဆို Puzzle Feederလိုမျိုး အစာထည့်ကျွေးတဲ့ ပစ္စည်းကိုမှ ဂိမ်းလေးတွေ ဆော့ကစားပြီးမှ အစာစားလို့ရတာမျိုး ဖြစ်လို့ သူတို့လေးတွေ ဦးနှောက်ကို လေ့ကျင့်ပေးရာရောက်ပြီး အပျင်းပြေစေပါတယ်။ အစာတွေလည်း တခါတည်းကုန်မသွားစေဘဲ ဖြေးဖြေးနည်းနည်းနဲ့ တိလေးတွေအတွက် စိတ်ဝင်စားစရာကောင်းစေတာပါ။ အဓိက ခွေးလေးတွေအတွက်ဆို လွန်ဆွဲကစားနည်းကလည်း စိတ်ရော ကိုယ်ရော လေ့ကျင့်ပေးရာ‌ရောက်ကာ သူတို့တွေရဲ့ သဘာဝအတိုင်း သားကောင်ရှာဖွေလိုစိတ်ကို ဖြည့်ဆည်းပေးရာရောက်ပြီး အထူးသဖြင့် အမြဲငြိမ်နေတတ်တဲ့ ခွေးလေးတွေမှာဆို ဒီလိုကစားပေးမယ်ဆို သူတို့ကိုယ် သူတို့ ယုံကြည်မှုတိုးတက်လာစေပြီး လူတွေနဲ့ ရင်းနှီးယုံကြည်မှုကို တိုးတက်စေပါတယ်။

နုနယ်သေးငယ်တဲ့ ယုန်၊ Hamsters စတဲ့ တိလေးတွေ အတွက်ကတော့ သူတို့နှစ်သက်တတ်တဲ့ စားစရာလေးတွေ၊ ကစားစရာလေးတွေကို တစ်နေရာရာ ဖွက်ထားပြီး ရှာခိုင်းကြည့်နိုင်ပါတယ်။ ဒီလိုကစားခိုင်းတာက သူတို့လေးတွေရဲ့ အစာနဲ့ energyသုံးတာကို မျှတစေပြီး ဦးနှောက်ကိုလည်း အလုပ်ပေးရာ ရောက်တာမို့ အကျိုးကျေးဇူးများတဲ့ ကစားနည်းတွေပါပဲ။

ချစ်ရတဲ့တိလေးတွေ စိတ်ပျော်ရွှင်ကျန်းမာစေဖို့ ညဏ်ရည်သုံးရတဲ့ကစားနည်းတွေကို လေ့ကျင့်ကစားပေးတာဟာ သူတို့လေးတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်မယ့်အပြင် ‌ရေရှည်ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးတွေရစေမှာပါ။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပဲ အလေးမပေးဘဲ စိတ်ရောကိုယ်ပါ ပျော်ရွှင်ကျန်းမာနေတဲ့ တိလေးနဲ့ အချိန်တွေအကြာကြီး တူတူဖြတ်သန်းကြဖို့ သူတို့လေးတွေနဲ့ လိုက်ဖက်သင့်တော်တဲ့ ကစားနည်းတွေ၊ လေ့ကျင့်နည်းတွေကို ရှာဖွေလုပ်ဆောင်ပေးလိုက်ရအောင် တိဖေဖေမေမေတို့‌ရေ...


Share

Comments

Phoo

မောင်ရှိုင်းခန့်မျိုး

Related Posts