တိပိုင်ရှင်တွေအတွက် နွေရာသီမှာ သတိပြုစရာ

Posted in အိမ်မွေးတိရစ္ဆာန်, တိကျန်းမာရေး


နွေရာသီရဲ့ အပူရှိန်တွေ တရိပ်ရိပ်မြင့်မားလာတာနဲ့အမျှ ကိုယ်ချစ်ရတဲ့တိလေးတွေ နေကောင်းကျန်းမာဖို့ကလည်း တိမိဘတွေအတွက် ဂရုပြုစရာတစ်ခုပဲလေ။ ခြစ်ခြစ်တောက်ပူလွန်းတဲ့ ရာသီဥတုကြောင့် သူတို့လေးတွေ ကျန်းမာရေးအတွက် အန္တရာယ်လည်း ရှိလာနိုင်လို့ နေထိုင်ရ အေးဆေးပြီး သက်တောင့်သက်သာဖြစ်အောင် အသေအချာ စီစဉ်စောင့်ရှောက်ပေး လိုတာပေါ့။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ အိမ်မွေးတိရစ္ဆာန်လေးတွေ နွေအပူဒဏ်ကို အခက်အခဲမရှိ ရင်ဆိုင်ဖြတ်သန်းနိုင်အောင် တိမိဘတွေက ဘယ်လိုဂရုပြုစောင့်ရှောက်သင့်တယ်ဆိုတာ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်နော်။ 

ရေဓာတ်ပြည့်ဖို့ အဓိက

 လူသားတွေလိုပဲ တိလေးတွေဟာလည်း အပူချိန်မြင့်လာတာနဲ့အမျှ သူတို့ကိုယ်ခန္ဓာမှာ ရေဓာတ်ခန်းခြောက်တတ်ပါတယ်။ အမြဲသန့်ရှင်းပြီး လတ်ဆတ်တဲ့ ရေသန့်ကို အလွယ်တကူသောက်နိုင်အောင် ထားပေးပါ။ အိမ်ရဲ့နေရာအနှံ့မှာ ရေခွက်လေးတွေကို ချထားပေးပြီး ရေကိုပုံမှန်လဲပေးပါ။ အထူးသဖြင့် အပြင်မှာ ထွက်ဆော့ပြီးတဲ့ အချိန်တွေမှာ သတိတရလေး ရေခွက်ကိုစစ်ပေးပါ။ အကယ်လို့ တိလေးနဲ့အတူ အပြင်ကို လမ်းလျှောက်ပြီး ထွက်ကျောင်းတဲ့ အခါမှာလည်း၊ ပြင်ပက မသန့်ရှင်းတဲ့ရေတွေကို မသောက်မိရလေအောင် သူတို့အတွက် ရေကို စီစဉ်သယ်ဆောင်သွားနိုင်ပါတယ်။ 

အရိပ်ရပြီး လေဝင်လေထွက် ကောင်းမွန်ပါစေ

ခြံထဲမှာ တိလေးတွေ ရှိနေတဲ့အချိန်မှာလည်း နေရောင်နဲ့ တိုက်ရိုက်မထိတွေ့အောင် အရိပ်လေးတွေ ဖန်တီးထားပေးပါ။ အကယ်လို့ ကိုယ့်တိလေးက အပြင်မှာထွက်နေရတာ ကြိုက်တယ်ဆို အမိုးအကာ တစ်ခုခု၊ တိလေးတွေအတွက် ထီးလေးတွေဖြစ်ဖြစ် ပြင်ဆင်ထားပြီး လောင်မြိုက်နေတဲ့ နေ‌ရောင်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ အိမ်ထဲမှာဆိုရင်တော့ လေဝင်လေထွက်ကောင်းဖို့က အဓိကကျပါတယ်။ ပန်ကာ၊ လေအေးစက်၊ အဲယားကွန်းစသည်ဖြင့် အဆင်ပြေရာကို ဖွင့်ထားပြီး သူတို့အတွက် သက်တောင့်သက်သာနေနိုင်မယ့် အခန်းအပူချိန်ဖြစ်အောင် ချိန်ညှိထားသင့်ပါတယ်နော်။

ပူလွန်းတဲ့ မျက်နှာပြင်တွေကိုရှောင်ရှားပါ

နွေရာသီဖြစ်တာနဲ့အညီ လူသွားလမ်း၊ ပလက်ဖောင်းနဲ့ သဲပြင်တောင်မှ ခြစ်ခြစ်တောက်ပူနေနိုင်ပါတယ်။ ဘယ်လိုအပူရှိန်မျိုးပဲဖြစ်ဖြစ် တိလေးတွေရဲ့ နူးညံ့တဲ့ဖဝါးလေးတွေကို အပူလောင်စေနိုင်တာကို သတိပြုသင့်ပါတယ်နော်။ အပြင်ထွက်ကျောင်းချင်တယ်ဆိုရင် မနက်စောစော ဒါမှမဟုတ် ညနေစောင်း နေကျသွားမှ သွားသင့်ပါတယ်။ လမ်းမျက်နှာပြင်လည်း အေးမြပြီး မြက်ခင်းရှိတဲ့ နေရာတွေကို ဦးတည်လို့ လမ်းလျှောက်ထွက်ပေးပါ။ ဖိနပ်မစီးထားတဲ့ မိမိခြေထောက်အတွက် ပူလွန်းတယ်ဆို အဲဒီမျက်နှာပြင်ဟာ တိလေးတွေရဲ့ ဖဝါးလေးတွေအတွက်လည်း သေချာပေါက် ပူလွန်းနေမှာ ဖြစ်ပါတယ်။ 

အမွှေးဖီးသင်သန့်စင်ခြင်း

ပုံမှန် ‌ရေချိုးသန့်စင်ပေးတာက သင့်တိလေးရဲ့ အမွှေးလေးတွေကို ကြည့်ကောင်းစေရုံသာမကပဲ အပူချိန်ကို ပုံမှန်လည်ပတ်အောင်လည်း ကူညီပေးနိုင်ပါတယ်။ အမွှေးတွေကြည့်ရတာ ပူမှာပဲဆိုပြီး ရိတ်ပစ်ဖို့စဉ်းစားနေတယ် ဆိုရင်တော့ သတိပြုသင့်ပါတယ်။ အကြောင်းကတော့ ဒီအမွှေးလေးတွေက သူတို့အရေပြားနဲ့ နေရောင်ခြည် တိုက်ရိုက်မထိအောင် ကာကွယ်ပေးထားတဲ့ သဘာ၀အကာအကွယ်လေးတွေလည်း ဖြစ်လို့ပါနော်။ ဖြစ်နိုင်ရင်တော့ မိမိအချစ်တော် တိလေးရဲ့ အမျိုးအစားနဲ့ အမွှေးပေါ်မူတည်ပြီး ဘယ်လိုမျိုးထားသင့်တယ်ဆိုတာကို ပြနေကျတိရိစ္ဆာန်ဆရာ၀န်နဲ့ တိုင်ပင်ဖို့ အကြံပြုပါရစေ။

တိလေးတွေကို ကားထဲမှာမထားခဲ့ပါနဲ့ 

ကားထဲကအပူချိန်ဟာ နွေရာသီမှာဆိုရင် အပူချိန်သိပ်မမြင့်တဲ့ နေ့တွေမှာတောင် အလျင်အမြန် တစ်ဟုန်ထိုးမြင့်တက်နိုင်ပါတယ်။ ပါကင်မှာရပ်ထားတဲ့ ကားထဲမှာ တိလေးတွေကို ထားခဲ့သူတွေအတွက် အထူးသိပြုသင့်တဲ့ အချက်ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကားတွင်းအပူချိန်ဟာ အပြင်ထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်နိုင်တဲ့အတွက် ပြတင်းပေါက်လေး အနည်းငယ် ဟပေခဲ့တယ်ဆိုပါစေဦး၊ တိလေးအတွက် အသက်ဆုံးရှုံးတဲ့အထိ သက်ရောက်မှုကြီးမားသွားနိုင်ပါတယ်။ ခဏတစ်ဖြုတ် စျေးဝယ်တာပဲဖြစ်ဖြစ်၊ အရေးကြီးအလုပ်ကိစ္စ ရှိတာပဲဖြစ်ဖြစ် ဘာအကြောင်းကိစ္စအတွက်မဆို တိလေးတွေကို ကားထဲချန်ထားခဲ့တာကိုတော့ ရှောင်ကြဉ်သင့်ပါတယ်နော်။ အေးချမ်းပြီး သက်တောင့်သက်သာဖြစ်တဲ့ အိမ်မှာပဲထားခဲ့တာက တိလေးတွေအတွက် အကောင်းဆုံးပဲ ဖြစ်ပါတယ်။ 

အထက်ပါအချက်လေးကို အနည်းငယ်ပို သတိလေးထားပြီး ဂရုစိုက်ပေးလိုက်တာနဲ့ အားလုံးရဲ့ အသည်းကျော် တိလေးတွေအတွက် ပူပြင်းတဲ့နွေရာသီကို အေးအေးချမ်းချမ်း ဘေးမသမ်းပဲ ဖြတ်သန်းနိုင်စေမှာပါနော်။ အသည်းနှလုံးထဲက အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် ဖြူစင်တဲ့ ချစ်မေတ္တာနဲ့ ဂရုစိုက်မှုတွေနဲ့အတူ အေးချမ်းသာယာတဲ့ နွေရာသီအမှတ်တရလေးတွေကို ဖန်တီးနိုင်ကြပါစေ။ 


Share

Comments

Related Posts