ခရီးသွားတဲ့အခါ တိလေးတွေကို ထားခဲ့ရမယ်ဆိုရင်

Posted in အိမ်မွေးတိရစ္ဆာန်


အခုဆိုရင် ခရီးသွားရာသီလည်းဖြစ်သလို မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အပန်းဖြေခရီးထွက်ကြတဲ့ အချိန်ဆိုလည်း မမှားပါဘူး။ ဒီလို ခရီးထွက်တဲ့အခါ ကိုယ့်ရဲ့ အချစ်တော် တိလေးတွေကို ‌ခေါ်သွားဖို့ဆိုတာကလည်း အမြဲတမ်း အဆင်မပြေနိုင်ပါဘူး။ ထားခဲ့ဖို့ကျတော့လည်း နောက်ဆံတင်းနေရမှာစိုးတယ် ဆိုပြီး ခရီးမထွက်ဖြစ်ကြတဲ့သူတွေလည်း အများကြီးပါပဲ။

ဒီလိုမျိုး နောက်ဆံတင်းပြီး ခရီးမထွက်ဖြစ်တာလည်း မဖြစ်ရအောင်၊ ခရီးထွက်တဲ့ ကာလတစ်လျှောက်လည်း စိတ်ချချထားခဲ့နိုင်အောင် အစီအစဉ်ဆွဲပြီး သေချာပြင်ဆင်ထားခဲ့လို့ ရပါတယ်။ ဘယ်လိုပြင်ဆင်ရမလဲဆိုတာ ဆက်ပြီး ဖတ်ကြည့်ရအောင်နော်။

ဂရုတစိုက် ကြည့်ရှုစောင့်ရှောက်ပေးနိုင်မယ့်သူ ‌ရွေးချယ်ပါ

တိလေးတွေကို စောင့်ရှောက်ပေးမယ့်သူကတော့ အရေးအကြီးဆုံးပါပဲ။ ကြည့်ပေးမယ့်သူမရှိဘဲ မထားခဲ့သင့်ဘူးဆိုတာတော့ သိကြမယ်ထင်ပါတယ်။ အဲဒီလို ကြည့်ရှုစောင့်ရှောက်ပေးမယ့်သူ ဆိုတာကလည်း သာမန်ပဲ အိမ်နီးနားချင်းကို ပေးခဲ့တာမျိုးထက် ကိုယ့်ရဲ့ တိလေးနဲ့ အကျွမ်းတဝင်ရှိပြီးသားလူ ဒါမှမဟုတ် တိလေးတွေကို ဂရုတစိုက် ချစ်တတ်တဲ့သူဖြစ်ဖို့ လိုပါတယ်။ ဒါမှ ကိုယ်လည်း စိတ်‌ဖြောင့်ဖြောင့် သွားနိုင်မှာဖြစ်သလို တိလေးတွေအတွက်လည်း အဆင်ပြေမှာပါ။

နေ့စဉ်လုပ်ဆောင်နေကျ အချက်အလက်တွေ ထားခဲ့ပါ

တိလေးတွေရဲ့ နေ့စဉ် စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲသွားတာမျိုး မဖြစ်ရအောင် စားနေကျ အစားအသောက်တွေနဲ့ အချိန်ကို အစီအစဉ်တကျ ပေးထားခဲ့သင့်ပါတယ်။ လမ်းလျှောက်ထွက်တဲ့အချိန်၊ အပြင်ထွက် ဆော့ကစားတဲ့အချိန် စသဖြင့် သတ်သတ်မှတ်မှတ်ရှိတယ်ဆိုရင်လည်း ပြောပြထားခဲ့ပါ။ ဒါ့အပြင် တိလေးတွေနဲ့ ဓာတ်မတည့်တဲ့အရာတွေ၊ သူတို့ကြောက်တတ်တဲ့အရာတွေကလည်း သိထားဖို့ အရေးကြီးပါတယ်။

တိ‌‌လေးအတွက် လုပ်ပေးခဲ့ရမယ့် အရာများ

ပုံမှန်ရေချိုးတာ၊ သန့်ရှင်းရေးတာမျိုး လုပ်လေ့ရှိတယ်ဆိုရင် ကိုယ်တိုင် ခရီးမထွက်ခင် လုပ်ပေးခဲ့တာ ပိုကောင်းပါတယ်။ ဆေးခန်းပြတာ၊ ကာကွယ်ဆေးထိုးတာတွေကိုလည်း ခရီးထွက်တဲ့အချိန်နဲ့ တိုက်နေမယ်ဆိုရင် ကြိုလုပ်ပေးခဲ့ပါ။ နောက်ပြီး တိလေးကြိုက်တတ်တဲ့ အရုပ်လေးတွေ၊ နေရာထိုင်ခင်းလေးတွေကိုလည်း သေချာပြင်ဆင်ပေးထားခဲ့သင့်ပါတယ်။

ဆက်သွယ်ဖို့ အချက်အလက်ပါတဲ့ လည်ပတ် ပတ်ပေးပါ

စောင့်ရှောက်ပေးတဲ့သူရှိတယ်ဆိုရင်တောင် ကိုယ်တိုင်မဟုတ်တဲ့အတွက် အပြင်ထွက်ရင်း လွတ်သွားတာ၊ မျက်စိလည်သွားတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီအတွက် တိလေးကို လည်ပတ်လေး ပတ်ပေးပြီး လည်ပတ်မှာ ကိုယ့်ကို ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်၊ လိပ်စာ စသဖြင့် ထည့်ထားပေးသင့်ပါတယ်။

တိလေးကို စကားတွေအများကြီးနဲ့ မနှုတ်ဆက်ပါနဲ့

လူနဲ့အရမ်းရင်းနှီးတဲ့ တိလေးတွေအတွက် ဒီအချက်က အရေးကြီးပါတယ်။ တချို့က ခရီးထွက်ခါနီးဆိုရင် စကားတွေအများကြီးပြောပြီး နှုတ်ဆက်တတ်ပါတယ်။ အဲဒါက တိလေးတွေကို စိတ်လှုပ်ရှားမှု ပိုဖြစ်စေပြီး မလိုအပ်ဘဲ ထိခိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။ စောင့်ရှောက်ပေးမယ့်သူနဲ့ ကောင်းကောင်းနေခဲ့ဖို့မှာပြီး ဘယ်နှရက်နေရင် ပြန်လာမယ် ဆိုတာကိုပဲ မှာခဲ့ပါ။

ဒီအချက်တွေ ပြည့်စုံပြီဆိုရင်တော့ တိလေးကို စိတ်ချလက်ချထားခဲ့ပြီး ခရီးထွက်လို့ရပါပြီ။ ကြည့်ပေးမယ့်သူကို မကြာမကြာဖုန်းဆက်ပြီး အခြေအနေမေးဖို့တော့ မမေ့နဲ့နော်။


Share

Comments

Related Posts