တိလေးတို့အတွက် ကွန်းခိုရာ

Posted in အိမ်မွေးတိရစ္ဆာန်


တိချစ်သူလေးတို့ရေ။ 

အခုတစ်ခေါက်တော့ တော့ တိချစ်သူအားလုံးရဲ့ နှလုံးသားကို နက်နက်ရှိုင်းရှိုင်းထိခိုက်စေတဲ့ အကြောင်းအရာလေးကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အဲဒါကတော့ မြင်တွေ့ဖို့ မခက်ခဲလှတဲ့ အိမ်မွေးတိရစ္ဆာန် စွန့်ပစ်ခံရမှု ပြဿနာပဲ ဖြစ်ပါတယ်။ ဒီပြဿနာဟာ နေရာအနှံ့အပြားမှာ ဖြစ်ပွားနေပြီး တိလေးတွေအတွက် ပေးဆပ်ရမှုတွေကြီးမားလှတဲ့ ပြဿနာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ တိချစ်သူများအနေနဲ့ တိစွန့်ပစ်ခံရမှုတွေ ဖြစ်ပွားရတဲ့ အခြေခံအကြောင်းရင်းတွေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းနိုင်မလဲဆိုတာကိုပါ ပိုမိုသိရှိနိုင်ဖို့ ဒီဆောင်းပါးလေးမှာ လေ့လာကြည့်ရအောင်နော်။

တိလေးတွေရဲ့ ဒုက္ခကို စာနာနားလည်ပါ

အိမ်မွေးတိရစ္ဆာန်လေးတွေမှာ ဘာအပြစ်ရှိလို့များ လမ်းမပေါ်မှာ  စွန့်ပစ်ထားခဲ့တာလဲလို့ တွေးမိဖူးကြလား။ ဒီလိုသူတို့လေးတွေ စွန့်ပစ်ခံရတဲ့အကြောင်းအရင်းတွေက တကယ်တော့အများကြီးကို ရှိပါတယ်။ မထင်မှတ်ထားတဲ့ ဘဝအပြောင်းအလဲတွေကစပြီး အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်းဟာ ဘယ်လောက် စိတ်ရောကိုယ်ပါ ရင်းနှီးမြှုပ်နှံရတယ်ဆိုတဲ့ အချက်ကို အပြည့်အ၀နားမလည်ခြင်းအထိ ပါဝင်ပါတယ်။  ဒါပေမဲ့ တကယ်တမ်းပြောရရင် တိလေးတွေက သခင်တွေအပေါ်ပဲ အလုံးစုံ မှီတွယ်နေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါကြောင့် သူတို့ကို တစ်ကောင်တည်း ပစ်ထားတဲ့ အချိန်တိုင်းဟာ  ကိုယ်တစ်ယောက်တည်းပျော်ရွှင်ဖို့ သူတို့ဆီက အရာအားလုံးကို လုယူပစ်လိုက်တာနဲ့ တူပါတယ်နော်။ 

တာဝန်သိသော အိမ်မွေးတိရစ္ဆာန် ပိုင်ရှင်တစ်ဦး ဖြစ်ပါစေ

အိမ်မှာ တိလေးတစ်ကောင် မွေးတယ်ဆိုတာ အမြဲပွေ့ဖက်ယုယပြီး ပျော်ရွှင်စရာ ဆော့ကစားချိန်တွေနဲ့ပဲ ပြည့်နှက်နေတာတော့ မဟုတ်ပါဘူး။ ရေရှည်အတွက် အချိန်ပေးဂရုစိုက်ပြီး မွေးမြူရတာ ဖြစ်ပါတယ်။ ဒါကြောင့် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို တကယ်တာဝန်ယူနိုင်မှသာ မွေးမြူသင့်ပါတယ်။ အဆိုပါ တာဝန်တွေထဲမှာ သင့်လျော်တဲ့ စောင့်ရှောက်မှုကအစ သူတို့လေးတွေရဲ့ လိုအပ်ချက်ကို နားလည်ခြင်းအဆုံး ပါဝင်တာမို့လို့ တိလေးတို့ရဲ့ မိဘဖြစ်ရတာဟာ ခဏတာ အပန်းဖြေမှတ်တိုင်လေးမဟုတ်ဘဲ သူတို့ရဲ့ထာဝရနားခိုရာ အိမ်ဂေဟာလေးတစ်လုံးပဲ ဖြစ်သင့်ပါတယ်နော်။  

ကိုယ်ထူကိုယ်ထ တိရစ္ဆာန်ဂေဟာများကို ပံ့ပိုးခြင်း

ခိုကိုးရာမဲ့နေတဲ့ စွန့်ပစ်ခံတိရစ္ဆာန်လေးတွေ၊ ဒဏ်ရာရနေတဲ့ တိလေးတွေနဲ့ အစာရေဆာ ငတ်မွန်နေတဲ့ ကလေးတွေအတွက်တော့ တိရစ္ဆာန်ဂေဟာလေးတွေဟာ ကွန်းခိုရာဗိမာန်လေးတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကလေးတွေအားလုံးတော့ ကံကောင်းကြတာမဟုတ်ပါဘူး။ ကူညီရမယ့် တိလေးတွေရဲ့ အရေအတွက်က များပြားလွန်းလှသလို ဂေဟာအရေအတွက်၊ လည်ပတ်ဖို့ ကုန်ကျစားရိတ်နဲ့ အခြားလိုအပ်ချက်တွေက များပြားလွန်းလှပါတယ်။ ဒါကြောင့် တိချစ်သူတစ်ယောက်အနေနဲ့ သင့်ရဲ့ မွေးနေ့သို့ အခြားအထိမ်းအမှတ်ပွဲလေးတွေ ရှိလို့ အလှူလုပ်ချင်တယ်ဆိုရင် ကိုယ်ထူကိုယ်ထ ထူထောင်ထားကြတဲ့ လေလွင့်တိဂေဟာလေးတွေဟာ မွန်မြတ်တဲ့ရွေးချယ်စရာပဲ ဖြစ်ပါတယ်နော်။ 

အကူအညီလိုနေတဲ့ တိလေးများကို မိသားစုဝင်အဖြစ် မွေးစားခြင်း 

အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင် မွေးမြူဖို့ ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ အရင်ဆုံးစဉ်းစားရမှာက မိမိစိတ်ကြိုက် မျိုးစိတ်လေးကို အသေအချာ ရွေးချယ်ဝယ်ယူမလား၊ မွေးစားမလားဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ မိမိစိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်သလို အချို့ကလည်း ပိုလျှံနေတဲ့၊ အကူအညီလိုအပ်နေတဲ့ တိလေးတွေကို မွေးစားဖို့ ရွေးချယ်တတ်ကြပါတယ်။ ဒီလိုဆိုရင်တော့ သူတို့လေးတွေအတွက် လှပတဲ့ ဇာတ်သိမ်းခန်းလေးတစ်ခုကို ဖန်တီးပေးလိုက်တာနဲ့ အတူတူပဲပေါ့။ ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာက တိလေးတွေဟာ သူတို့ကို မွေးမြူမယ့် သခင်ကို မျှော်လင့်နေတာကို အချို့ အွန်လိုင်းဗီဒီယိုလေးတွေမှာ တွေ့ဖူးကြမှာပေါ့။ မွေးမြူခံလိုက်ရခြင်းဟာ သူတို့အတွက်တော့ နေစရာအိမ်တစ်ခု ရှိသွားရုံတင်မဟုတ်ဘဲ မိသားစုဝင်တစ်ဦးအဖြစ် မေတ္တာနှောင်ကြိုးနဲ့ ချည်နှောင်လိုက်ခြင်းပဲ ဖြစ်ပါတယ်နော်။ 

တိရစ္ဆာန်စောင့်ရှောက်ရေး ဂေဟာများသို့ ဆက်သွယ်ခြင်း

မြန်မာနိုင်ငံမှာ တစ်နိုင်တစ်ပိုင် တိရစ္ဆာန်စောင့်ရှောက်ရေး ဂေဟာလေးတွေ အတော်များများ ရှိပါတယ်။ ခွေးဂေဟာ၊ ကြောင်ဂေဟာ စသည်ဖြင့် ခွဲခြားထားတတ်သလို အများစုကတော့ ကူကယ်ရာမဲ့ဖြစ်နေတဲ့၊ ဒဏ်ရာရရှိနေတဲ့ တိလေးတွေကို ကုသကယ်တင်ပေးတတ်ကြပါတယ်။ မိမိတို့ လက်ခံနိုင်တဲ့ ပမာဏအလိုက် အကူအညီလိုအပ်နေတဲ့ တိလေးတွေကို ကယ်တင်ပေးနေသလို အချို့ကလည်း လစ်လပ်နေရာမရှိသေးရင် ထပ်မံလက်ခံဖို့ စောင့်ဆိုင်းရတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် စွန့်ပစ်ခံထားရတဲ့ တိလေးတွေကို တွေ့ရှိပြီး ကိုယ်တိုင်မွေးစားဖို့လည်း အဆင်မပြေဘူးဆိုရင် နီးစပ်ရာ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာ တစ်ခုခုကို ဆက်သွယ်မေးမြန်းတိုင်ပင် သင့်ပါတယ်နော်။ ဒီလို ဂေဟာလေးတွေကို Facebook ကနေ တစ်ဆင့်လည်း ရှာဖွေမေးမြန်းနိုင်ပါတယ်။ 

အခုလောက်ဆိုရင် အိမ်မွေးတိရစ္ဆာန်စွန့်ပစ်မှု ပြဿနာရဲ့ အရေးကြီးပုံကို အားလုံးပဲ ဂရုပြုမိလောက်ပြီ ထင်တယ်နော်။ အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ကြပေမယ့် တိလေးတွေအပေါ်  သက်ရောက်မှုကတော့ ဘ၀ချီပြီး ကြီးမားတဲ့အကျိုးဆက်တွေ ဖြစ်ပေါ်စေနိုင်တယ်လေ။ ဒါကြောင့် တာဝန်ယူမှုရှိတဲ့ မွေးမြူခြင်းဆိုတာ အပေါ်ယံချစ်ပြရုံမျှ မဟုတ်ဘဲ၊ တစ်သက်တာလုံးနှစ်မြှုပ်ပြီး အချိန်ပေးစောင့်ရှောက်ဖို့ ဆုံးဖြတ်ထားခြင်းကို ဆိုလိုကြောင်း နားလည်ဖို့ လိုပါတယ်နော်။ တိလေးတွေကို မိမိတို့ရဲ့ မိသားစုဝင်တစ်ဦးအဖြစ် သတ်မှတ်လို့ အသက်ထက်ဆုံး မခွဲတမ်းစောင့်ရှောက်ပြီး ပျော်ရွှင်စရာဇာတ်သိမ်းလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။ 


Share

Comments

Related Posts