အတူတူရှိတဲ့ အခိုက်အတန့်တိုင်းဟာ ပျော်ရွှင်စရာ

Posted in အိမ်မွေးတိရစ္ဆာန်


ဒီနေ့တော့ ပျော်ရွှင်မှုအကြောင်း ပြောကြရအောင်။ ရုံးဖွင့်ရက် မနက်ခင်းတစ်ခုမှာ မထချင်ဘဲ ထပြီး မှုန်ကုပ်ကုန်နဲ့ လမ်းလျှောက်နေတုန်းမှာ ကြောင်လေးတစ်ကောင်က ကိုယ့်ကို “ညှောင်”လို့ လာနှုတ်ဆက်တဲ့အခါ ရုတ်တရက် ပြုံးရယ်မိသွားတာမျိုး ကြုံဖူးကြလား? ဒါမှမဟုတ် တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်လာပြီး အိမ်ပြန်ရောက်တဲ့အခါ ပြေးပြီး လာကြိုတဲ့ ပါပီလေးကြောင့် စိတ်ညစ်တာတွေ ပျောက်သွားဖူးလား? ဒီနေ့ပြောမယ့် ပျော်ရွှင်မှုအကြောင်းက ကြီးကြီးမားမားဖြစ်ရပ်တွေ မဟုတ်ပါဘူး။ အဲဒီလို အခိုက်အတန့်လေးတွေပါပဲ။

“ပျော်ရွှင်မှုအစစ်အမှန်ကို ရှာတွေ့ချင်ရင် ကြောင်လေးတစ်ကောင်မွေးပါ” လို့ ကြောင်ချစ်သူတွေက ပြောလေ့ရှိကြပါတယ်။ ခွေးလေးတွေကို ပိုချစ်တတ်တဲ့သူတွေဆိုရင်တော့ ခွေးလေးတစ်ကောင်မွေးပါ လို့ ပြောကြမှာပေါ့။ တကယ်တော့ ခွေးလေး၊ ကြောင်လေးတွေမှ မဟုတ်ပါဘူး။ ကိုယ်နဲ့ အဆင်ပြေတဲ့ ဘယ်လိုတိ‌လေးတွေပဲဖြစ်ဖြစ်၊ ပျော်ရွှင်မှုအစစ်အမှန်ကို ရှာတွေ့စေတာချည်းပါပဲ။

အရှေ့မှာ ပြောခဲ့သလိုပါပဲ။ ပျော်ရွှင်မှုဆိုတာ ကြီးကြီးမားမားဖြစ်ရပ်တွေ၊ ပိုက်ဆံတွေ အမြောက်အများသုံးပြီးမှ ရတာတွေ မဟုတ်ပါဘူး။ တကယ့်ကို သေးငယ်တဲ့ အခိုက်အတန့်လေးတွေပါ။ ကိုယ့်ကို ခေါင်းလေးစောင်းပြီး “ဘာတွေလုပ်နေတာလဲ” ဆိုတဲ့သဘောနဲ့ ကြည့်နေတဲ့ ကြောင်ကလေးတစ်ကောင်က ပျော်ရွှင်စရာဖြစ်သလို လမ်းလျှောက်ထွက်ဖို့ လာခေါ်နေတဲ့ ပါပီလေးတစ်ကောင်ကလည်း ပျော်ရွှင်စရာပါပဲ။ ယုတ်စွအဆုံး ဘာမှမလုပ်ဘဲ ထိုင်နေတဲ့အချိန် ကိုယ့်ပေါင်ပေါ်မှာဖြစ်ဖြစ်၊ ဘေးနားမှာဖြစ်ဖြစ် လာဝပ်နေတဲ့ တိလေးတစ်ကောင်ရှိနေတယ် ဆိုတာက အောင်မြင်မှုကြီးတစ်ခုရလိုက်တာထက် ပျော်စရာကောင်းနေတတ်ပါတယ်။

ပျော်ရွှင်မှုဆိုတာ ဒီလိုမျိုး အခိုက်အတန့်သေးသေးလေးတွေမှာ ရှိနေတတ်တာမျိုးပါ။ တစ်ခါတလေမှာတော့ ဒီအခိုက်အတန့်လေးတွေကို သတိမထားမိဘဲ ရှိနေတတ်သလို ဘာရယ်မဟုတ်ဘဲ ကျော်သွားတတ်ကြပါတယ်။ ဒါမှမဟုတ်ရင်လည်း ဖုန်းကိုပဲ အာရုံစိုက်မိနေတာမျိုး၊ တခြားကိုပဲ စိတ်က ရောက်နေတာမျိုးကြောင့် သတိမမူမိကြတာလည်း ဖြစ်နိုင်ပါတယ်။

“ဘဝကြီးက ပျော်စရာမကောင်းပါဘူးကွာ” လို့ တွေးမိနေတယ်၊ ပြောမိနေတယ်ဆိုရင် ဒီလို အခိုက်အတန့်လေးတွေ မရှိသေးလို့လား၊ ဒါမှမဟုတ် ရှိရက်နဲ့ သတိမထားမိလို့လား ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်စဥ်းစားကြည့်ပါ။ မရှိသေးလို့ ဆိုရင်တော့ တိချစ်သူတွေပြောသလိုပဲ ပျော်ရွှင်မှုအစစ်အမှန်ကိုရှာတွေ့ဖို့ တိလေးတွေ မွေးကြည့်ပါ။ သတိမထားမိလို့ဆိုရင်တော့ တခြားအာရုံတွေကို လွှတ်ချပြီး တိလေးတွေနဲ့ အတူရှိတဲ့အချိန်မှာ အခိုက်အတန့်လေးတွေကို ခံစားကြည့်ပါ။

ဒီအခိုက်အတန့်လေးတွေဟာ သေးငယ်ပါတယ်။ ဒါပေမဲ့ ပျော်ရွှင်မှုကတော့ ပြောမပြနိုင်အောင် ကြီးကျယ်ပါလိမ့်မယ်။ မှတ်ဉာဏ်တွေထဲမှာတင်မက ဓာတ်ပုံလေးတွေ၊ ဗီဒီယိုလေးတွေမှာလည်း ဒီအခိုက်အတန့်လေးတွေကို သိမ်းထားပါ။ ဒါဆိုရင်တော့ ပျော်ရွှင်မှုဆိုတာ အမြဲတမ်း ကိုယ့်ရဲ့လက်တစ်ကမ်းမှာရှိနေပါလိမ့်မယ်။


Share

Comments

Related Posts