အထင်မှားခံရတဲ့ ကြောင်နက်လေးများ

Posted in အိမ်မွေးတိရစ္ဆာန်, လေ့ကျင့်နည်းများ


ရုပ်ရှင်တွေ၊ ပုံပြင်တွေထဲမှာဆိုရင် စုန်းမကြီးတွေနားမှာ တွေ့ရတတ်တဲ့ ကြောင်နက်လေးတွေကို ကံမကောင်းဘူးလို့ သတ်မှတ်ခဲ့ကြတဲ့ အယူအဆတွေလည်း ရှိပါတယ်။ တကယ်တော့ ဒါက တိုက်ဆိုင်မှုသက်သက်ပဲဖြစ်ပြီး တကယ်တမ်းမှာတော့ ကြောင်နက်လေးတွေမှာ ထူးခြားပြီး ချစ်စရာကောင်းတဲ့ ဗီဇနဲ့ လက္ခဏာလေးတွေ ရှိကြပါတယ်။

မဟူရာအလှ

အနက်ရောင်ဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် လှပကျော့ရှင်းတဲ့ အရောင်ဖြစ်ပါတယ်။ ကြောင်လေးတွေမှာလည်း ဒီလိုပါပဲ။ သူတို့ရဲ့ အနက်ရောင်အမွေးလှလှတွေက နူးညံ့မှုနဲ့ပေါင်းစပ်လိုက်တဲ့အခါ ဖဲကတီပါလို ဖြစ်နေတတ်ပါတယ်။

သစ္စာရှင်လေးများ

သစ္စာရှိတဲ့နေရာမှာတော့ ခွေးလေးတွေက ပိုပြီးအမွှမ်းတင်ခံရပေမဲ့ ကြောင်နက်လေးတွေကိုလည်း ချန်ထားလို့တော့မရပါဘူး။ ကြောင်နက်လေးတွေဟာ မိသားစုတွေနဲ့ ပွေ့ဖက်ဆော့ကစားရတာကို နှစ်သက်သလို ဘယ်လောက်ပဲဝေးသွားပါစေ၊ အမြဲသတိရနေတတ်ပါတယ်တဲ့။ ဖုန်းထဲကနေ အသံကြားရင်တောင် “ညှောင်” လို့ လှမ်းပြီး နှုတ်ဆက်တတ်ကြပါတယ်။

လိုက်လျောညီထွေနေတတ်မှု

ကြောင်နက်လေးတွေဟာ နေရာအသစ်တစ်ခုကို ရောက်သွားရင်တောင် လွယ်လွယ်နဲ့ အသားကျသွားတတ်ပါတယ်တဲ့။ အဲဒါကတော့ သူတို့ရဲ့ လိုက်လျောညီထွေနေတတ်မှုကြောင့်ပါပဲ။ နေရာတင်မက လူအသစ်တွေ၊ တခြားအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့လည်း ခပ်မြန်မြန်ပဲ မိတ်ဆွေဖြစ်သွားတတ်ကြပါတယ်တဲ့။

ဉာဏ်ကြီးပြီး စပ်စုတတ်သူများ

အိမ်မှာ ကြောင်နက်လေးတွေ မွေးထားရင် ဒါကို သတိထားမိကြမယ်ထင်ပါတယ်။ ဘယ်သွားသွား နောက်က,လိုက်ပြီး အသစ်အသစ်တွေကို စပ်စုတတ်ကြတာ ကြောင်နက်လေးတွေရဲ့ ထူးခြားတဲ့ ဗီဇပါပဲ။ အဲဒီလိုစပ်စုသလောက် ဉာဏ်ရည်ကလည်း တခြားကြောင်လေးတွေထက် ပိုမြင့်တတ်ကြပါတယ်တဲ့။

အဆော့သန်ခြင်း

စပ်စုတာနဲ့ ဉာဏ်ကြီးတာရဲ့နောက်မှာ အဆော့သန်တာကလည်း ကပ်ပြီး ပါလာတတ်ကြပါတယ်။ အထူးသဖြင့် ဉာဏ်သုံးရတာမျိုးတွေဆိုရင် ပိုပြီးကြိုက်ကြပါတယ်တဲ့။ ဥပမာ မုန့်ဘူးလို နေရာကျဥ်းကျဥ်းတစ်ခုထဲက ပစ္စည်းတစ်ခုခု၊ မုန့်တစ်ခုခုကို နှိုက်ယူရတာမျိုးပေါ့။

ဒါတွေကတော့ ကြောင်နက်လေးတွေရဲ့ ထူးခြားပြီး ချစ်စရာကောင်းတဲ့ ဗီဇလက္ခဏာလေးတွေပဲဖြစ်ပါတယ်။ လှလည်းလှ၊ ချစ်စရာလည်းကောင်းပြီး သစ္စာရှိတဲ့ကြောင်လေးတွေ မွေးချင်ရင်တော့ ကြောင်နက်လေးတွေကိုသာ မွေးထားလိုက်ပါ။

ရုပ်ရှင်၊ ဇာတ်လမ်းတွေထဲမှာ နာမည်ကျော်တဲ့ ကြောင်နက်လေးတချို့ကိုပြောရမယ်ဆိုရင်တော့ Pinocchio ထဲက Figaro, KiKi’s Delivery Service ထဲက JiJi, စင်ဒရဲလားထဲက ကြောင်ကြီး Lucifer နဲ့ အော်စကာဆုရ Flow ရုပ်ရှင်ထဲက ကြောင်နက်လေးပါပဲ။


Share

Comments

Related Posts