
မကြာခင်မှာဆိုရင် ခရစ္စမတ်ကာလကို ရောက်တော့မှာဆိုတော့ ခရစ္စမတ်အငွေ့အသက်ရစေမယ့် အပြင်အဆင်လေးတွေကို နေရာတိုင်းမှာ စပြီး မြင်နေရပါပြီ။ ဒီလိုအငွေ့အသက်မျိုး ကိုယ့်အိပ်ခန်းလေးထဲမှာ ရှိနေရင်ရော မကောင်းဘူးလားနော်။ ဒီအတွက် ကိုယ့်အိပ်ခန်းကို ဘယ်လိုလေး အလှဆင်ကြရင်ကောင်းမလဲဆိုတာ ပြောကြည့်ရအောင်။
အရောင်ရွေးချယ်ခြင်း
ပထမဆုံးအနေနဲ့ဆိုရင်တော့ အရောင်ရွေးရမှာပေါ့။ ခရစ္စမတ်ကို ထင်ဟပ်စေတဲ့ အရောင်တွေထဲမှာဆိုရင် အနီရောင်နဲ့ အစိမ်းရောင်ကတော့ အသုံးအများဆုံးဖြစ်ပါတယ်။ နောက်ထပ် ရွှေရောင်နဲ့ အဖြူရောင်ကို ထပ်ဖြည့်လို့ရသလို ဆောင်းအငွေ့အသက်ကို ဦးစားပေးချင်တယ်ဆိုရင်တော့ အပြာရောင်လေးတွေ သုံးလို့ရပါတယ်။ ဒီအရောင်အားလုံးကိုတော့ တပြိုင်တည်းမသုံးပါနဲ့။
ခရစ္စမတ်သစ်ပင်
ခရစ္စမတ်ရဲ့ အထင်ရှားဆုံးနဲ့ အဓိကအကျဆုံး ပြယုဂ်တစ်ခုကတော့ ခရစ္စမတ်သစ်ပင်ပါပဲ။ ကိုယ့်အခန်းအရွယ်အစားအလိုက် ခရစ္စမတ်သစ်ပင်အကြီး၊ အသေးကို ရွေးချယ်ပြီး မီးလုံးလေးတွေ၊ တန်ဆာလေးတွေ ဆင်လိုက်မယ်ဆိုရင်တောင် ခရစ္စမတ်အငွေ့အသက်လေး ရနေပါပြီ။
နံရံအလှဆင်ခြင်း
နံရံမှာဆိုရင်တော့ အလှဆင်စရာ အမျိုးမျိုးရှိပါတယ်။ ခရစ္စမတ်နဲ့ပတ်သက်တဲ့ စတစ်ကာလေးတွေ၊ ခရစ္စမတ်ပန်းကုံးလေးတွေ၊ မီးလုံးလေးတွေ စသဖြင့်ပေါ့။ အကြံပြုရမယ်ဆိုရင်တော့ နံရံမှာ LED မီးဝါဝါလေးတွေကို ပုံဖော်ပြီးတော့ပဲဖြစ်ဖြစ်၊ အတန်းလိုက်ပဲဖြစ်ဖြစ် ဆင်လိုက်ပြီး စတစ်ကာလေးတွေကပ်တာ ဒါမှမဟုတ် ဓာတ်ပုံလေးတွေချိတ်လိုက်တာက လွယ်ကူရိုးရှင်းသလောက် လှပတဲ့ ခရစ္စမတ်အငွေ့အသက်လေးရစေမှာပါ။
စားပွဲအလှဆင်ခြင်း
ကိုယ့်ရဲ့ စာကြည့်စားပွဲ၊ အလုပ်စားပွဲ၊ ဘယ်လိုစားပွဲပဲဖြစ်ဖြစ် ခရစ္စမတ်အငွေ့အသက်လေးရဖို့ဆိုရင်တော့ အလှဆင်စရာတွေ အများကြီးရှိပါတယ်။ အဲဒီထဲမှာမှ ဖယောင်းတိုင်လေးတွေနဲ့ အလွယ်တကူရနိုင်မယ်ဆိုရင် ထင်းရှူးသီးလေးတွေကတော့ မပါမဖြစ်ပါပဲ။ တခြား အရုပ်လေးတွေ၊ အလှဆင်ပစ္စည်းလေးတွေကိုလည်း အလွယ်တကူဝယ်လို့ရသလို စားပွဲတင်ခရစ္စမတ်သစ်ပင်လေးတွေလည်း ထားလို့ရပါသေးတယ်။
ဒါဆိုရင်တော့ ကိုယ့်အခန်းလေးထဲမှာ တစ်နိုင်တစ်ပိုင် အလှဆင်ရင်း ခရစ္စမတ်အငွေ့အသက်လေးကို ခံစားလို့ရပါပြီ။ ဒီအချိန်မှာ မီးဝါဝါလေးထွန်း၊ ချောကလက်နွေးနွေးတစ်ခွက်သောက်ရင်း ခရစ္စမတ်နဲ့ပတ်သက်တဲ့ ရုပ်ရှင်လေးတစ်ကားကြည့်လိုက်မယ်ဆိုရင်တော့ ဘဝရဲ့ နိဗ္ဗာန်တစ်ခု ဖြစ်သွားမှာ အသေအချာပါပဲနော်။
Comments