အိမ်မွေးတိရစ္ဆာန်လေးတွေဆီက ပြန်လည်အတုယူ‌နိုင်မယ့် ဘ၀တန်ဖိုးများ

Posted in အိမ်မွေးတိရစ္ဆာန်

တိရစ္ဆာန်လေးတစ်ကောင် မွေးမြူပိုင်ဆိုင်တယ် ဆိုတာဟာ မိမိဘေးနားမှာ အမွေးထူထူအဖော်လေးတစ်ကောင် ရရှိတာထက်တော့ ပိုမိုပါတယ်။ သူတို့လေးတွေဟာ သက်ရှိအဖော်လေးတွေ အဖြစ်သာမက မိမိကိုယ်ကိုယ် ပြန်လည်ရှာဖွေဖို့နဲ့ ဘ၀သင်ခန်းစာတွေ ရယူနိုင်စရာ ရှင်သန်မှုလေးတွေလည်း ဖြစ်နိုင်တာပေါ့။ ဒီသူတိုဆီက ရနိုင်မယ့် သင်ခန်းစာတွေဟာ နေ့စဉ်အပြင်ထွက်ပြီး ထိန်းကျောင်းပေးတာ၊ အစာကျွေးပေးတာ ထက်ကိုကျော်လွန်ပြီး လူသားတစ်ယောက်ရဲ့ ဘ၀ကို ပုံဖော်ပေးမယ့် နားလည်မှုတွေကိုပါ ပေးစွမ်းနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မိမိဘေးနားမှာ အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင် ရှိခြင်းရ ရရှိမယ့် တန်ဖိုးမဖြတ်နိုင်တဲ့ ဘ၀သင်ခန်းစာတွေနဲ့အတူ အခြားသက်ရှိတစ်ဦးကို စောင့်ရှောက်ခြင်းက ရရှိတဲ့ အတွေ့အကြုံတွေနဲ့ မိမိကိုယ်ကိုယ် တိုးတက်အောင်လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတစ်ချို့ကိုပါ ဝေမျှပေးပါရစေ။ 

အကြွင်းမဲ့ ချစ်ခြင်းမေတ္တာ

တိရစ္ဆာန်လေးတွေရဲ့ အချစ်ဟာ အသွားအပြန်နဲ့ အပေးအယူတွေ မရှိတဲ့ အကြွင်းမဲ့အချစ်ပဲ ဖြစ်ပါတယ်။ အကောင်းဆုံးနေ့ကို ဖြတ်သန်းခဲ့တာဖြစ်ဖြစ်၊ ခက်ခဲကြမ်းတမ်းတဲ့နေ့ကို ကျော်လွန်ခဲ့ရသည်ဖြစ်ဖြစ် သင့်ကိုစောင့်ကြိုနေတဲ့ တိလေးတွေကတော့ တူညီသော နှလုံးသားနဲ့ အမြဲလိုလိုစိတ်အားထက်သန်နေဆဲပဲ ဖြစ်ပါတယ်။ ဒါကြောင့် တိလေးတစ်ကောင်မွေးထားခြင်းက ကြွင်းမဲ့ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲဆိုတာကို သင်ပြပေးနိုင်ပါတယ်။ သူတို့လေးတွေဟာ သင့်ကို ဝေဖန်အကဲဖြတ်တာ၊ မနာလိုရန်ညှိုးထားတာမျိုးတွေ မရှိပါဘူး။ သင်ဟာ သူတို့ဘဝရဲ့ ဗဟိုချက်ဖြစ်ပြီး သက်တောင့်သက်သာအဖြစ်ဆုံးအဖော်လို့ သူတို့က သဘောထားလို့ ဖြစ်ပါတယ်။ ဒါဟာ နှောင်ကြိုးမရှိတဲ့ ချစ်ခြင်းနဲ့ တစ်စုံတစ်ယောက်ကို အရှိတိုင်းလက်ခံပေးခြင်း၊ တန်ဖိုးထားပေးခြင်းစတဲ့ သင်ခန်းစာကို ရရှိနိုင်ပါတယ်။ စဉ်းစားကြည့်မယ်ဆို၊ တပင်တပန်း အလုပ်ကပြန်လာပြီး လက်ညှိုးလေးတောင် မလှုပ်နိုင်ပဲ အားအင်ကုန်ခမ်းသွားချိန်မှာ အနားကပ်လာတဲ့ ခွေးလေးရဲ့ ကမူးရှူးထိုး အနမ်းတွေကလည်း သင့်စိတ်ကို ခဏတွင်းချင်း ကြည်လင်လန်းဆန်းသွားစေမှာ သေချာပါတယ်။ 

စိတ်ရှည်ခြင်းနဲ့ လက်ခံပေးနိုင်ခြင်း 

လူတွေလိုပဲ တိလေးတွေဟာလည်း သူတို့ရဲ့ ကိုယ်ပိုင်စရိုက်လေးတွေ ရှိတတ်ကြပါတယ်။ စားပွဲပေါ်က ပစ္စည်းတွေကို အကုန်ပြုတ်ကျအောင်လုပ်တတ်တဲ့ ကြောင်ကလေးတွေ၊ လမ်းလျှောက်ထွက်ရင် အိမ်မပြန်ချင်လို့ ဟိုနမ်းဒီနမ်း အချိန်ဆွဲတတ်တဲ့ ပါပီလေးတွေကို အမြဲရှိတာကြောင့် သူတို့ကို စိတ်ရှည်ရှည်နဲ့ အလိုလိုက် အကြိုက်ဆောင်ပေးဖို့ ကြိုးစားသင့်ပါတယ်။ သူတို့တစ်ကောင်ခြင်းစီရဲ့ အကျင့်လေးတွေကို နားလည်လက်ခံပြီး တန်ဖိုးထားတတ်လာတဲ့အခါ မိမိမသိလိုက်ခင်မှာပဲ သည်းခံနိုင်စွမ်းနဲ့ နားလည်နိုင်စွမ်းတွေ ပိုမိုမြင့်မားလာတာကို တွေ့ရမှာဖြစ်ပါတယ်နော်။ ဒီပြောင်းလဲတိုးတက်မှုဟာ တိလေးတွေ အတွက်တင်မကပဲ သင့်ပတ်ဝန်းကျင်က လူသားအချင်းချင်းမှာပါ အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ဥပမာ၊ အာရုံစိုက်ပြီး အလုပ်လုပ်နေတဲ့အချိန်မှာ ကြံကြံဖန်ဖန် ကီးဘုတ်ပေါ်တက်လာအိပ်တဲ့ ကြောင်လေးတွေကို စိတ်မတိုနိုင်ပဲ ရယ်ချင်နေတာမျိုး‌ပေါ့။ ဘဝမှာ တချို့သော အနှောင့်အယှက်တွေကလည်း ကိုယ့်အတွက် မေ့မရတဲ့အချိန်လေးတစ်ခု ဖြစ်လာနိုင်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။  

ခွင့်လွှတ်ခြင်းနဲ့ ခွင့်ပြုခြင်း 

အိမ်မွေးတိရစ္ဆာန်လေးတွေဟာ ပစ္စုပ္ပန်မှာပဲ နေထိုင်တတ်တဲ့ သတ္တဝါလေးတွေ ဖြစ်လို့ သူတို့အနေနဲ့ ခွင့်လွှတ်ဖို့နဲပ ခွင့်ပြုဖို့ဆိုတာ မြန်ဆန်လွယ်ကူပါတယ်။ သူတို့အမြှီးပေါ် မတော်တဆ တက်နင်းမိတာ၊ အစာကိုမေ့ပြီး မကျွေးမိတာ၊ ဒါမျိုးလေးတွေဟာ တိလေးတွေဆီကနေ ခွင့်လွှတ်ခြင်းအနုပညာကို သင်ယူဖို့ အကောင်းဆုံးဥပမာလေးတွေပေါ့။ ဒီလိုအမှတ်အတေးမထားပဲ ပစ္စုပန်ကို အာရုံစိုက်နိုင်ခြင်းကလည်း လူတွေအခုထိ လုပ်နိုင်ဖို့ခက်ခဲနေသေးတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ မိမိမွေးမြူထားတဲ့ ယုန်လေးက အားသွင်းကြိုးတွေ၊ အကြိုက်ဆုံးဖိနပ်တွေပါမချန် အကုန်ကိုက်ပစ်တယ်ပဲထား၊ ပထမတော့ စိတ်တိုနိုင်ပါတယ်။ ဒါတောင် သူတို့ရဲ့နောင်တရတဲ့အကြည့်လေးတွေကိုမြင်ရင် ကိုယ်တောင်မသိပဲ ခွင့်လွှတ်ပြီးသားဖြစ်နေတတ်ပါတယ်နော်။ ဘာကြောင့်လဲဆိုတော့ သူတို့ဒီလိုလုပ်တာဟာ သင့်ကို ထိခိုက်စေလိုတဲ့ သဘောထားနဲ့ မဟုတ်မှန်း သိတဲ့အတွက်ပေါ့။ ဒါကိုကြည့်ရင် အရာအားလုံးကို မကျေမနပ်မဖြစ်ပဲ စိတ်ရဲ့ အေးချမ်းလွတ်မြောက်မှုကို ရှာတွေ့နိုင်ပါလိမ့်မယ်။

ပေးဆပ်မြှုပ်နှံခြင်းနှင့် တာဝန်၀တ္တရားများ

တိတစ်ကောင်မွေးတာဟာ ရေရှည် ပေးဆပ်မြှုပ်နှံထားရပြီး သူနောက်ကလိုက်လာတဲ့ တာဝန်ယူမှုတွေလည်း အများကြီးလိုအပ်တယ်ဆိုတာ အားလုံးအသိပါနော်။ ဆေးခန်းကို ပုံမှန်သွားပြရတာကစလို့ လိုအပ်တဲ့ အာဟာရနဲ့ လှုပ်ရှားမှုတွေ ပြည့်စုံရဲ့လားဆိုတာကို အမြဲတမ်း အချိန်ပေးဂရုပြုဖို့ လိုအပ်တာပေါ့။ ဒါကြောင့် တိရစ္တာန်မွေးမြူမယ်ဆိုရင် အခြားသော ဘ၀ဖြစ်တည်မှုတစ်ခုအတွက် တာဝန်ယူတာဝန်ခံရခြင်းတွေကို သင်ယူတတ်မြောက်စေပါတော့တယ်။ ဟမ်းစတာလေးတစ်ကောင်ဖြစ်နေရင်တောင် သင့်အပေါ် အလုံးစုံမှီခိုထားရတာဖြစ်တဲ့အတွက် သူလိုအပ်တဲ့ သန့်ရှင်းပြီး နေလို့ကောင်းတဲ့ ပတ်ဝန်းကျင်ဖြစ်နေအောင် ဖန်တီးပြင်ဆင်ပေးရပါတယ်။ ဒီအချိန်မှာတော့ သင့်ရဲ့ အချိန်ပေးစောင့်ရှောက်နိုင်မှုဟာ ဘယ်လောက်အရေးပါတယ်ဆိုတာ ကိုယ်တိုင်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ဒီလိုတာဝန်ယူထားခြင်းဟာ ထိရောက်အရေးပါပြီး အဓိပ္ပာယ်ရှိတဲ့ လုပ်ရပ်တစ်ခုလို့ ခံစားရစေပါတယ်။ မိမိမှတစ်ပါး အခြားသော သက်ရှိဘဝတစ်ခုကို ဂရုတစိုက်ကျွေးမွေးထားခြင်းရဲ့ ဆုလာဘ်တခုလို့လည်း ပြောလို့ရပါတယ်။

ကိုယ်ချင်းစာတရားနှင့် ကြင်နာမှု

ကိုယ့်တိလေးတွေရဲ့ လိုအပ်ချက်တွေနဲ့ ခံစားချက်တွေကို နားလည်အောင် ကြိုးစားရင်း ကိုယ်ချင်းစာတရားနဲ့ ကြင်နာမှုတို့ရဲ့ အဓိပ္ပာယ်ကို ပိုမိုခံစားသိရှိနိုင်စေပါတယ်။ တိလေးတွေဟာ စကားနဲ့မပြောရင်တောင် သူတို့ရဲ့ ကိုယ်ဟန်အမူအရာနဲ့ အပြုအမူကနေ ဆက်သွယ်တတ်ကြပါတယ်။ သူတို့ပေးတဲ့ သဲလွန်စတွေကို အဓိပ္ပာယ်ဖော်ဖို့ သင်ယူရင်းကနေ သင်ကိုယ်တိုင်လည်းတစ်ခြားသောသူတွေနဲ့ ဆက်သွယ်နိုင်စွမ်း ပိုမိုကောင်းမွန်လာပြီး သူတို့နေရာက ဝင်ခံစားပေးတတ်တဲ့ ကိုယ်ချင်းစာတရားတွေ ပိုမိုတိုးပွားလာစေပါတယ်။ ဥပမာအားဖြင့် အသက်ကြီးနေပြီဖြစ်တဲ့ ပါပီကြီးက နှေးကွေးလာတဲ့အခါ ကိုယ်လည်းသူတို့ လိုအပ်ချက်အတိုင်း လုပ်ငန်းဆောင်တာတွေကိုဖြေးဖြေးနှေးနှေး လုပ်ကိုင်ဖို့ ချိန်ညှိပေးရတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီလို လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရင်း မိမိရဲ့ကြင်နာမှုဟာ ပိုမိုနက်ရှိုင်းလာပြီး ပတ်ဝန်းကျင်မှာက ချစ်ရသူတွေရဲ့ လိုအပ်ချက်ကို ချိန်ညှိနေထိုင် ပေးလာနိုင်မှာဖြစ်ပါတယ်။ ဒါဟာ ဘ၀ရဲ့ အရေးကြီးတဲ့သင်ခန်းစာတစ်ခုဆိုရင်လည်း မမှားပါဘူး။ 

ဒီလောက်ဆိုရင် အိမ်မွေးတိရစ္ဆာန်လေးတွေဟာ တန်ဖိုးကြီးမားတဲ့ ဘ၀သင်ခန်းစာတွေကို ပေးစွမ်းနိုင်စွမ်းရှိတယ်ဆိုတာ အားလုံးသိရှိကြလောက်ပြီ ထင်ပါတယ်နော်။ တကယ်တော့ တိလေးတွေဟာ ဖတ်စာအုပ်တွေကနေ မသင်ပေးနိုင်တဲ့ အနှစ်သာရတွေကို သင်ကြားပေးနိုင်တဲ့ အသံတိတ်ဆရာသမားလေးတွေလို့ တင်စားရင်လည်း မမှားပါဘူး။ တိလေးတစ်ကောင် ရှိနေခြင်းဟာ တာဝန်ယူမှုတစ်ခုထက်ကိုပိုတဲ့ မိမိကိုယ်ကိုယ်ရှာဖွေရာ ဘ၀ခရီးလမ်းကို လျှောက်လှမ်းခြင်းလည်း ဖြစ်တယ်လို့ ဆိုလိုက်ချင်ပါတယ်။


Share

Comments

Related Posts