အလှလည်းထား ခူးလည်းစားလို့ရတဲ့ အပင်လေးများ

Posted in အိမ်မှုရေးရာ, အိမ်တွင်းအိမ်ပြင်အလှဆင်ခြင်း

ဒီနေ့ခေတ်မှာ အလှဆင်ဖို့ ရည်ရွယ်ချက်နဲ့ အိမ်တွင်းအပင်လေးတွေ စိုက်လာတာကို အိမ်တော်တော် များများမှာ တွေ့ရပါတယ်။ အပင်လေးတွေက အလှဆင်ဖို့အပြင် ကိုယ်ပိုင်အိမ်တွင်းဥယျာဥ်လေးဖန်တီးပြီး လတ်ဆတ်တဲ့ အသီးအရွက်တွေ ခူးယူစားသုံးနိုင်ဖို့လည်း အသုံးဝင်ပါသေးတယ်။ ဒါကြောင့် စိမ်းစိမ်းစိုစိုနဲ့ မျက်စိအေးစေတဲ့ အပြင် ခူးစားလို့လည်း ရတဲ့ အိမ်တွင်းအပင်လေးတွေကို ရွေးချယ်စိုက်ပျိုးနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

ငရုတ်ပင်

ငရုတ်ပင်တွေက အပင်ပုမျိုးဖြစ်လို့ စိုက်ရတာ နေရာမယူတဲ့အပြင် ငရုတ်သီးနီနီလေးတွေကလည်း အပင်စိမ်း စိမ်းလေးမှာ ကြည့်ရတာလည်း တော်တော်လှပါတယ်။ ငရုတ်ပင်က ပူနွေးတဲ့ ရာသီဥတုကို ကြိုက်ပြီး စိုက်ရတာ လည်း မခက်ခဲပါဘူး။ အောက်ခြေမှာ အပေါက်ပါတဲ့ အိုးတစ်လုံးထဲကို မြေဆွေးထည့်ပြီး ငရုတ်စေ့တွေကို ထည့် ပါ။ ငရုတ်စေ့ကို စိုက်ပျိုးရေးဆေးဆိုင်တွေမှာ ဝယ်လို့ရသလို အိမ်မှာရှိတဲ့ ငရုတ်သီးအမှည့်ထဲက အစေ့ကို လည်း အသုံးပြုနိုင်ပါတယ်။ အစိုဓာတ်ရအောင် ရေပုံမှန်လောင်းပေးပြီး အိုးထဲမှာ ရေမအိုင်နေဖို့ သတိပြုပေးပါ။ ရေအိုင်နေရင် အစေ့တွေပုပ်ကုန်မှာဖြစ်လို့ အပင်မပေါက်တော့ပါဘူး။ အိုးကို အလင်းရောင်ရတဲ့နေရာမှာထားပြီး ငရုတ်ပင်ပေါက်လေးတွေထွက်လာရင် နေရာမကြပ်စေဖို့ အိုးခွဲပြီး စိုက်ပေးပါ။ အကောင်းဆုံးကတော့ တစ်အိုးကို တစ်ပင်စိုက်တာပါပဲ။

ပင်စိမ်း

ဟင်းခတ်အမွှေးအကြိုင်အဖြစ် ဟင်းပွဲများစွာမှာ အသုံးဝင်တဲ့ ပင်စိမ်းက ဈေးက ဝယ်လာခဲ့ပြီးရင် အချိန်ကြာ ကြာ အထားမခံပါဘူး။ အသုံးပြုခါနီးမှ အပင်က လတ်လတ်ဆတ်ဆတ်ခူးပြီး ဟင်းအိုးထဲ ထည့်လိုက်ရတာကို အိမ်ရှင်မတိုင်း ကြိုက်နှစ်သက်ကြပါတယ်။ ပင်စိမ်းတစ်ပင်ကို အိုးလေးနဲ့စိုက်ပြီး မီးဖိုခန်းမှာ ထားမယ်ဆိုရင် လိုတဲ့အချိန် လိုသလောက်ခူးနိုင်တဲ့အပြင် အညွန့်တလူလူနဲ့ စိမ်းစိမ်းစိုစိုအပင်လေးကို ကြည့်ပြီး ကြည်နူးနိုင်ပါ သေးတယ်။ ရေစီးရေလာကောင်းတဲ့ မြေအမျိုးအစားကို ကြိုက်လို့ ပင်စိမ်းစိုက်မယ့်အိုးကို အောက်ခြေမှာ အပေါက်လေးတွေပါတဲ့ အိုးမျိုး ရွေးဝယ်ပါ။ မြေဆွေးထဲမှာ ပင်စိမ်းစေ့လေးတွေကို ထည့်စိုက်ပြီး အစိုဓာတ်မ ပြတ်အောင် ရေပုံမှန်လောင်းပေးပါ။ အစေ့လေးတွေအညှောင့်ပေါက်လာရင်တော့ အိုးခွဲစိုက်ပေးလို့ရပါပြီ။ စျေးထဲက ဝယ်လာတဲ့ အမြစ်ပါတဲ့ပင်စိမ်းပင်တွေကိုလည်း အိုးထဲ ထိုးစိုက်ပေးလို့ရပါတယ်။ ပင်စိမ်းကို နေရောင်ကောင်းစွာရတဲ့နေရာမှာထားပြီး ရေပုံမှန်လောင်းပေးရင် ကောင်းကောင်းရှင်သန်နိုင်လို့ လိုအပ်တဲ့ အခါမှာ ခူးယူအသုံးပြုနိုင်ပါပြီ။

ပူစီနံ

ပူစီနံလေးတွေက မွှေးမွှေးလေးနဲ့ စားလို့ကောင်းရုံမကဘဲ သူ့ရဲ့ မြေမှာကပ်ပေါက်တဲ့ပုံစံနဲ့ အရွက်ပုံစံလေးတွေက ချစ်စရာကောင်းလို့ အိုးလှလှလေးနဲ့ ထည့်စိုက်လိုက်မယ်ဆိုရင် စိမ်းမြမြနဲ့ အခန်းကို လှသွားစေမှာ အသေအချာ ပါပဲ။ ပူစီနံကို ပျိုးပင်ပဲဖြစ်ဖြစ်၊ အမြစ်ထွက်နေတဲ့ကိုင်းကိုဖြတ်ပြီးဖြစ်ဖြစ် စိုက်ပျိုးနိုင်ပါတယ်။ နေရောင်လုံလုံ လောက်လောက်ရတဲ့ မြေကြီးစိုစိုကို ကြိုက်တဲ့ ပူစီနံပင်တွေက အုံထူထူနဲ့ ပွားလွယ်တာကြောင့် ချစ်စရာအပင် အုပ်အုပ်လေးအဖြစ် အလှလည်းထား၊ ခူးလည်းစားလို့ရတာကြောင့် အိမ်မှာစိုက်ထားသင့်တဲ့ အပင်လေးပါပဲ။

ခရမ်းချဥ်ပင်

အိမ်ရှေ့ ဒါမှမဟုတ် အိမ်နောက်ဝရန်တာမှာ တနိုင်တပိုင်စင်ကလေးထိုးပြီး ခရမ်းချဥ်သီးနီနီလေးတွေ သီးနေ မယ်ဆိုရင် ကြည့်ရတာလည်း လှရှိပြီး လတ်လတ်ဆတ်ဆတ်လည်း ခူးစားလို့ရတာပေါ့။ ခရမ်ချဥ်သီးအမှည့် ကနေ အစေ့တွေကို ယူနိုင်ပြီး အခြားအပင်တွေပျိုးသလိုပဲ စိုက်ပျိုးနိုင်ပါတယ်။ သူ့ရဲ့ပင်စည်က အနည်းငယ်ပျော့ တာကြောင့် ခရမ်းချဥ်ပင်ကို ဝါးချောင်းလေးနဲ့ တွဲချည်ပေးတာမျိုး၊ တွယ်တက်စရာ စင်ကလေးထိုးပေးထားမျိုး လုပ်ပေးဖို့တော့ လိုပါတယ်။ မြန်မာနိုင်ငံမှာ ခရမ်းချဥ်သီးကို ဟင်းအမျိုးမျိုးချက်ပြုတ်ရာမှာ အသုံးပြုကြပြီး လက်ဖက်သုပ်နဲ့ အခြားအသုပ်တော်တော်များများမှာလည်း ခရမ်းချဥ်သီးက မပါမဖြစ်ပါပဲ။ ခရမ်းချဥ်သီးကို ကိုယ်တိုင်စိုက်ပျိုးမယ်ဆိုရင် လတ်လတ်ဆတ်ဆတ်စားသုံးနိုင်ပြီး ကိုယ်တိုင်စိုက်ပျိုးစားသုံးခြင်းကနေရတဲ့ ပီတိ ကိုလည်း ခံစားရမှာမို့ ခရမ်းချဥ်ပင် အိမ်မှာစိုက်ပျိုးဖို့က အကြံကောင်းတစ်ခုပါပဲ။

ကြက်သွန်မြိတ်

ကြက်သွန်မြိတ်ကလေးတွေက ချစ်စရာကောင်းပြီး စိုက်ရတာလည်းလွယ်တယ်၊ နေရာလည်း များများစားစား မလိုတာကြောင့် အလုပ်စားပွဲပေါ်မှာ အလှစိုက်အပင်လေးတွေအနေနဲ့တောင် တင်စိုက်ကြတာ တွေ့ဖူးမှာပါ။ ကြက်သွန်နီဥလေးတွေရဲ့ ထိပ်ကိုဖြတ်ပြီး ရေထည့်ထားတဲ့ ဖန်ခွက်တစ်ခုပေါ်မှာ ရေကိုထိတယ်ဆိုရုံလေး တင်ထားမယ်ဆိုရင် (၂) ရက်၊ (၃) ရက်နေရင် အမြစ်လေးတွေရှည်လျားလာပြီး အညှောင့်စိမ်းစိမ်းလေးတွေ ထွက်လာပါပြီ။ ဖန်ခွက်ပေါ်မှာပဲဆက်ထားထား၊ မြေအိုးလေးထဲပဲ ရွှေ့စိုက်စိုက် ကောင်းကောင်းရှင်သန်နိုင်ပါပြီ။ ကိုယ်တိုင်စိုက်ထားတဲ့ စိမ်းစိမ်းစိုစို ကြက်သွန်မြိတ်လေးတွေကို စွတ်ပြုတ်ထဲ၊ အသုပ်ထဲ စသဖြင့် ထည့်စားလို့က်ရင် ပိုအရသာကောင်းမွန်သွားမှာပါ။

 

ဆလပ်ရွက်ပင်

အစိမ်းဖျော့ဖျော့အရွက်ဖားဖားတွေနဲ့ ကြည့်ရတာ မျက်စိပဒဿရှိတဲ့ နောက်ထပ်အပင်လေးတစ်ခုကတော့ ဆလပ်ပင်ပဲ ဖြစ်ပါတယ်။ ဆလပ်ရွက်တွေက ပုံစံလေးတင်ချစ်စရာကောင်းတာမဟုတ်ဘဲ စားလို့လည်း ကောင်း ပါတယ်။ ရေမဝပ်တဲ့ မြေကြီးမှာ နွားချေး/ မြေဆွေးနိုင်နိုင်ထည့်ပြီး မျိုးစေ့(သို့) ပျိုးပင် စိုက်ပျိုးနိုင်ပါတယ်။ ဆလပ်ပင်က ရေဝပ်တာကို မကြိုက်ပေမယ့် အစိုဓာတ်လိုအပ်တာကြောင့် မြေကြီးခြောက်မသွားအောင် မကြာ ခဏ ရေလောင်းပေးဖို့ လိုအပ်ပါတယ်။ ဆလပ်ပင်က အပူချိန် (၁၂-၁၅) ဒီဂရီအတွင်းမှာ ကောင်းစွာ ရှင်သန်နိုင် တာကြောင့် အေးတဲ့ရာသီဥတု၊ အေးတဲ့ ဒေသတွေမှာ စိုက်ပျိုးဖို့ ပိုသင့်တော်ပါတယ်။ ဆလပ်ရွက်ကို ကြော်ပြီး တော့ဖြစ်စေ၊ အသုပ်ဖြစ်စေ၊ အခြားမုန့်များနဲ့တွဲပြီးဖြစ်စေ ပုံစံမျိုးစုံ စားသုံးနိုင်ပါတယ်။

Rose Mary Plant 

ဟင်းခတ်အမွှေးအကြိုင်အဖြစ် လူသိများတဲ့ Rose Mary ပင်လေးတွေက အရွက်သေးသေးနဲ့ ခြုံပုတ်လေးလို စိမ်းစိုနေလို့ အလှစိုက်အပင်အနေနဲ့လည်း ထားလို့ရပါတယ်။ Rose Mary ပင်ကို ရေဆင်းကောင်းတဲ့ မြေမှာ စိုက်ပျိုးပြီး အလင်းရောင်နဲ့ နေရောင် ကောင်းစွာရတဲ့နေရာမှာ ထားပေးဖို့ လိုအပ်ပါတယ်။ Rose Mary ပျိုးပင် (သို့) မျိုးစေ့ဝယ်ယူပြီး စိုက်ပျိုးနိုင်ပါတယ်။ Rose Mary တစ်ပင် အိမ်မှာရှိတယ်ဆိုရင် အသားဟင်းတွေ ချက်တဲ့အခါ လတ်လတ်ဆတ်ဆတ် ခူးထည့်လိုက်ရုံပါပဲ။

အပင်လေးတွေကို စိုက်ပျိုးထားမယ်ဆိုရင် သင့်အိမ်လေးက စိမ်းစိမ်းစိုစိုနဲ့ အသက်ဝင်နေမှာပါ။ ပြီးတော့ လတ်ဆတ်တဲ့ အသီးအနှံတွေ ကိုယ့်လက်နဲ့စိုက်ပြီး ကိုယ်တိုင်ခူးစွတ်စားနိုင်တဲ့ အရသာကိုလည်း ခံစားနိုင်ပါသေး တယ်။ အပင်စိုက်တာက သင့်ရဲ့ အားလပ်ချိန်တွေကို အကျိုးရှိရှိအသုံးပြုနိုင်ပြီး စိတ်ဖိစည်းမှု လျော့ကျစေတဲ့ ဝါသနာတစ်ခုလည်း ဖြစ်ပါသေးတယ်။ အိမ်တွင်းအပင်လေးတွေကနေ မီးဖိုချောင်အထိ အသုံးဝင်ချင်ရင်တော့ အခုဖော်ပြထားတဲ့ အပင်လေးတွေကနေ စမ်းစိုက်ကြည့်လိုက်တော့နော်။


Share

Comments

Khin Myat Thu

အပင်စိုက်မကျွမ်းကျင်ပေမယ့်မီးဖိုဆောင်အတွက်လိုအပ်တဲ့အပင်လေးတွေစိုက်ချင်နေတာမို့အိမ်ရှင်မတွေအတွက်အထူးသင့်တော်တဲ့ဆောင်းပါးလေးပါဖတ်ကြည့်ချင်တာရှာရင်းဖတ်ချင်တာတွေအများကြီးမို့တနေ့နဲနဲစီဝင်ဖတ်ပါအုံးမယ်စာဖတ်အားနည်းသောမိမိစာဖတ်ဖြစ်အောင်ရှဲပေးပါသောMPbyCMအားကျေးဇူးပါအများကြီးရောင်းကောင်းပါစေ🙏

Related Posts